Monday, December 20, 2010

တွေးခေါ်ခြင်း အနုပညာ

0 comments
ဒီနေ့ ကျွန်မ နာလန်ထစ... အစောပိုင်းကတော့ စာနည်းနည်းပါးပါးဖတ်ပြီး နားနားနေနေ နေမယ်လို့ စိတ်ကူး ထားတယ်။ ဒါပေမဲ့ ကျွန်မ ဟိုဟိုဒီဒီ လျှောက်ဖတ်မိရင်း ယခင်တည်းက ခေါင်းထဲမှာ ရောက်နေတဲ့ အကြောင်း အရာကို ချရေးချင်စိတ် ပေါ်လာမိတယ်။ အမှန်တော့ ကျွန်မ မြန်မာနိုင်ငံ၏ အနှစ်သာရကို ရေးရမှာပါ။ ဒါပေမဲ့ ခေါင်းထဲမှာ ဖြစ်တည်နေတဲ့ အကြောင်းအရာတခုကို အရင် ရှင်းချလိုက်ချင်လို့ ဒီစာလေးကို ရေးသားဖြစ်ပါ တယ်။


အနုပညာ...

အချို့ကတော့ နူးညံ့သိမ်မွေ့တဲ့ပညာ အနုပညာလို့လဲ သတ်မှတ်ကြတယ်။ ကျွန်မ နားလည်ထားတာကတော့ အနု - အနုစိပ်၊ အသေးစိပ်ဆန်သော၊ ပညာ - ပညာသားပါပါနှင့်၊ လို့ နားလည်ထားပြီး အနုပညာကိုတော့ - တစုံတခုကို အနုစိပ်အသေးစိပ် ပညာသားပါပါနဲ့ ပြုလုပ်ခြင်းလို့ မှတ်ယူထားပါတယ်။ ပန်းချီကားနဲ့ပဲ ဥပမာပေးပါမယ်။ တခါတရံကျ ပန်းချီကားတချပ်ကို ကြည့်လိုက်တဲ့ အခါ ထိတ်လန့်စိတ်ဖြစ်စေတယ်။ တခါတရံကျ ပန်းချီကားတချပ်ဟာ အေးချမ်းမှုကို ဖြစ်စေတယ်။ တခါတရံကျတော့လဲ လွမ်းမောဖွယ်ပေါ့။ အဲဒီလို ပန်းချီကားကို ကြည့်ရင်း စိတ်ထဲမှာ တကယ်ခံစားလိုက်ရတာမျိုးကို အနုပညာမြောက်လိုက်တာ လို့ ကျွန်မတို့ ပြောကြတယ်။ ဒါကြောင့် အနုပညာဆိုတာ နူးညံ့သိမ်မွေ့တဲ့ အနု ထက်.. အနုစိပ် အသေးစိပ် ဆိုတဲ့ အနုလို့ ကျွန်မ သတ်မှတ်ထားမိတာပေါ့။ ဒါကြောင့် အခု ကျွန်မ ပြောချင်တာဟာ ဘာဖြစ်မလဲဆိုတာ စာဖတ်သူ မိတ်ဆွေတို့ သဘော သိလောက်ပါပြီ။


တွေးခေါ်ခြင်း အနုပညာ ------


ကျွန်မကတော့ တွေးခေါ်ကြတဲ့ နေရာမှာ အနုပညာမြောက်ချင်တယ်။ ဒါပေမဲ့ ကျွန်မရဲ့ အတွေးအခေါ် အယူအဆတိုင်းဟာ အနုပညာ မြောက်ပါတယ်လို့တော့ ကျွန်မ မပြောဝံ့ပါဘူး။ ဖန်တီးလိုက်သူကတော့ မိမိ ဖန်တီးလိုက်တဲ့ အနုပညာတရပ်ကို နှစ်သက်ကောင်း နှစ်သက်ပေမဲ့ တကယ် အနုပညာ မြောက်မမြောက် ကိုတော့ တွေ့ရှိရတဲ့ လူတွေက သတ်မှတ်ကြရမှာပါ။ ဒါကြောင့် ကျွန်မ ဖန်တီးတဲ့ အတွေးအခေါ်တွေကိုတော့ ဆောင်းပါးလေးတွေ အဖြစ် စုစည်းပြီး ကျွန်မရဲ့ စာကို ဖတ်ရှုသူတွေဆုံးဖြတ်ဖို့ ကျွန်မ ပေးအပ်ထား ပါတယ်။ ဒါနဲ့အတူ ကျွန်မကိုယ်တိုင် အနုပညာ မြောက်တဲ့ အတွေးအခေါ်တွေ ဖန်တီးချင်သူ ဖြစ်တဲ့အလျောက် အများရဲ့ အတွေး တွေကိုလဲ ကျွန်မ လိုက်ကြည့်မိတယ်။ ဒီမှာပဲ စပြီးတော့ကို တွေ့ပါပြီ.. လွတ်လပ်တဲ့ အတွေး အခေါ်များ............................

လွတ်လပ်တယ်ဆိုတာကို မကြိုက်တဲ့ သတ္တဝါ ဘယ်မှာများ ရှိမလဲ။ လူမှ မဟုတ်.. ခွေးလေးတွေ ကြောင်လေးတွေ ငါးလေးတွေက အစ လွတ်လွတ်လပ်လပ် နေချင်ကြတယ်။ လွတ်လွတ်လပ်လပ် ပျော်ချင် တာပေါ့။ တွေးတတ် စဉ်းစားတတ်တဲ့ လူတွေကတော့ လွတ်လပ်စွာ တွေးခေါ်စဉ်းစားချင်ကြတယ်။ ဒါဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပညတ်လောကရဲ့ သစ္စာတရားတခုပါပဲ။ ဒါကို ငြင်းလို့ ပယ်လို့ မရပါဘူး။ အနုပညာ မြောက်စွာ တွေးခေါ်နိုင်ဖို့အတွက် နံပါတ်(၁) အခြေခံအုတ်မြစ်လို့ ပြောရင်လဲ မှားမယ်မထင်ပါဘူး။ ဒါကို ပန်းချီကား တချပ် ဆွဲဖို့ရန် အဖြူရောင် နောက်ခံစက္ကူအဖြစ် သတ်မှတ်ကြတာပေါ့။


လွတ်လပ်တာ များလာတဲ့အခါ


လွတ်လပ်စွာ တွေးခေါ်မှု တခုတည်းနဲ့တော့ အနုပညာမြောက်တဲ့ အတွေးအခေါ်ကို ပိုင်ဆိုင်နိုင်မှာ မဟုတ် သေးပါဘူး။ တခါတလေကျ အခြေခံအုတ်မြစ်ကနေ မတက်လာနိုင်တော့တဲ့အခါ.. အဲဒီ့အခြေခံအုတ်မြစ်ဟာ တဖြေးဖြေး ယိုယွင်းသွားပြီး.. လွတ်လပ်ကနေ လစ်လပ် ဖြစ်သွားတတ်တယ်။ လွတ်လပ်ဆိုတဲ့ စကားလုံးကို ကျွန်မတို့ ထပ်ခါထပ်ခါရွတ်လို့ မောတဲ့အထိ ရွတ်လိုက်မိတဲ့အခါမှာ လစ်လပ်ဆိုတဲ့ အသံ ပေါ်လာတတ်တာကို ရွတ်ဖူးမယ်ဆို သိမှာပါ။ ဒါကြောင့် လွတ်လပ်တဲ့ အတွေးအခေါ်အဆင့်မှာတင် ရပ်ထားလိုက်မယ်ဆိုရင်တော့ လစ်လပ်တာမျိုး ဖြစ်သွားပါလိမ့်မယ်။


ထိပ်တိုက်တွေ့ လို့ တိုက်မိပြိ


လွတ်လပ်ပါများ.. လစ်လပ်လာတဲ့အခါ ကျွန်မတို့ အချို့သောအရာတွေနဲ့ ထိပ်တိုက် တွေ့မိတတ်ပါတယ်။ ဘာလဲဆိုတော့ကာ ပထမဆုံးသော မေ့ပျောက်ထားလို့ မရနိုင်တဲ့ ယဉ်ကျေးမှု။ ငါတို့က လွတ်လပ်စွာ တွေးခေါ် တယ်။ ဘယ်သူ့ အနှောင်အဖွဲ့မှ မခံဘူး။ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်မယ်ဆိုတဲ့အခါ လူမျိုးတိုင်းမှာ ရှိတဲ့ ယဉ်ကျေးမှုတွေကို ထိခိုက်လာစေပါတယ်။ မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးမှာက အခုမှ စတင်ကြုံရတုန်းပါ။ အချို့ သောနိုင်ငံတွေမှာတော့ အဲလိုကြုံပြီးလို့ ယဉ်ကျေးမှုတွေပါ အရောင်ပြောင်းလဲသွားခဲ့ပါပြီ။ လွတ်လပ်စွာ နေထိုင်မှု၊ လွတ်လပ်စွာ ပြောဆိုမှု အားလုံးရဲ့ အစဟာ အတွေးအခေါ်ပါ။ အတွေးအခေါ်ကို လွှတ်ချင်သလို လွှတ် လွတ်ချင်သလို လွတ်စေမယ်ဆိုရင် အဲဒီ့အတွေးအခေါ်ဟာ အရာအားလုံးကို အရောင်ဆိုးသွားမယ်ဆိုတာ သတိချပ်ရပါမယ်။ အဲလိုမှ မဟုတ်ရင်တော့ ယဉ်ကျေးမှုတွေနဲ့ ထိပ်တိုက်တွေ့ရင်း တိုက်မိကြလို့ ဘယ်ဟာက လဲပြိုမလဲဆိုတာ ကျွန်မတို့ သိနိုင်တော့မှာ မဟုတ်ပါဘူး။


အနုစိပ်သဘော


ဆိုခဲ့ပြီးတဲ့အတိုင်း လွတ်လပ်စွာ တွေးခေါ်မှုဟာ အုတ်မြစ်၊ အဲဒီ့အုတ်မြစ်ကို ခိုင်မြဲဖို့ ဘာတွေနဲ့ တည်ဆောက်ရမလဲဆိုတဲ့ အနုစိပ် ဆက်သွားကြရအောင်။ ဒုတိယအဆင့်မှာ ယဉ်ကျေးမှုနဲ့ ထပ်တည်ရပါဦး မယ်။ ယဉ်ကျေးမှုဟာ လူမျိုးတိုင်းရဲ့ အခရာကျပါတယ်။ ပထမအဆင့် လွတ်လပ်စွာ တွေးခေါ်မှုဟာ ဘယ်လူမျိုး ဘယ်ယဉ်ကျေးမှုကမဆို အုတ်မြစ်အဖြစ် သုံးနိုင်ပြီး.. ယဉ်ကျေးမှု စည်းမျဉ်း စည်းကမ်းတွေကတော့ ကိုယ့်ယဉ်ကျေးမှုရဲ့ အနေအထားအလိုက် ထည့်သွင်းရပါလိ့မ်မယ်။ အမှန်တော့ ယဉ်ကျေးမှုက တွေးခေါ်မှု တွေကို ချုပ်နှောင်ထားတာ မဟုတ်ရပါဘူး။ ဘယ်နေရာမဆို စည်းမျဉ်းစည်းကမ်းဆိုတာ ရှိရတတ်စမြဲပါ။ လူမှု့ဘောင်ကို ကျော်လွန် မသွားစေနိုင်ဖို့ ဘယ်နေရာမဆို ရှိထိုက်တာပါ။ ယဉ်ကျေးမှုဆိုတာဟာလဲ လူမျိုးတမျိုးကို အဲဒီ့လူမျိုးဖြစ်တယ်လို့ သတ်မှတ် နိုင်ဖို့ အတွက် ချမှတ်ထားတဲ့ စည်းမျဉ်းတခုဖြစ်တဲ့အတွက် ဘယ်အရာကိုပဲ လုပ်မယ်လို့ စဉ်းစားပါစေ...ယဉ်ကျေးမှုကို ဦးစားပေးရပါမယ်။

ဒါဟာ ကျွန်မတို့ ပန်းချီချယ်မယ့် စုတ်တံလေးပါ။နောက်ထပ်တဆင့်က အခြေအနေကို သိနားလည်ရပါမယ်။ အခြေအနေကို တိကျစွာမသိဘဲ တသမတ်တည်းသော နည်းလမ်းနဲ့ တွေးနေမယ်ဆိုရင်လဲ အဲဒါဟာ အနုစိပ် မဆန်လှပါဘူး။ အခြေအနေကို သိနားလည်မှုဟာ အနီရောင်ပါ။ အခြေအနေကို သိနားလည်ပြီးတဲ့ နောက်မှာ တော့ အချိန်အခါဆိုတာက ရှိပါသေးတယ်။ အခု ဘယ်အချိန်လဲ။ ဘယ်အခါလဲဆိုတာ သိနားလည်ဖို့လဲ လိုအပ် ပါတယ်။ ကျွန်မဆို ပဒေသရာဇစ်နစ်ကို အင်မတန် ကြိုက်နှစ်သက် ပါတယ်။ ဒါပေမဲ့ ကျွန်မ စာရေးတဲ့အခါမှာ ပဒေသရာဇ်ရဲ့ လွှမ်းမိုးမှုက ကင်းဝေးအောင် ရေးပါတယ်။ ဒီကနေ့ ဒီအချိန်ဟာ သက်ဦးဆံပိုင် ဘုရင် ဧကရာဇ်ခေတ် မဟုတ်တော့တဲ့အတွက် ကျွန်မရဲ့ ဖန်တီးမှုတွေကိုလဲ အချိန်အခါနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ထားပါတယ်။ ဒါကတော့ အပြာရောင်ပါပဲ။ အခု ကျွန်မတို့ အရောင်တရောင် ကျန်နေပါသေးတယ်။ အဲဒါဟာ အဝါရောင်။ အဝါရောင်ဟာ ဘာလဲ.. ဗဟုသုတတွေပေါ့။ တနည်းအားဖြင့် ပညာလို့လဲ ခေါ်ပါတယ်။ အဲဒီ့ပညာဟာ အတန်းပညာ၊ နာမည်ကြီးတက္ကသိုလ်တွေက ယူလာတဲ့ ဘွဲ့လက်မှတ်ထဲက ပညာ.. အဲလိုပညာတွေတော့ မဟုတ်ရပါဘူး။ အဲဒီ့ဗဟုသုတပညာဆိုတာ သုံးသပ်ဆင်ခြင်နိုင်တဲ့ စွမ်းရည်ဖြစ်ပါတယ်။ ဒီစွမ်းရည်ဟာ ထိပ်ဆုံးမှာ ရှိနေပါတယ်။ အဲဒီ့စွမ်းရည်ကို ရရှိဖို့ဆိုတာ ပထမအဆင့် ၄ ဆင့်ကို ခိုင်မာအောင် တည်ဆောက်လာခဲ့ဖို့ အင်မတန်အရေးကြီးပါတယ်။ ပထမ ၄ဆင့် မခိုင်မာရင်တော့ နောက်ဆုံး အဆင့်ကို ရောက်နိုင်မှာ မဟုတ်ပါဘူး။ ကဲ အခု ကျွန်မတို့ အနုပညာတခု ဖန်တီးဖို့ လိုအပ်တဲ့ပစ္စည်းတွေ လက်ထဲရနေ ပါပြီ။ စက္ကူအဖြူဖြစ်တဲ့ လွတ်လပ်တဲ့ အတွေးအခေါ်၊ စုတ်တံဖြစ်တဲ့ ယဉ်ကျေးမှု၊ အနီရောင်ဖြစ်တဲ့ အခြေအနေကို သိတတ်မှု၊ အပြာရောင်ဖြစ်တဲ့ အချိန်အခါကို နားလည်မှု၊ နဲ့ အဝါရောင် ဖြစ်တဲ့ ဆင်ခြင်သုံးသပ်နိုင်တဲ့ ပညာဗဟုသုတပြည့်စုံမှု၊ အဲဒီ့ အရာတွေ ရှိပြီဆိုမှတော့ ကျွန်မတို့ရဲ့ ကိုယ်စီကိုယ်စီ ကျွမ်းကျင်မှုအရ အရောင်တွေ စပ်လို့ ပန်းချီကားကောင်းကောင်း တချပ်ကို ဆွဲနိုင်ပြီပေါ့...။


ပန်းချီကားတချပ်ကို အနုပညာမြောက်ဖို့ အဓိက အရောင်(၃)မျိုး၊ စက္ကူဖြူနဲ့ စုတ်တံတွေ လိုအပ်သလို တွေးခေါ်တဲ့အခါမှာလဲ အနုပညာမြောက်စေဖို့ အချက် (၅) ချက် လိုအပ်ပါတယ်။


အနုပညာမြောက်ပြီ.....


လူတိုင်းသာ အနုပညာမြောက်အောင် တွေးခေါ်ကြရင် ဘယ်လောက်ကောင်းလိုက်မလဲ။ အဖြူရောင် စက္ကူတခုတည်းကတော့ ဘယ်လိုမှ ကြည့်လို့ လှနိုင်မယ့် ပုံရိပ် ဖြစ်မလာနိုင်ပါဘူး။


ကဲ.. ကျွန်မလဲ အနုပညာတခု ဖန်တီးလိုက်ပြီ....။ အနုပညာ မြောက်မမြောက်တော့ စာဖတ်သူတွေပဲ မှတ်ချက်ပေးကြပါတော့။



စဝ်နန်းမွန်


(စာရေးပြီးပြီးချင်း ကျွန်မရဲ့ အနီးစပ်ဆုံးသော သူက မှတ်ချက်ပေးပါတယ်။ သူ နားလည်ပါတယ်။ ဒါပေမဲ့ လူတိုင်းတော့ နားလည်ဖို့ မလွယ်ဘူးတဲ့။ ဒါကြောင့် ဖတ်လို့နားမလည်ရင်.. အချိန်ရလို့ရှိရင်တော့ တကြောင်းချင်းစီ ဖတ်ပြီး စဉ်းစားစေ့ချင်ပါတယ်။ လက်တွေ့ ကျကျစဉ်းစားပြီး လက်ခံယူတာက ပိုပြီး သင့်လျော်ပါလိမ့်မယ်။ အများစုကတော့ ပြောပါလိမ့်မယ်တဲ့.. စောနန်းမွန်က Liberal တယောက် မဟုတ်ဘဲ Conservative တယောက်လို့ ဝေဖန်ကြပါမယ်တဲ့။ ဒါတော့ စောနန်း မပြောတတ်တော့ဘူး။ စောနန်းရဲ့ အနုပညာကို ကြည့်ရှုပေးကြတဲ့ စာဖတ်သူများကို ကျေးဇူးတင်ရှိကြောင်းသာ ပြောချင်ပါတယ်။



Thursday, December 16, 2010

ပြောသင့်လို့ ပြောရပါတယ်

0 comments
ဟိုတလောရက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာတယ်။ အဲဒီ့အချိန်မှာ အတော်များများ အထူးသဖြင့် လူငယ်တွေဟာ ဝမ်းမြောက်ဝမ်းသာနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံပေးဖို့ ဆုံးဖြတ်လိုက် ကြပုံတွေ တွေ့ရတယ်။ နိုင်ငံရေးခေါင်းဆောင်တယောက်ကို အဲဒီ့လို လူငယ်တွေ ဝန်းရံမယ် ဆိုတာ အင်မတန်မှ ဝမ်းမြောက်ဖွယ်ရာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် လုပ်သင့်တဲ့ အလုပ်တွေနဲ့ ပတ်သက်ပြီး ပြောဆိုကြတယ်။ စုံလို့ပေါ့…။ ပြန်လည်သင့်မြတ်ရေး၊ ရင်ကြားစေ့ရေး၊ ဒီမိုကရေစီရေး စသဖြင့်တွေ…။ အဲဒီ့ထဲမှာ ဒီမိုကရေစီလိုလားသူများကြားထဲမှာ ငြင်းခုံမှုသဖွယ် ဖြစ်ပေါ်လာတာက စီးပွားရေးပိတ်ဆို့မှုကို ရပ်တန့်ဖယ်ရှားရေး… ဒီကိစ္စအတွက် အင်မတန်မှ ငြင်းခုံလိုက်ရဟန်ပဲ။ ငြိမ်းချမ်းရေး လမ်းရဲ့ စာမျက်နှာမှာလဲ အဲဒီ့ အလုပ်ကို ဦးဆုံး လုပ်ဆောင်ပေးဖို့ တောင်းဆိုတဲ့ စာတိုလေး ရေးတင်ခဲ့ပါတယ်။ အဲဒီ့မှာ လမ်းကြောင်းနဲ့လွဲပြီး မထိတထိ ပြောတာလေးတွေကို မြင်တွေ့လိုက်တဲ့အခါ ခေါင်းထဲမှာ အတွေး တော်တော်များများပေါ်ပေါက်လာခဲ့တယ်။ အမှန်တော့ ခုနေအချိန်ဟာ မျိုးဆက်သစ် လူငယ်တွေကနေ လူကြီး တွေကို မိမိတို့ဖြစ်စေချင်တဲ့ ပုံစံကို ပြောပြတောင်းဆိုရမယ့်အချိန်.. ဒါပေမဲ့ အခြေအနေက နည်းနည်းလေး ချော်ချင်သလို ဖြစ်နေတဲ့အတွက် လူငယ်အချင်းချင်း အရင်ဦးဆုံး ပြောဆိုကြ ရအောင်ပါ။



ပထမဦးဆုံးအချက်က ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိမှာ အတိုက်အခံ ပါတီခေါင်းဆောင်နေရာမှာ ရှိနေ ပါတယ်။ ပြည်သူတွေရဲ့ ဆန္ဒကို သူမက ဦးဆောင်ပြီး ယူငင်ပေးရမယ်လို့ ပြောရင်လဲ မမှားပါဘူး။ ဘယ်သူမှ ပေးတဲ့တာဝန်မဟုတ်ဘဲ သူမရဲ့ အသိစိတ်နဲ့ သူမ ယူငင်ခဲ့တဲ့ တာဝန်ပါပဲ။ ဒီအချိန်မှာ သူမ ပထမဆုံး သိရမှာက လူထုရဲ့ အသံစစ်စစ်ကိုပါ။ သူမကို မြှောက်ပင့်တဲ့စကားတွေမဟုတ်ပါဘူး။ သူမကို ယုံကြည်ကိုးစားကြတာဟာ မဆိုးပေမဲ့ သူမကို အခြေအနေတွေ ပြောမပြ မသိစေဘဲ.. အမေစု၊ အန်တီစု အဲဒီ့လို မြှောက်နေတာဟာ သူမအတွက်ရော နိုင်ငံအတွက်ကိုပါ ကောင်းကျိုးမရှိစေပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးပြည့်စုံတဲ့ လူတယောက် မဟုတ်ဘူးဆိုတာ အထူးတလည် ပြောစရာမလိုပါဘူး။ ဒေါ်အောင်ဆန်းစုကြည်မှမဟုတ်ပါဘူး။ ပုထုဇဉ်မှန်သမျှ အကုန်လုံးဟာ မပြည့်စုံသေးပါဘူး။ အတွေးအခေါ် ဆိုတာ မှားတတ်ပါတယ်။ အခြေအနေမှန်ကို အပြည့်အဝ မသိရဘဲ တွေးတဲ့အတွေးက ပိုလို့ မှားတတ်ပါတယ်။ ဒါကြောင့် အခြေအနေမှန်ကို လက်သင့် ရာမဟုတ်တဲ့ လူတွေဆီကနေ သူမကိုယ်တိုင်ကိုယ်ကျ ကြားသိရအောင် စီစဉ်ပေးသင့်ပါတယ်။ လက်ရှိ တပ်မတော်အစိုးရကို မုန်းတီးတဲ့ ဒေါသနဲ့ စကားတွေကို အပိုတွေလဲ မဖြစ်ရအောင် ပြောသင့်ပါတယ်။ ပြီးတဲ့နောက်မှာ ကိုယ်တွေဖြစ်စေချင်တဲ့ဆန္ဒတွေကိုလဲ ပြောရပါမယ်။ မြန်မာနိုင်ငံဟာ ဒေါ်အောင်ဆန်းစုကြည် အပိုင်မဟုတ်တဲ့အတွက် နိုင်ငံရဲ့ အကောင်းအဆိုးဒဏ်ကို အတူတကွ ယူရမယ့် ပြည်သူပြည်သားတွေမှာ ပြောဆိုခွင့် အပြည့်ရှိပါတယ်။ အဓိက အရေးအကြီးဆုံးက ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေ လျှော့ထားဖို့ပါ။ နိုင်ငံအကျိုးကို ဦးဆောင်သွားမယ့် လူတယောက်ကို အမှားအသိတွေပေးပြီး အမှားတွေးအောင် မလုပ်စေချင်ပါဘူး။


ဒီပို့စ်မှာ အဓိက ဦးစားပေးရေးချင်တာက စီးပွားရေးပိတ်ဆို့မှုကိစ္စဆီကိုပါ။ စီးပွားရေးပိတ်ဆို့မှု မတိုင်ခင်က အနေအထားဆီကို ပြန်ကြည့်ချင်ပါတယ်။ ၁၉၉၆ အစောပိုင်းကာလ မြန်မာနိုင်ငံမှာ စီးပွားရေး ရင်းနှီးမြှပ်နှံမှု တွေ အားကောင်းတဲ့ကာလ၊ အဲဒီ့ကာလမှာ မပျင်းမရိနဲ့ လုပ်ကိုင်စားသောက်နေသူတွေ အားလုံးလိုလိုဟာ လူလတ်တန်းစားတွေအဖြစ်နဲ့ စားနိုင်သောက်နိုင်နေနိုင်ခဲ့ကြပါတယ်။ စီးပွားရေး ရင်းနှီးမြှပ်နှံမှုတွေရဲ့ အကျိုးဆက်ဟာ အစိုးရတရပ်အတွက်တင် မဟုတ်ပါဘူး။ အနိမ့်ဆုံးသောအားဖြင့် ပြည်သူတွေ အလုပ်အကိုင် ရပါတယ်။ စီးပွားရေးလုပ်ငန်းတွေ အပြိုင်အဆိုင်ရှိနေတဲ့အတွက် လူအင်အားလိုအပ်ချက်တွေ များပါမယ်။ ဒါကြောင့် မြန်မာတွေ အလုပ်လက်မဲ့အဖြစ်ကနေ ဝေးရပါမယ်။ ကိုယ်တိုင်က ပျင်းကြလို့ မလုပ်ကိုင် မစားသောက်ချင်ကြတာတွေသာ အလွန်ဆင်းရဲတယ်ဆိုတဲ့ အခြေအနေကို ရောက်ရှိစေခဲ့တာပါ။ အဲဒီ့ အစားထဲ မိမိကိုယ်တိုင် ပါနေသည်ဖြစ်စေ..၊ မိမိအသိုင်းအဝိုင်းက ပါနေသည်ဖြစ်စေ.. ပျင်းရိလို့ဆင်းရဲတယ်ဆိုတာကို လက်ခံကြမယ် မထင်ပါဘူး။ ဒါပေမဲ့ ဒါဟာ လက်တွေ့အမှန်တရားပါ။


အစိုးရက ပြည်သူကို ဒုက္ခရောက်အောင်လုပ်နေရင်တောင် ပြည်သူ့ဘက်တော်သားများက ကယ်တင်ရမယ့် ဝတ္တရားရှိပါတယ်။ ဒါပေမဲ့ အစိုးရကို ဒုက္ခရောက်စေချင်လို့ ပြည်သူကို ညှင်းဆဲနေသလိုများ ဖြစ်နေသလား။ အခု အစိုးရ ဒုက္ခရောက်မသွားပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့နဲ့ ဆက်ဆံရေးပြေလည်တဲ့ နိုင်ငံတွေ၊ ကုမ္မဏီတွေ ရှိနေလို့ပါ။ ဒီမှာ ပြည်သူတွေ ဒုက္ခကြီးကြီးရောက်ပါပြီ။ အစိုးရနဲ့ ပြေလည်နေတဲ့ ကုမ္မဏီတွေ မြန်မာနိုင်ငံမှာ ရှိနေပါသေးတယ်။ ဒါပေမဲ့ အရင်လို မများတော့ပါဘူး။ ဒါကြောင့် ပြည်သူတွေမှာ အလုပ်အကိုင် ရှားပါးမှုတွေ ဖြစ်လာတယ်။ အစိုးရနဲ့ အဆင်ပြေတဲ့ ကုမ္မဏီတွေကလဲ အစိုးရကို ကျောထောက်နောက်ခံ ယူပြီး လုပ်အားတွေကို မတန်ဈေးပေးပြီး ယူနိုင်ပြီ။ အကယ်၍သာ အစိုးရနဲ့ ပြေလည်သူ ကုမ္မဏီတွေသာ မဟုတ်ဘဲ ဘယ်နိုင်ငံက ဘယ်ကုမ္မဏီမဆို ဝင်ရောက်ရင်းနှီးမြှပ်နှံကြမယ်ဆိုရင် ပထမဆုံးအဆင့်က အလုပ်အကိုင် ရှားပါး မှုကို ဖြေရှင်းပေးသွားပါလိမ့်မယ်။ နောက် အစိုးရနဲ့ ညှိနှိုင်းထားတဲ့ အစိုးရနဲ့ အစစအရာရာ မျက်နှာထောက်ထားနေမယ့် ကုမ္မဏီချည်း မဟုတ်တော့တာကြောင့် ပြည်သူတွေရဲ့ အကျိုးစီးပွားကို များစွာ အထောက်အကူ ပြုပါလိမ့်မယ်။ နောက်တခု အထင်ရှားဆုံးကတော့ စီးပွားရေးပိတ်ဆို့လိုက်တဲ့ နောက်ဆက်တွဲမှာ မြန်မာနိုင်ငံသူ အမျိုးသမီးတွေ လုပ်ကိုင်စားသောက်ခက်ခဲလာလို့ ပြည့်တန်ဆာတွေ ဖြစ်ကုန်ရတာပါပဲ။ လုပ်ကိုင်မစားချင်လို့ အဲဒီ့အလုပ်ကို လုပ်နေကြတယ်လို့ လွယ်လွယ်ပြောမရသလို အစိုးရ အသုံးမကျလို့ ဆိုပြီး လက်ညှိုးမထိုးလိုက်ပါနဲ့ဦး။ လက်ညှိုးထိုးလိုက်ရင် ကိုယ့်ဘက်ကို လက်လေးချောင်း ပြန်ညွှန်နေပါပြီ။ ဒီအရေးကို တွေးမိတိုင်း စီးပွားရေးပိတ်ဆို့သူတွေနဲ့ ပိတ်ဆို့မှု အားပေးသူတွေကို အင်မတန်မှ အော့နှလုံး နာလှပါတယ်။ ရွံလှပါတယ်။ ဒါပေမဲ့ ပိတ်ဆို့မှုကို အားပေးသူတွေထဲမှာ ကိုယ်လေးစားမိတဲ့ လူတွေပါ ပါရှိနေလေတော့ ငြိမ်ပြီးတော့ မနေနိုင်တာ အမှန်ပါပဲ။ ဒါကြောင့် ပြောမိပါပြီ။ တဆက်တည်းမှာပဲ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တဲ့ အာဏာရှင် အစိုးရဖြစ်နေတဲ့အချိန်၊ နှစ်၂၀ကျော်အထိ ဘာမှ မထူးခြားလာတဲ့ လုပ်ရပ်တွေချည်း ဆုပ်ကိုင်မနေတော့ဘဲ အခြား အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးတွေလဲ လုပ်ဆောင်ကြပါစို့ လို့ တိုက်တွန်းချင်ပါတယ်။ အာဏာရှင်ကို တော်လှန်ရင်း အာဏာရှင်ဆန်သွားတဲ့ အတိုက်အခံတွေ ကမ္ဘာမှာ အထင်ကရတွေ ရှိနေတယ်။ အဲဒီ့လို မဖြစ်ရအောင် “မှန်လှပါ” ဆိုတဲ့စကားချည်းပဲ ပြောမနေကြပါနဲ့တော့…။



တိုက်နော်ထွဋ်


(မြန်မာနိုင်ငံတဝှမ်းကို လိုအပ်သောအချိန် လိုအပ်သောအခါများတွင် အခြေခံလူတန်းစားများကြားတွင် ကိုယ်တိုင်ကိုယ်ကျ လေ့လာပြီး သိမ်းဆည်းထားသော မှတ်တမ်းများကို အခြေခံ၍ ရေးသားပါသည်။)

Thursday, December 9, 2010

အိမ်

1 comments
ကျွန်မ နေနေတဲ့ အိမ်လေးတအိမ်ရှိတယ်။ အဲဒီ့အိမ်လေးဟာ အိမ်လေးဆိုပေမဲ့ လူတွေ အများကြီး နေနိုင်လောက်အောင် ကျယ်ဝန်းပါတယ်။ အဲဒီ့အိမ်လေးမှာ ကျွန်မနဲ့ အတူ ကျွန်မရဲ့ မောင်နှမတွေ ရှိတယ်။ သူတို့ကို ကျွန်မသိပ်ချစ်တာပေါ့။ သူတို့ကလဲ ကျွန်မကို ချစ်ကြတယ်။ ဒါပေမဲ့ မောင်နှမတွေဆိုတော့ တခါတလေတော့ ရန်ဖြစ်မိတာပေါ့။ ရန်ဖြစ်ကြပေမဲ့လဲ ကျွန်မ သူတို့ကို ချစ်ပါတယ်။ သူတို့က ကျွန်မရဲ့ သွေးရင်းသားရင်း မောင်နှမတွေ။ ဒါပေမဲ့လေ.. ကျွန်မတို့ရဲ့ မိဘတွေကတော့ မတည့်ကြဘူးရှင့်။ မိဘတွေ ခဏခဏ ရန်ဖြစ်တယ်။ ကျွန်မတို့ မောင်နှမ တွေက ကျွန်မတို့မိဘတွေကို ပြေလည်စေချင်ပေမဲ့ အဖေကလဲ သူ့အတွေးသူ အလျော့မပေး၊ အမေကလဲ သူ့အတွေးနဲ့သူ အလျော့ မပေးကြဘူး။ ကြာလာတော့ မောင်နှမချင်းပါ ငါက အဖေဘက်၊ ငါက အမေဘက်ကဆိုပြီးဖြစ်လာကြတယ်။ သားသမီးအချို့ကတော့ အဖေနဲ့ အမေရန်ဖြစ်တာ.. ဘယ်ဘက်ကမှ မပါဘဲ ညှိနှိုင်းပေးဖို့ ကြိုးစားနေကြတာပေါ့။



ကျွန်မက သမီးလေ။ အကြီးဆုံး သမီးတယောက်တော့ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ့်ကိုကိုယ် အမကြီးအမိရာလို သတ်မှတ်ပြီး အမ တယောက် ပီသဖို့ ကြိုးစားတယ်။ ကျွန်မတို့ရဲ့ အိမ်မှာလေ.. အဖေနဲ့ အမေကလဲ မတည့်၊ မောင်နှမတွေကလဲ အဖေ့ဘက် အမေ့ဘက်နဲ့ စိတ်ဝမ်းကွဲ နေကြတော့ ကျွန်မတို့ရဲ့ အိမ်ကို ကျွန်မတို့ ဂရုစိုက်ဖို့ အချိန်မရှိကြဘူး။ အိမ်နီးနားချင်းတွေကလဲ ကျွန်မတို့ အိမ်တွင်းရေးပြဿနာကို သိကြတယ်။ ကျွန်မတို့အိမ်ကလေ ဆွေစဉ်မျိုးဆက် အင်မတန် ချမ်းသာလာကြတာ။ ဒီတော့ အိမ်နီးနားချင်းတွေကလေ ကျွန်မတို့အိမ်လေး ထဲက ဘိုးဘွားအစဉ်အဆက် ထားရှိပေးခဲ့တဲ့ အမွေပစ္စည်းတွေကို လိုချင်ကြတယ်။ အဲဒါနဲ့ အဖေ့ကို မြှောက်ပေးပြီး ယူလိုက်၊ အမေ့ကို မြှောက်ပေးပြီး ယူလိုက်နဲ့...။ မောင်နှမတွေကလဲ အဖေ့ဘက်က မို့လို့ဆိုပြီး မပြောကြ၊ အမေ့ဘက်ကမို့လို့ ဆိုပြီး မတားကြနဲ့.... ကျွန်မ တို့မိသားစုရဲ့ အဖြစ်ကို မြင်နေရတာ ကျွန်မရင်နာတယ်။



နောက်ပိုဆိုးတာရှိသေးတယ်။ တအိမ်လုံးကို အပိုင်သိမ်းနိုင်ဖို့ အဖေ့ကို သတ်ပြီး အမေ့ကို ကြံစည်နေတဲ့ ယောက်ျားတယောက်ကို အဖေ့ကို အမြင်မကြည်လင်တဲ့ မောင်တွေ၊ အစ်ကိုတွေ၊ ညီမတွေ၊ အစ်မတွေက လက်ခံနေတယ်။ ကျွန်မက အဖေမှန်တယ်လို့လဲ မပြောဘူး။ အမေမှားတယ်လို့လဲ မပြောဘူး။ ကျွန်မအမြဲကြိုးစားနေတာ အဖေနဲ့အမေ ပြန်လည် အဆင်ပြေဖို့ပဲ။ အမေကတော့ ပြောတယ်။ သားသမီးတွေနဲ့ မိဘတွေ သေသေချာချာ ပြောဆိုရမယ်တဲ့။ ဒါပေမဲ့ အမေ အဲဒီ့အတွက် ဘယ်တုန်းကမှ အချိန်မပေးဘူး။ အဖေကလဲ ငါအိမ်ထောင်ဦးစီး၊ ငါအိမ်ကို စောင့်ရှောက်နေသူဆိုပြီး အမြဲတမ်း တင်းခံနေတယ်။



အဆိုးဆုံးကတော့လေ.. ကျွန်မတို့ အိမ်က ယိုယွင်းနေပြီ၊မိုးရွာရင် မိုးယိုတယ်။ ဘေးနံရံတွေလဲ မခိုင်မာချင်တော့ဘူး။ ဒီအခါမှာ အိမ်ကလေးကို ပစ်သွားတဲ့ မောင်နှမအချို့ရှိတယ်။ သူတို့တွေက အိမ်က မိဘတွေ မကောင်းလို့တဲ့။ အင်းပေါ့လေ.. အိမ်မှာ မိုးကလဲ ယို၊ နံရံကလဲ ဆုတ်နေပြီကိုး။ ဒါပေမဲ့ရှင်.. ကျွန်မတို့ မောင်နှမတွေ စည်းရုံးကြပါတယ်။ အဖေမကောင်းတာတွေ ရှိတာကို သိလျက်နဲ့ အိမ်ကလေးမှာ နေပြီး အိမ်လေးရဲ့ ပျက်စီးနေတဲ့ နံရံတွေကနေ အနီးအနားက တေလေကြမ်းပိုးတွေ အိမ်ထဲ ဝင်မလာနိုင်အောင် ကာကွယ်ရင်း... နံရံတွေကို ပြုပြင်ဖာထေးနေတယ်။ ကျွန်မက သမီးတယောက်ပါပဲ။ မောင်နှမတွေ များတဲ့ မိသားတစုမှာ ကိစ္စ ရပ်တခုကို မောင်နှမတွေ အားလုံး ဖြေရှင်းရမယ်မဟုတ်လား။ မိုးယိုနေတာကို ဖာမယ့်သူက သိပ်မရှိဘူးရယ်။ ဒီတော့ကာမှာ အဲဒီ့ အပေါက်တွေကို လိုက်ဖာရမယ်။ အမိုးဆိုတော့လဲ အပေါ်တက် ဖာရမှာပေါ့။ ကျွန်မဟာ သားတယောက်မဟုတ်ပေမဲ့ အားတခုဖြစ်ချင်တယ်။ ဒါကြောင့် ပေါက်နေတဲ့ အမိုးတွေကို ကျွန်မ ခုံခု တက်ပြီး ဖာဖို့ကြိုးစားတာပေါ့။ ဖြစ်ချင်တော့ရှင်.. ကျွန်မက မိန်းကလေး.. ဘာကြောင့် မိန်းကလေးအလုပ် မိန်းကလေးမလုပ်လဲ။ ထမင်းချက်၊ အဝတ်လျှော်ပေါ့တဲ့။ ဟုတ်ပါတယ်။ မိန်းကလေး အလုပ်က ဘာတွေ ဆိုတာ သိတာပေါ့။ ဒါပေမဲ့လေ... လိုအပ်ချက် ရှိလာတဲ့အခါ လိုအပ်တဲ့နေရာကနေ အိမ်ကလေးကို စောင့်ရှောက်ရမှာ သားသမီးတွေရဲ့ တာဝန်ပဲ။ ဒါကြောင့် ကျွန်မ အခု.. အမိုးတွေကို တက်ပြီး ဖာထေးနေပါတယ်။ ကျွန်မတို့ အမေနဲ့အဖေကို ရန်ထပ်မဖြစ်စေချင်တော့ဘူး.. ကြာလာရင် အိမ်ကလေးထဲက ဘိုးဘွားပိုင်တွေကို အနီးအနားက လူတွေ အဖေ့ကို မြှောက် အမေ့ကိုမြှောက်ကြရင်း ယူငင်သွားတာနဲ့ ကုန်လိမ့်မယ်။ မောင်နှမတွေလဲ ရန်မဖြစ်ကြဖို့ ကျွန်မ မျှော်လင့်တယ်။ အခြားယောက်ျားကိုလဲ အဖေ မတော်ပါရစေနဲ့။ အဖေကို အမြင်မကြည်လဲ အဖေဟာ အဖေပါပဲ။ အဖေနဲ့ သားသမီး ခွဲခြားလို့ ဘယ်နည်းနဲ့မှ မရနိုင်ပါဘူး။ အိမ်ကလေးကို ပြန်ကြည့်ဖို့ အဖေ့ရဲ့ ဝေဝါးနေတဲ့ စိတ်တွေကို ပြင်ပေးရဦးမယ်။ အမေ့ရဲ့ မကြည်လင်တဲ့ အမြင်တွေကို အလင်းပေးရဦးမယ်....။



အိမ်ကလေး ဘယ်တော့မှ မပျက်စီးစေချင်ပါဘူး အဖေနဲ့ အမေရယ်....။



စောနန်းမွန်

Wednesday, December 1, 2010

အမျိုးသားနေ့ လက်ဆောင်

0 comments

ဒီနေ့ဟာဆိုရင် တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၊ ကိုလိုနီနယ်ချဲ့တို့ရဲ့ လက်အောက်မှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေဟာ တက္ကသိုလ် အက်ဥပဒေ ကို လက်မခံနိုင်လို့ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှု အဖြစ် သပိတ်မှောက်ခဲ့ကြတယ်။ နယ်ချဲ့လက်အောက်မှာ နယ်ချဲ့တွေ သတ်မှတ်တဲ့ ကျွန်ပညာရေးစံနစ်ကို လက်မခံ တဲ့ သခင်စိတ်အပြည့်ရှိနဲ့ကျောင်းသားတွေရဲ့ နယ်ချဲ့ ဆန့်ကျင်ရေး သပိတ်ဖြစ်ခဲ့တယ်။ အဲဒီ့နေ့ဟာ မြန်မာ့ သမိုင်းမှာ မြန်မာလူမျိုးတို့ရဲ့ မျိုးချစ်စိတ်ကို ပြသခဲ့တဲ့ မှတ်တိုင် တခုအဖြစ် ရှိနေပါတယ်။ ဒါကို နောင်မှာ အမျိုးသားနေ့ လို့ ခေါ်ဝေါ်သမုတ်ကြပါတယ်။

လွန်ခဲ့တဲ့ နှစ် ၉၀၊အမျိုးသားနေ့မှာ ကြွေးကြော်သံတခု ရှိခဲ့တယ်။ အဲဒါကတော့….

ဗမာပြည်သည် ... ဒို့ပြည်
ဗမာ စာသည် ... ဒို့စာ
ဗမာ စကားသည် ... ဒို့စကား
ဒို့ပြည်ကို ... ချစ်ပါ
ဒို့စာကို ... ချီးမြှင့်ပါ
ဒို့စကားကို ... လေးစားပါ။

ဒီကြွေးကြော်သံဟာ ၁၉၂၀ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့၊ မြန်မာလိုဆိုလျှင် ၁၂၈၂၊ တန်ဆောင်မုန်းလဆုတ် ၁၀ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားကြိးတွေရဲ့ အမျိုးသားရေးစိတ်အင်အားနဲ့အတူ ပေါ်ပေါက်ခဲ့တာ ပါ။ အဲဒီ့အချိန်က သပိတ်မှောက်တယ် ဆန္ဒပြတယ်ဆိုတာ အသုံးမတွင်ကျယ်ခဲ့တဲ့အတွက် ဘွိုင်းကောက် (Boycott) ဆိုတဲ့ အင်္ဂလိပ်အသုံးအနှုန်းကို ယူငင်သုံးစွဲခဲ့ကြရပါတယ်။ မြန်မာဘုရင်တွေလက်ထက်တော်မှာ သပိတ်မှောက်၊ ဆန္ဒပြတဲ့ အလေ့အထ မရှိခဲ့တဲ့အတွက် အသုံးအနှုန်းမရှိခဲ့တဲ့အလျောက် အင်္ဂလိပ်စာလုံးကို အသုံးပြုခဲ့ရတယ်။ နောက်ပိုင်းမှာတော့ သပိတ်မှောက်တယ်၊ ဆန္ဒပြတယ်ဆိုတဲ့ စကားလုံးကို သတ်မှတ်ခဲ့ကြ ရပါတယ်။
ဒီနေ့ဒီအချိန်မှာ လွန်ခဲ့တဲ့ နှစ် ၉၀နဲ့ နှိုင်းယှဉ်ကြည့်ရအောင်ပါ။ ဒီနေ့ဟာ အင်မတန်မှ တိုးတက်ဖွံ့ဖြိုးနေတဲ့ ခေတ်၊ ဒီကာလမှာ ကျွန်နဲ့သခင်ကို မခွဲခြားတော့ဘူး။ အားလုံးဟာ အတူတူပဲ။ ဒီလိုသတ်မှတ်ပြီး နေနေကြတဲ့ ခေတ်ပညာတတ်သူတွေ တပုံတပင်ကြီးပါ။ ဒီအတွေးဟာ မှန်ကန်ပါတယ်။ ဒါပေမဲ့ ဒီနေ့လေးမှာတော့ အမျိုးသားနေ့ကို ဖြစ်တည်ခဲ့သူတွေရဲ့ အတွေးလေးတွေ ကျွန်မတို့ပြန်ပြီး ခံစားကြည့်ရအောင်ပါ။
အဲဒီ့အချိန်အဲဒီ့ကာလက မြန်မာနိုင်ငံရဲ့ တက္ကသိုလ်ကြီးဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်မှာ လာပြီး သင်ကြားပေးတာ က ဗြိတိသျှတို့ရဲ့ ပညာရေး။ ဗြိတိသျှအစရှိတဲ့ အနောက်နိုင်ငံရဲ့ အတွေးအခေါ်တွေနဲ့ သူတို့ပြဌာန်းထားတဲ့ ပညာရေး။ အဲဒီ့ပညာရေးကို လက်မခံလို့ ကျွန်မတို့နိုင်ငံရဲ့ ပထမဆုံးသော ကျောင်းသားသပိတ် ပေါ်ပေါက် လာခဲ့တာပါ။ အဲဒီံတုန်းက ပြဌာန်းခဲ့တဲ့ သင်ရိုးကိုတော့ မမြင်ဖူး မဖတ်ဖူးရပါဘူး။ ဒါပေမဲ့ ၁၉၂၂ ရန်ကုန်တက္ကသိုလ် ပါမောက္ခ ဒီဂျီအီးဟောရဲ့ အဆိုအရ ကိုလိုနီနယ်ချဲ့စနစ်ဟာ မယဉ်ကျေး သေးတဲ့ လက်အောက်ခံ ကို အစွမ်းကုန် ညှာတာ ထောက်ထား စေတနာ ထားပြီး ကိုယ်တိုင် အုပ်ချုပ် နိုင်ဖို့ ပြင်ဆင် ပေးတဲ့ ၀ါဒ လို့ ပြောခဲ့တဲ့အတွက် သူတို့ပေးတဲ့ပညာရေးဟာ နယ်ချဲ့စံနစ်ကို အထောက်အပံ့ပေးမယ့် ပညာရေးဆိုတာ ပေါ်လွင်ထင်ရှားနေပါတယ်။ နောက်ထပ် ၁၉၂၆ ခုနှစ်မှာ မစ္စတာ ဂျီအီးဟာဗေး ပြန်ရေးခဲ့တဲ့ မြန်မာရာဇဝင်ကျမ်းမှာဆိုရင် မြန်မာအမျိုး ရဲ့  ညံ့ဖျင်းပုံ၊ အသုံးမကျပုံ တွေကို ထင်ရှား နိုင်သမျှ ထင်ရှား အောင်သတိပေး သလိုလို၊ ကဲ့ရဲ့  သလိုလို နဲ့ မြန်မာ့ အမျိုး သိက္ခာ ကို မှတ်ကျောက် တင်ထားလေရဲ့။ အဲဒီ့မြန်မာရာဇဝင်ကျမ်းကို မရေးခင်တည်းက သူတို့ပေးတဲ့ ပညာရေးစံနစ်ကို လက်မခံခဲ့တဲ့ ကျောင်းသားကြီး တွေရဲ့ သဘောထားတွေကို သတိပြုမိလောက်မယ်လို့ ထင်ပါတယ်။ ဒီမှာ ကျောင်းသား ကြိးတွေရဲ့ ခံစားချက်ဟာ တခုတည်းပဲ ရှိပါမယ်။ အမျိုးကိုထိရင် မချိအောင်နာတယ် ဆိုတာပေါ့။

ဒါပေမဲ့.. စိတ်မကောင်းစွာပဲ တခုတော့ ဝန်ခံပါဦးမယ်။ အဲဒီ့ကျောင်းသားကြီးတွေ ဆန့်ကျင်ကန့်ကွက်ခဲ့တဲ့ ပညာရေးတွေကို ကျွန်မတို့ သင်ယူချင်စိတ်ပြင်းစွာနဲ့ လေ့လာဆည်းပူးခဲ့ပါတယ်။ ဒါပေမဲ့ဒါဟာ အမျိုးသားနေ့ နဲ့ ဆန့်ကျင်သွားချင်လို့တော့ မဟုတ်ရပါဘူး။ ဒီကနေ့တော့ ဝန်ခံစာလေး တစောင်ရေးချင်တယ်။

အဘိုးတို့ရေ..

သမီးတို့လေ...အနောက်တိုင်းပညာကို ဆည်းပူးသင်ယူခဲ့ပေမဲ့ သမီးတို့မှာ ကိုယ်ပိုင်အသိဉာဏ်နဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်စာစကားတွေကို ထိန်းသိမ်းရမယ်ဆိုတဲ့ အသိရှိပါတယ်။ သမီးတို့ သင်ကြားတဲ့ အနောက်တိုင်းပညာ ဟာ အနောက်တိုင်းကို အထင်ကြီးတဲ့စိတ်မျိုးနဲ့ မဟုတ်ဘဲ သမီးတို့နိုင်ငံအတွက် လိုအပ်တဲ့နေရာတွေမှာ ဖြည့်ဆည်းပေးချင်တဲ့စိတ်နဲ့ပါ။ ဒါပေမဲ့ သမီးတို့ ရင်ထဲမှာ ရှိနေတဲ့ အမျိုးသားနေ့ရဲ့ အဓိပ္ပါယ်ကို သမီးတို့ မမေ့ဘူး။ သမီးတို့လိုချင်ခဲ့တာ ပညာရပ်တွေပါ။ အနောက်တိုင်းယဉ်ကျေးမှုကိုလဲ သယ်ယူမလာဘူး။ အနောက်တိုင်း အတွေးအခေါ်တွေကိုလဲ အလုံးစုံ လက်မခံဘူး။ အနောက်တိုင်းသွေးနဲ့လဲ နှောမလာခဲ့ပါဘူး။ ကိုယ့်ယဉ်ကျေးမှုကို ပျက်သုဉ်းစေမယ့် အတွေးမျိုးကိုလဲ သမီးတို့ မတွေးဘူး။ ကိုယ့်အမျိုးကို ပျက်ဆီးစေမယ့် အကြံမျိုးလဲ သမီးတို့ မကြံဘူး။ သမီးတို့ သိပါတယ်။ အဘိုးတို့လိုချင်တာ ကိုယ့်လူမျိုးကိုထိန်းသိမ်းမယ့် မြန်မာ့ယဉ်ကျေးမှုကို မပစ်ပယ်မယ့် ပညာတတ်တွေဆိုတာ…… သမီးတို့ကိုယ် သမီးတို့ ယုံတယ်။ သမီးတို့မှာ ကျွန်စိတ်မရှိဘူးလို့ ရဲရဲဝင့်ဝင့်နဲ့ပြောရဲတယ်။ ဒီနေ့အထိ ပညာရပ်ကိုပဲသင်ခဲ့တဲ့ သမီးတို့ အနောက်တိုင်း အတွေးတွေနဲ့ မစဉ်းစားဘူး။ အပြည့်အဝ လက်မခံခဲ့ပါဘူး။

ဒီဝန်ခံစာလေးဟာ ရင်ထဲက လာတဲ့ ဝန်ခံစာလေးတစောင်ပါ။ သူတို့တွေ မဖတ်ရှုနိုင်တော့ဘူးဆိုပေမဲ့ ရင်ထဲက ခံစားချက်လေးကိုတော့ ဝန်ခံချင်သေးတယ်။ ဒါကြောင့် ရေးလိုက်ရတာပါ။ နောက်ဆုံးအနေနဲ့ ကျွန်မတို့များသောအားဖြင့် သတိမပြုဘဲ မလုပ်သင့်တာ လုပ်နေတဲ့ကိစ္စလေးတခုရှိပါသေးတယ်။ များသောအားဖြင့် လုပ်ကြပါတယ်။ ဒါပေမဲ့………………………

ကျွန်မတို့ မြန်မာစာရေးရင်ပဲဖြစ်ဖြစ် မြန်မာစကားပြောရင်ပဲဖြစ်ဖြစ်… အင်္ဂလိပ်စာလုံးလေးတွေ ထည့်သွင်းရေး၊ ထည့်သွင်းပြောဖြစ်ကြပါတယ်။ ဒါဟာ အခြားလူတွေတင်မဟုတ်ပါဘူး။ ကျွန်မတို့ကိုယ်တိုင်လဲ ရေးကြ၊ ပြောကြတာပါပဲ။ ဒါပေမဲ့ ကျွန်မ အထူးသတိပြုမိနေတာ ကြာပြီ။ ကျွန်မတို့မြန်မာမှာ ကိုယ်ပိုင်ကြွယ်ဝတဲ့ စကားလုံးတွေ အများကြီးရှိပါတယ်။ ကျွန်မတို့ဘာလို့ မြန်မာစာလုံးတွေကို မသုံးကြဘဲ အင်္ဂလိပ်စာလုံးတွေကို အစားထိုးသုံးနေကြတာလဲ။ ဒီလိုနဲ့နေလာကြရင်းနဲ့ မြန်မာစာလုံးတွေ ပျောက်ကွယ်သွားမယ်လို့ မထင်မိလို့ လား။ ဘာပဲပြောပြော မြန်မာစာလုံးတွေ ရှိပါလျက်နဲ့ မြန်မာစာလုံးအစား အင်္ဂလိပ်စာလုံးတွေကို ယူသုံးကြတာ လဲ။ မြန်မာစာမှာ အင်္ဂလိပ်စာလုံးကနေ မြန်မာမှုပြုမွေးစားထားတာတွေ ရှိပါတယ်။ မူရင်းအင်္ဂလိပ်စာလုံး ကိုတောင် မြန်မာအက္ခရာတွေနဲ့ မြန်မာမှုပြုပေးခဲ့တဲ့ ဆရာကြီးတွေကို လေးစားသမှုလေးနဲ့ ကျွန်မတို့ ဆင်ခြင် ကြရအောင်ပါ။ အနိမ့်ဆုံးအားဖြင့် နေ့လေးတွေကိုတောင် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးဆိုပြီး ခေါ်နိုင်ပါလျက်နဲ့ လာမယ့် Monday စတဲ့ စာလုံးလေးတွေ ကြားပါများလာတဲ့အခါ ရင်ထဲမှာ နာမိတယ်။ တနိုင်ငံလုံးအတိုင်း အတာနဲ့ သုံးနှုန်းနေတဲ့ မြန်မာစကားကို ဟိုမရောက်ဒီမရောက်စကားဖြစ်အောင် ကျွန်မတို့ ဖျက်ဆီးနေမိတာပါ ကလား။ ကြာလာရင်လေ.. အဲဒီ့မြန်မာစာလုံးတွေနေရာမှာ အင်္ဂလိပ်အက္ခရာ၊ အင်္ဂလိပ်အသံထွက်နဲ့ အင်္ဂလိပ် စာတွေသာ ဖြစ်ရချည်ရဲ့။ (အင်္ဂလိပ်စကားပြောခြင်းနှင့် မြန်မာစာများအကြား အင်္ဂလိပ်စကားလုံးများ လွန်စွာ ထည့်သွင်းပြောခြင်းသည် မသက်ဆိုင်ပါ။) ဘာပဲပြောပြော… ကိုယ့်စာစကား ကိုယ်လေးစားဖို့ သင့်တာပေါ့ လို့ နှစ် ၉၀ မြောက် အမျိုးသားနေ့မှာ လက်ဆောင်လေးပါးလိုက်ချင်ပါတယ်။


စောနန်းမွန်

(စာကြွင်း - ကျွန်မက မြန်မာနိုင်ငံဆိုတဲ့နိုင်ငံထဲမှာ မွေးဖွားလာတဲ့ မြန်မာနိုင်ငံသူတယောက်၊ ဘယ်တိုင်းရင်းသားပဲဖြစ်နေစေကာမူ.. တနိုင်ငံလုံး အတိုင်းအတာနဲ့ သုံးနှုန်းနေတဲ့ မြန်မာစကားကိုလဲ လေးစားတန်ဖိုးထား မြတ်နိုးပါတယ်။ အသင့်လျော်ဆုံး ရုံးသုံးနိုင်ငံသုံးစကားဖြစ်တဲ့ မြန်မာစာကို မပျက်စီး စေချင်တာ ကျွန်မရဲ့ ဆန္ဒအမှန်ပါ။ )

Tuesday, November 30, 2010

တိရိစ္ဆာန်

0 comments
တိရိစ္ဆာန်ဆိုတာ
အစာကို လုစား
စားရလဲ မတင်းတိမ်
အဲဒါဆို တိရိစ္ဆာန်။
တိရိစ္ဆာန်ဆိုတာ
ကိုယ့်အစာနား ကပ်ရုံမျှ
ရန်ပြုကာ တိုက်ခိုက်တယ်
အဲဒါဆို တိရိစ္ဆာန်။
တိရိစ္ဆာန်ဆိုတာ
ရန်သူမိတ်ဆွေ မခွဲတတ်
အသိဉာဏ် မဲ့ကြတယ်
အဲဒါဆို တိရိစ္ဆာန်။
တိရိစ္ဆာန်ဆိုတာ
မျိုးမတူရင် ရန်သူ
စုဖွဲ့လို့ ရန်ဖြစ်ကြ
အဲဒါဆို တိရိစ္ဆာန်။
အရာတခုအတွက်
ယှဉ်ပြိုင်လို့ တိုက်ခိုက်ကြ
ဒါဆိုရင် တိရိစ္ဆာန်။
ကဲ… လူစင်စစ်က တိရိစ္ဆာန်မဖြစ်ရေး
ဆင်ခြင်ကြရအောင်။


စောနန်းမွန်

Monday, November 29, 2010

မေ့လို့တော့ မဖြစ်ဘူး

1 comments


ဘာလိုလိုနဲ့ ၁၂၅ နှစ်တောင် ပြည့်ပြီ။

ဗြိတိသျှနယ်ချဲ့တွေ မြန်မာနိုင်ငံရဲ့ အရှင်နှစ်ပါးကို ငှက်ကလေးတွေလို ခေါ်ဆောင်သွားခဲ့တာ...
မြန်မာနိုင်ငံကို နယ်ချဲ့သိမ်းပိုက်ခဲ့တာ....Justify Full
ဗြိတိသျှ အင်ပါယာထဲကို သွတ်သွင်းဖို့ တရားဝင် မကြေငြာသေးသော်လဲ တနိုင်ငံလုံးကို သိမ်းပိုက်ခဲ့တာ....
ဗြိတိသျှဆိုတဲ့ လူမျိုးတွေကို မြန်မာတွေ အင်မတန်မုန်းတီးဖို့ ဖြစ်လာတဲ့နေ့...
မြန်မာလို သတ်မှတ်ထားတာက တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့...
ခရစ်သက္ကရာဇ်နဲ့ ဆိုရင်တော့ ၁၈၈၅ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့.............
ဒီနှစ်မှာတော့ မြန်မာလိုရော ခရစ်သက္ကရာဇ်နဲ့ပါ နှစ်ခုလုံး တိုက်ဆိုင်တဲ့နေ့......
ထီးနန်းနဲ့ နေခဲ့ရတဲ့ မြန်မာတွေ... နယ်ချဲ့ရဲ့ လက်အောက်မှာ.... နှစ်ပေါင်း များစွာ.....................။


တချိန်က မြန်မာတွေမှာ အားကိုးရာ အရှင်နှစ်ပါး ရှိခဲ့ဖူးတယ်။ ဒါကို နယ်ချဲ့ဗြိတိသျှတွေက အကြောင်းပြချက်တခု ပေးပြီး အရှင်နှစ်ပါးကို ဖမ်းဆီးလို့ နိုင်ငံကို သိမ်းပိုက်ခဲ့တယ်။ သူတို့ပေးခဲ့တဲ့ အကြောင်းပြချက်က သီပေါဘုရင်ဟာ မင်းဆိုးတပါးမို့လို့ တဲ့။ သြော်... ဘုရင်ဆိုးတယ်ဆိုတဲ့ အကြောင်းပြ ချက်နဲ့ နိုင်ငံကို သိမ်းပိုက်ခဲ့ကြတယ်။ ပြည်သူလူထုရဲ့ မျက်ရည်တွေကို မြင်လျက်နဲ့ အကြောင်းပြချက် လှလှကြီး ပေးပြီး နှစ်ပေါင်းများစွာ ကျွန်ပြုခဲ့တယ်။ တကယ်တော့ အဲဒီ့ မင်းဆိုးဆိုတဲ့ အကြောင်းပြချက်ရဲ့ နောက်ကွယ်မှာ မြန်မာနိုင်ငံရဲ့ သဘာဝအရ ကြွယ်ဝမှုတွေကို တပ်မက်တဲ့စိတ် ဖုံးကွယ်ထားခဲ့တာပေါ့။

အဲဒီ့အချိန်က မြန်မာနိုင်ငံရေးယဉ်ကျေးမှုအနေအထားကို မဖတ်ရှုဖူးလို့ပဲ ဖြစ်ဖြစ်၊ ဖတ်လျက်နှင့် ယခုခေတ်နဲ့ ကွာခြားမှုတွေ ရှိနေတာကြောင့် လက်မခံနိုင်တဲ့ အနေအထားမျိုးနဲ့ပဲ ဖြစ်ဖြစ် ဒီပို့စ်နဲ့ ပတ်သက်ပြီး အမြင်ကွဲပြား မှုများ ရှိနေနိုင်ပါတယ်။ မဖတ်ရှုဖူးလို့ မသိသေးသူတွေအတွက်တော့ တင်ပြရေးသားပေးပါမယ်။

မြန်မာလူမျိုးတွေဖြစ်တဲ့ ဗြဟ္မာလူမျိုးများဟာ ပဒေသရာဇ်စနစ်အောက်မှာ အနည်းဆုံးအားဖြင့် နှစ်ပေါင်း ၁၇၀၀ ကျော် နေထိုင်ခဲ့တဲ့ လူမျိုးတွေ ဖြစ်ပါတယ်။ မြန်မာဆိုတာ အနော်ရထာလက်ထပ်မှ စတင် ခဲ့တာ မဟုတ်ကြောင်း ကိုတော့ သိပြီးကြလိမ့်မည်လို့ ထင်ပါတယ်။ ဒါကြောင့် မြန်မာတွေဟာ ပဒေသရာဇ်စနစ်မှာ မွေ့လျော်နေတဲ့ လူမျိုးတွေ၊ တနည်းအားဖြင့် ပဒေသရာဇ်စနစ်ကို မြတ်နိုးကြတဲ့ လူမျိုးတွေဖြစ်နေပါတယ်။ ဒီမှ တဆင့် ဘုရင် ဆိုတာ တိုင်းပြည် အကျိုးကို ထိပ်ဆုံးကနေ သယ်ပိုးခဲ့တဲ့ အမျိုးမြတ်တဲ့ ခေါင်းဆောင်တွေဖြစ်ပါတယ်။ ဘုရင်ကို တန်ဖိုးထားကြတာတော့ မြန်မာ တနိုင်ငံတည်း မဟုတ်ပါဘူး။ ဘုရင်စနစ် ရှိခဲ့တဲ့ နိုင်ငံတိုင်း ဘုရင်ကို တန်ဖိုးထား တတ်ကြပါတယ်။

အတိတ်က တိုင်းပြည်တွေ တပြည်နဲ့တပြည် စစ်တိုက်ကြတယ် သိမ်းပိုက်ကြတယ်ဆိုတာ နယ်ပယ်ချဲ့ထွင်ခြင်း သီးသန့်ဖြစ်ပြီး နယ်ပယ်ချဲ့ထွင်ချင်လို့ဖြစ်ကြောင်း ပွင့်လင်းစွာ ဖော်ပြကြပါတယ်။ သို့ပေမဲ့ ဗြိတိသျှတွေ ကတော့ မြန်မာနိုင်ငံကို တိုက်ခိုက် သိမ်းပိုက်ခဲ့တာ မင်းဆိုးသီပေါကြောင့်လို့ လိမ်ညာလှည့်ပတ်ခဲ့ပါသေးတယ်။ ဒီသက်သေအထောက်အထားတွေကို လန်ဒန်က ပြတိုက်မှာ သွားရောက်ကြည့်ရှုနိုင်ကြပါတယ်။ အဲဒီ့ခေတ် အဲဒီ့ကာလ အဲဒီ့အချိန်တုန်းက ဗြိတိသျှတွေ ဝါဒဖြန့်ခဲ့တဲ့ စာတွေ ရှိနေပါတယ်။ သြော်.. ကိုယ်နိုင်ငံလဲ တိုက်ခိုက် သိမ်းပိုက်ခံရ၊ ကိုယ့်ဘုရင်ကိုတောင် မင်းဆိုးလို့ အပြောခံခဲ့ရတာကို မေ့ရက်နေလိုက်တဲ့ ကိုယ့်မြန်မာ အချင်းချင်းကို အားမရရှိလိုက်တာ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၅ နှစ်ကတော့ မြန်မာကို ဗြိတိသျှတွေက စစ်ရေးနဲ့ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြတယ်။ ဒါပေမဲ့ မျိုးတုံး ပျောက်ကွယ်မသွားတဲ့ မြန်မာလူမျိုးတွေဟာ တော်လှန်တိုက်ခိုက်ခဲ့ကြတယ်။ နယ်ချဲ့လာတဲ့ ဗြိတိသျှတွေ နဲ့အတူပါလာခဲ့တဲ့ ချစ်တီးကုလားတွေက မြန်မာအမျိုးသမီးလေးတွေကို ရယူဖို့ ကြိုးစားခဲ့တာတောင် မျိုးချစ်တဲ့ မြန်မာအမျိုးသမီးများဟာ ရှောင်ရှားခဲ့ကြပါတယ်။ ဒါကြောင့် မြန်မာတွေမှာ နယ်ချဲ့လက်အောက်မှာ နှစ်ပေါင်းများစွာ ရောက်ရှိခဲ့ရပေမဲ့ သွေးနှောတဲ့ မျိုးဆက်များ မရှိသလောက် ဖြစ်ခဲ့ရတာပေါ့။ ဒီလိုနည်းနဲ့ သခင်မျိုးလို့ ကြွေးကြော်နိုင်တဲ့ မြန်မာတွေဟာ မျိုးတုံးမသွားခဲ့အောင် ထိန်းသိမ်းနိုင်ခဲ့ကြပါတယ်။ နောက်ဆုံးမှာ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ မျိုးချစ် သူရဲကောင်းအာဇာနည်နဲ့ တနိုင်ငံလုံးက တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ပြည်သူတွေ စုပေါင်း ကြိုးပမ်းမှုကြောင့် လွတ်လပ်ရေးရရှိခဲ့ပါတယ်။

အခု ၂၁ ရာစု ဆိုတဲ့ ဒီဘက်ခေတ်.... ဒီဘက်ခေတ်မှာတော့ အရင်ကလောက် မြန်မြန်ဆန်ဆန် သိမ်းပိုက်မယ့်လမ်း မရှိပါဘူး။ ဒါပေမဲ့ တဖြေးဖြေးနဲ့ အတွင်းလှိုက်စားပြီး လူမျိုးတုံးအောင် လုပ်ဆောင်နေကြပါပြီ။ ဒီတခါမှာတော့ Globalization ဆိုတဲ့ စကားလုံးတခုတည်းနဲ့ ယဉ်ကျေးမှုတခုလုံးကို ဖျက်ဆီးဖို့ရာ လုပ်နေကြပါတယ်။ ယဉ်ကျေးမှုဟာ နိုင်ငံတနိုင်ငံနဲ့ အဲဒီ့နိုင်ငံမှာ နေထိုင်တဲ့ လူမျိုးရဲ့ အသက်သွေးကြောမကြီးပါ။ ဒီတခါမှာတော့ ဗြိတိသျှလူမျိုးတင် မဟုတ်တော့ဘဲ တရုတ်၊ ကုလား စတာတွေကိုလဲ သတိထားကြရပါတော့မယ်။ အေးအေးချမ်းချမ်းနဲ့ နေထိုင်နေကြတာမျိုးကို လိုက်လံပြောဆို ပြဿနာရှာနေ တာမျိုး မလုပ်ဘဲ ကိုယ့်လူမျိုးတုံးစေမယ့် လုပ်ရပ်မျိုးကို ရှောင်ရှားကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ အထူး သဖြင့်တော့ မြန်မာအမျိုးသားများဖြစ်စေ၊ အမျိုးသမီးများဖြစ်စေ.. အမိမြန်မာနိုင်ငံမှာနေသူဖြစ်စေ၊ ပြည်ပနိုင်ငံ များသို့ ရောက်ရှိနေသည်ဖြစ်စေ.. လူမျိုးခြားများနှင့် လက်ထပ်ထိမ်းမြားခြင်းဆိုတဲ့အချက်ကို ရှောင်ရှားသင့် ပါတယ်။ အင်မတန်မှ အရေးကြီးတဲ့ လူမျိုးတုံးစေမယ့် ကိစ္စဖြစ်နေလို့ပါ။ ဗိုလ်ချုပ်အောင်ဆန်းရယူပေးခဲ့တဲ့ လွတ်လပ်ရေးဟာ ဒီလို အတွင်းလှိုက်စားရင်း လူမျိုးကိုပါ မျိုးတုံးသွားစေဖို့ မဟုတ်ပါဘူး။

ဒီမှာ တခုပြောစရာရှိနေပါသေးတယ်။ Globalization တင်မကဘဲ အရမ်းကို ကြီးမားတဲ့ စကားလုံးတခုနဲ့ ယဉ်ကျေးမှုကို မထိန်းသိမ်းနိုင် ဖြစ်ကြရတဲ့အကြောင်းပါ။ ဒါကတော့ လူ့အခွင့်အရေးတဲ့။ လူတိုင်းမှာ အခွင့်အရေး ဆိုတာ ရှိကြပါတယ်။ ဒါပေမဲ့ တခုပဲ ကိုယ်ပိုင်အသိဉာဏ်လေးနဲ့ စဉ်းစားစေ့ချင်ပါတယ်။ ဒါကတော့ လူ့အခွင့်အရေးဆိုတဲ့ ပြယုဒ်တခုနဲ့ ကိုယ့်လူမျိုးကို ဝါးမြိုခံမလား။ ဒါမှမဟုတ်ဘူး လူ့အခြေခံ လိုအပ်ချက်တွေကို ပြည့်စုံနိုင်ဖို့ ကြိုးစားကြရင်း ကိုယ့်လူမျိုးယဉ်ကျေးမှု ဂုဏ်သိက္ခာကို ထိန်းသိမ်းကြမလား ဆိုတာပါပဲ။ အလွယ်ကလေးတော့ မမှတ်လိုက်ပါနဲ့။ လူမျိုးတုံးလို့ ယဉ်ကျေးမှုမဲ့မှ နောင်တဆိုတာလဲ မဖြစ်ရပါစေနဲ့။

ပါတော်မူနေ့ ၁၂၅ နှစ်မြောက်တဲ့နေ့မှာ အရှင်နှစ်ပါးကိုလဲ ပြန်လည် မှန်းမျှော်မိပါတယ်။ အရှင်နှစ်ပါး ပါတော်မူချိန်ကစပြီး နယ်ချဲ့ကို တော်လှန်တိုက်ခဲ့တဲ့ အဘိုးအဘေးအဘီတို့ကိုလဲ အောက်မေ့မိပါတယ်။ အားလုံးရဲ့ နိုင်ငံ အပေါ်ထားရှိခဲ့တဲ့ မေတ္တာနဲ့ စေတနာကို လတ်တလောမှာတော့ ဒီလောက်ကလေးပဲ ပေးဆပ်နိုင်တဲ့အတွက် ဝမ်းနည်းမိပါတယ်။ မကြာတော့တဲ့ကာလ မဝေးတော့တဲ့ အနာဂတ်မှာ အဘိုးအဘေးအဘီတို့ရဲ့ ကျေးဇူးတရားများကို ဒီ့ထက်ပိုလို့ ဆပ်နိုင်ဖို့ ကြိုးစားပါဦးမယ်။


ရူပကလျာ







Monday, November 15, 2010

မြန်မာနိုင်ငံ၏ အနှစ်သာရ (၂)

0 comments
ကျွန်မတို့ မြန်မာနိုင်ငံရဲ့ သမိုင်းစာမျက်နှာတွေကို ပြန်လှန်ရင်း ဒုတိယအပိုင်းကို ဆက်လက်ရေးသားလိုပါတယ်။ ပထမ အပိုင်းမှာ ဖော်ပြခဲ့တာတွေရဲ့ အနှစ်ချုပ်ကတော့ ထေရဝါဒသာသနာတော်ဟာ မြတ်စွာဘုရားရှင် လက်ထက်တော်မှာတည်းက မြန်မာနိုင်ငံကို ရောက်ရှိခဲ့တာ ဖြစ်ကြောင်းကိုပါ။ အခု ဒုတိယအပိုင်းကို ဆက်ကြ ရအောင်ပါ။

ထေရဝါဒ ဗုဒ္ဓသာသနာတော်ကို အခြေခံပြီး မြန်မာတွေရဲ့ ယဉ်ကျေးမှုရယ်လို့ ဖြစ်လာခဲ့တာပါ။ ကျွန်မတို့ နှုတ်မှာ အမြဲတမ်း ပြောလေ့ရှိတဲ့ မင်္ဂလာတရားတော်နဲ့ အညီတို့၊ မင်းကျင့်တရားဆယ်ပါးနဲ့ အညီတို့ ၊ ဗြဟ္မစိုရ် တရားနဲ့ အညီတို့ ဆိုတာ ဗုဒ္ဓဟောကြားတော်မူခဲ့တဲ့ တရားတော်တွေကို မြန်မာဘာသာကို ပြောင်းလဲယူပြီး ခေတ်အဆက်ဆက် ကျင့်ကြံခဲ့ကြတာတွေပါ။ ဒီတရားတော်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်ထဲက ဟောကြားထားခဲ့တာတွေဖြစ်ပါတယ်။ ပြန်လည် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း မရှိဘဲ ဘုရားရှင် ဟောကြားထား ခဲ့တဲ့အတိုင်း ထေရ်အစဉ်အဆက် ထိန်းသိမ်းခဲ့ကြတဲ့ ထေရဝါဒ ဗုဒ္ဓသာသနာတော်ပါ။

ကျွန်မတို့တွေ ငယ်စဉ်ထဲက သင်ယူခဲ့ကြတဲ့ တပည့်ကျင့်ဝတ်၊ ဆရာ့ကျင့်ဝတ်၊ သားသမီးကျင့်ဝတ်၊ မိဘကျင့်ဝတ်က အစပြုလို့ လင့်ကျင့်ဝတ်၊ မယားကျင့်ဝတ်အထိ .. ကျင့်ဝတ်များဟာလဲ ဗုဒ္ဓတရားတော်များကို အခြေခံထားတာပဲ ဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားရှင်ဟာ လောကီရေးအတွက်ရော လောကုတ္တရာရေးအတွက်ပါ အကျိုးအာနိသင်အများကြီး ပေးစွမ်းနိုင်တဲ့ တရားတော်ကို ဟောကြားပေးခဲ့တာပါ။ ကျွန်မတို့ ထေရဝါဒဗုဒ္ဓ သာသနာတော်မှာ ဝိပဿနာတရားအားထုတ်ခြင်းမှ လွဲရင် အကောင်းဆုံးသော တရားဖြစ်တဲ့ မေတ္တာတရား ကိုသာ ဗုဒ္ဓသာသနာဝင်တိုင်း လက်တွေ့ ကျင့်သုံးနိုင်မယ်ဆိုရင် ကျွန်မတို့ မြန်မာနိုင်ငံဟာ အပြစ်ပြောစရာ မရှိအောင် အေးချမ်းတည်ငြိမ်နေမယ့် နိုင်ငံတနိုင်ငံပါပဲ။

ဒီနေရာမှာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အေးချမ်းမှု ကွာပါတယ်။ ဖွံ့ဖြိုးတယ်ဆိုတာ များသောအားဖြင့် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကိုပဲ ဦးတည်နေကြတာ များပါတယ်။ ဒီမှာ ရုပ်ပိုင်းဆိုင်ရာကို ဦးစားပေးလွန်းတဲ့အခါမှာ စိတ်ပိုင်း ဆိုင်ရာ မွန်းကြပ်မှုတွေများလာပါရော.. ဒါကြောင့်လဲ ကိုယ့်ကိုကိုယ်သတ်သေမှု အများဆုံးနိုင်ငံတွေဟာ အလွန် ဖွံ့ဖြိုးတိုးတက်နေပါတယ်ဆိုတဲ့ နိုင်ငံတွေ ဖြစ်နေတာပါ။ အေးချမ်းတယ်ဆိုရာမှာတော့ ရှိတာလေးနဲ့ အဆင်ပြေ ပြေ အေးအေးချမ်းချမ်းနေချင်တာမျိုးလေးပါ။ ရှိတာလေးနဲ့ နေတယ်ဆိုတဲ့ နေရာမှာ ရောင့်ရဲလို့ နေတာမျိုးလဲ ရှိသလို ပျင်းရိလို့ အလုပ်မလုပ်ချင်လို့ နေတာမျိုးလဲ ရှိပါတယ်။ အဲဒီ့ နှစ်မျိုးကို ခွဲခြားသိပြီး ရောင့်ရဲမှုမျိုးသာ ဖြစ်အောင် ကြိုးစားသင့်တာပါ။

မြတ်စွာဘုရားရှင်ဟာ အိန္ဒိယနိုင်ငံတွင်းမှာ ပွင့်တော်မူခဲ့ပေမယ့်လည်း ဒေသစာရီခရီးကြွတော်မူပြီး ကျွတ်ထိုက် သော ဝေနေယျများကို ချေချွတ်တော်မူခဲ့ပါတယ်။ ဒါကြောင့်လဲ မြန်မာနိုင်ငံမှာ သာသနာတော်ရဲ့ အထင်ကရ ရွှေတိဂုံစေတီတော်ကြီး တည်ရှိနေတာ မဟုတ်ပါလား။ ဒါပေမဲ့ အပိုင်း(၁) မှာ ဆိုခဲ့တဲ့အတိုင်း မဟာယာန၊ ဟိန္ဒူဘာသာတို့ ရောယှက်ထားတဲ့ အရည်းကြီး အယူဝါဒဟာ မြန်မာနိုင်ငံအထက်ပိုင်းကို အချိန်အတိုင်းအတာ တခုအားဖြင့် လွှမ်းမိုးထားခဲ့ပါတယ်။ ခြွင်းချက်အားဖြင့် အဲဒီ့အချိန်မှာ ဗုဒ္ဓသာသနာ လုံးဝမရှိဘူးဟု မဆိုလိုပါ။ အဲဒီ့ကာလဟာ ဗြဟ္မာ၊ ဗိဿနိုး၊ နတ်နဂါးနဲ့ အရည်ကြီးတွေကို ကိုးကွယ်နေကြတဲ့အချိန်လို့ မှတ်သားဖူးပါတယ်။ ဒါကြောင့်လဲ အမျိုးမျိုးသော ယဉ်ကျေးမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါကို သတိထားသိရှိတဲ့ အနော်ရထာမင်းမြတ်ဟာ စစ်မှန်သော အယူဝါဒတခုကို လိုလားတောင့်တခဲ့ပါတယ်။ ဒီအချိန်မှာ တောပစ်သွားတဲ့ မုဆိုးတဦး ထူးဆန်းတဲ့ အဝတ်အစားကို ဝတ်ဆင်ထားတဲ့ ပုဂ္ဂိုလ်တဦးကို တောတွင်းမှာ တွေ့ပြီး ရဟန်းဆိုတာ သိခဲ့ရာကနေ ပုဂံခေတ် မြန်မာနိုင်ငံတော်မှာ ထေရဝါဒဗုဒ္ဓသာသနာ ပြန်လည် တောက်ပထွန်းလင်းလာခဲ့တာပဲ ဖြစ်ပါတယ်။

ဆက်မည်........

(တပိုင်းတပိုင်း အရှည်ကြီး ရေးသားလျှင် ဖတ်ရှုသူ ငြီးငွေ့မည်ကို ကိုယ်ချင်းစာလျက် ဤမျှလောက်ပင် ရေးသား ပါမည်။ အပိုင်း (၁)မှာ highlight ပြခဲ့သော နိုင်ငံခြားဆက်ဆံရေးအကြောင်းကို နောက်ပိုင်းလာမည့် အပိုင်းများ တွင် ထည့်သွင်းရေးသားပါမည်။ တူသော အပိုင်းများကိုသာ ပေါင်းစည်းစေလိုသော ဆန္ဒဖြင့် ဖြစ်ပါသည်။ ရှေ့အပတ်တွင် အနော်ရထာ မင်းကြီး၏ သမိုင်းကြောင်းအကျဉ်းချုပ်နှင့် သာသနာပြုခြင်းတို့ကို ဆက်လက် ဖော်ပြပါမည်။)

စောနန်းမွန်


Tuesday, November 9, 2010

ကျွန်မတို့ မရှုံးသေးပါ

6 comments
ကဲ... မဲတွေလိမ်လိုက်ပါပြီ။

မဲတွေကို ဆိုးဆိုးရွားရွားလိမ်လိုက်ပြီဆိုတာ သိလိုက်ရတဲ့အချိန်မှာ အရွေးခံခဲ့တဲ့ ကိုယ်စားလှယ်တွေ၊ ပါတီတွေတင် မကဘဲ ရွေးကောက်ပွဲအပေါ်ပုံအောယုံကြည်ခဲ့တဲ့ ဂျာနယ်တွေနဲ့ ကျွန်မတို့ ပြည်သူတွေ အားလုံး စိတ်ဓါတ်ကျကြတယ်။ ကျွန်မ စောနန်းမွန် ကတော့ စစ်ရေးကို စိတ်ဝင်စားခဲ့တဲ့အတွက် ရွေးကောက်ပွဲကနေ ခဏလေး အာရုံလွဲသွားမိပါတယ်။ လက်နက်ကိုင်တဲ့ တော်လှန်ရေး ကို လက်မခံတဲ့ စောနန်းမွန်တယောက် တိုက်ပွဲဖြစ်တယ်ဆိုတဲ့အချိန်မှာ ရင်ထဲက မေတ္တာတရားတွေ ပျောက်လုနီးပါး ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့ ငြိမ်းချမ်းရေးလမ်း အဖွဲ့သားတွေအပါအဝင် ပြည်သူအားလုံးရဲ့ ခံစားချက်တွေကို လျစ်လျူရှုမိနေတဲ့ ကိုယ့်အခြေ အနေကို ကိုယ် ပြန်သိလိုက်ရတာတော့ ငြိမ်းချမ်းရေးလမ်း အဖွဲ့သားတယောက်ရဲ့ ကျေးဇူးပါ။ မဲတွေ လိမ်လိုက်တဲ့အခါ သူတို့ i vote လုပ်ခဲ့တာ၊ i vote ကို ကူညီထောက်ပံ့ခဲ့တာတွေအတွက် နောင်တမရပေမဲ့ စိတ်ထဲ တနုံ့နုံ့ ဖြစ်ကြရတယ်တဲ့။ ဒါကြောင့် အရမ်းကို ဝမ်းနည်းနေတဲ့ ငြိမ်းချမ်းရေးလမ်းရဲ့ အဖွဲ့သားတယောက်အပေါ် အားပေးဖို့ ဖြစ်လာတယ်။ ဒါပေမဲ့ သူ့ကိုတင် အားပေးရမှာ မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ အရွေးခံ ကိုယ်စားလှယ်တွေ၊ ပါတီတွေနဲ့ ဂျာနယ်တွေ အားလုံးကို အားပေးဖို့ရန် ဖြစ်လာပါတယ်။

ပထမဆုံး ကျွန်မရဲ့ ရွေးကောက်ပွဲအပေါ်ထားရှိခဲ့တဲ့ သဘောထားကို တင်ပြပါမယ်။ ရွေးကောက်ပွဲမတိုင်ခင် နှစ်လ အလိုအထိ ကျွန်မ No vote နဲ့ i vote ကို လွန်ဆွဲခဲ့ပါတယ်။ တကယ် ပြောင်းလဲနိုင်မှာလား။ ဆိုတဲ့ မေးခွန်းကို ကိုယ်ဟာကိုယ် မေးခဲ့ပါတယ်။ မဲလိမ်မယ်ဆိုတဲ့ အနေအထားကိုလဲ ကြိုတင်ပြီး တွေးမိခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ငါတို့ ပြည်သူတွေ ညီရင် မဲလိမ်ရင်လဲ ငါတို့ နိုင်မှာပဲဆိုတဲ့ အတွေးနဲ့ ကျွန်မ i vote ဘက် မှာ ရပ်တည်ခဲ့ပါတယ်။ ကျွန်မမှာ ဘယ်သောအခါမှ နောင်တဆိုတာ မရှိဘူးဆိုတာလဲ သေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီ့အချိန်က ကျွန်မရဲ့ ယူဆချက်တွေကတော့

i vote မှာ မဲလိမ်ခဲ့ရင်တောင် ကျွန်မတို့ လုပ်နိုင်တဲ့ အခြားလုပ်ငန်းစဉ်တွေ အများကြီး လုပ်နိုင်သေးတဲ့ အတွက်ပါ။ နောက်တခုက ပြည်သူတရပ်လုံး မဲထည့်လာခဲ့ရင် ဘယ်နည်းနဲ့မှ လိမ်လို့ မရဘူးဆိုတဲ့ ယုံကြည်ချက်လဲ ရှိခဲ့ပါတယ်။

No vote ကတော့ ရွေးကောက်ပွဲကို ပစ်ပယ်မယ်ဆိုလိုက်တာနဲ့ တပြိုင်နက်တည်း လူထုလှုပ်ရှားမှုကို ဦးတည် သွားမှာ ဖြစ်တဲ့အတွက် ပြည်သူတွေ ရုန်းရင်းဆန်ခတ်နဲ့ ဘဝတွေ မိသားစုတွေ အသက်တွေ စတေးရဦးမယ့် အနေအထားကို ဘယ်နည်းနဲ့မှ လက်မခံနိုင်တဲ့အတွက်ပါ။ ၈၈ က တပါတီ အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့ ပါတယ်။ ဒါပေမဲ့ ခေါင်းတွေဖြတ်၊ အဆိပ်တွေခတ် အဲဒီ့ဒဏ်တွေကို ပြည်သူကို ထပ်ခံစေချင်သလား။

ဒါတွေကို တွေးခဲ့လို့ i vote ကို ပြတ်သားစွာ ရွေးချယ်ခဲ့ပါတယ်။

အခု မဲတွေ လိမ်လိုက်တဲ့အခါမှာတော့ နံပါတ် (၁)အနေနဲ့ မဲလိမ်ခံလိုက်ရတဲ့ အကြောင်းရင်းကို တင်ပြချင် ပါတယ်။ ဒါဟာ ကျွန်မတို့ရဲ့ မညီညွတ်မှုတွေကြောင့်ပါ။ ဟုတ်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပနေတဲ့ ရက်မှာ No vote တွေ အောင်မြင်ခဲ့တယ်လို့ အင်တာနက်ပေါ်မှာ တွေ့ရတယ်လို့ တဆင့် ကြားသိခဲ့ရပါတယ်။ ဟုတ်ပါတယ်။ No vote တွေ အဆင့်တဆင့်အထိ အောင်မြင်ခဲ့ပါတယ်။ ဒါကြောင့်လဲ မဲတွေ မတန်တဆ အလိမ် ခံလိုက်ရတာပါပဲ။ ဒါကို သက်သေခံပေးနေတာ ကျွန်မတို့ သျှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်ကပါ။ ပြည်မမှာတော့ အလိမ်ခံလိုက်ရပြီး ကိုယ်စားလှယ်တွေ မဲရသင့်လျက်နဲ့ ကြိုတင်ကြံစည်မဲလို့ နာမည်တပ်လိုက်ချင်တဲ့ မဲတွေကြောင့် ရှုံးနိမ့်ခဲ့ရပါ တယ်။ ဒါပေမဲ့ အဲဒီ့နေ့မှာသာ ကျွန်မတို့ ပြည်သူတွေ အားလုံး မတွေမဝေ မဲထည့်ခဲ့ မယ်ဆိုရင် သျှမ်းနဲ့ ရခိုင်လို ရလာဒ်ကောင်းတွေ ရခဲ့မှာပါ။ ဘယ်လောက်လိမ်လိမ် လိမ်လို့မရတာ အားလုံးရဲ့ ညီညွတ်ခြင်းကြောင့်ပါ။ မွန်ပါတီက MAU ကို ပြောခဲ့ပါတယ်။ No vote တွေ လိုက်လုပ်နေတာ ပါတီကို ထိခိုက်မှု တွေ ရှိလာနိုင်တယ်လို့ ပြောခဲ့ပါတယ်။ အခုပဲ ထိခိုက်သွားရပါပြီ။ ကျွန်မတို့ No vote သမားတွေကို တောင်းပန် ခဲ့ပါလျက်နဲ့ ကိုယ့်အတ္တတွေနဲ့ကိုယ် ပြည်သူကို ထိခိုက်စေခဲ့ပါပြီ။ ပြီးတော့ တချို့မဲဆန္ဒနယ်တွေမှာ ကြိုတင်မဲဆိုတာ ကြိုတင်မဲ အစစ်မဟုတ်ဘဲ မဲမပေးတဲ့ လူတွေရဲ့ မဲအရေအတွက်ကို ကြိုတင်မဲ လုပ်ပစ်တာ ရှိနေတယ် ဆိုတဲ့ အထောက်အထားတွေ ရှိနေတယ်၊ အဲဒါ No vote ရဲ့ ကျေးဇူးပါပဲ၊။

ထူးခြားချက်အနေဖြင့် မူဆယ်မြို့နယ်နောင်ဆိုင်ကျေးရွာအုပ်စု မဲရုံတွင် မဲပေးပိုင်ခွင့်ရှိ အားလုံးလာရောက် မဲပေးသွားကြပြီး ကြိုတင်မဲ လာရောက်ကောက်ယူစဉ်က မထည့်နိုင်ကြောင်း ငြင်းဆန်ခဲ့ပြီး ရွေးကောက်ပွဲနေ့မှ ထည့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သော ကျေးရွာအုပ်စုဖြစ်သည်။မူဆယ်မြို့နယ် နောင်ဆိုင် ကျေးရွာအုပ်စုက ဒေသခံတွေလောက် ပြည်သူတွေကို အဲလောက် အသိရှိအောင် လုပ်ပေးနိုင်ရင်ဘယ်လိုမှ လိမ်ရမှာ မဟုတ်ခဲ့ ပါဘူး။

မဲလိမ်နေပေမယ့် သျှမ်းနဲ့ ရခိုင်နိုင်ခဲ့တဲ့အတွက် ပြည်မဒေသတွေဟာ No vote ကန်ပိန်းကြောင့် ရလာဒ် ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်ဆိုတာ ငြင်းလို့ မရတော့ပါဘူး။ ကဲ.. ဘာမှ ပြန်ပြီး လုပ်ဆောင်လို့ မရတော့ပါဘူး။ No vote တွေရဲ့ အောင်ပွဲခံမှုဟာ ပြည်သူတွေရဲ့ ဒုက္ခနဲ့ ရင်းထားရတယ်ဆိုတာလေးပဲ သက်သေပြချင် မိပါတယ်။

I vote များ


မိတ်ဆွေတို့ အားလုံးရဲ့ I vote ဟာ အကျိုးရှိပါတယ်။ ကျွန်မတို့ လက်မဲ့မဟုတ်သေးဘဲ လုပ်ဆောင်နိုင်တဲ့ အရာတွေ ရှိအောင် I vote က ကူညီပေးခဲ့တာပါ။ I vote သာ မလုပ်ခဲ့ရင် ပြည်သူအားလုံး ရွေးချယ်စရာမရှိ ဆန္ဒပြမှုကိုသာ ရောက်ရှိစေခဲ့မှာပါ။ ခုတော့ I vote တွေရဲ့ ကျေးဇူးကြောင့် ကျွန်မတို့ ဒီမိုကရက်တွေရဲ့ အနိုင် ကို ကျွန်မတို့ သိရှိခဲ့ရသလို လိမ်လည်မှုသက်သေတွေလဲ ရရှိခဲ့ပါတယ်။ ဒါကြောင့် I vote တွေ အားလုံးဟာ အကျိုးရှိတဲ့လုပ်ရပ်ကို လုပ်ဆောင်ခဲ့သူတွေအဖြစ် သမိုင်းက မှတ်တမ်းတင်ထားပါလိမ့်မယ်။

စိတ်ဓါတ်မကျနဲ့

အမျိုးသားဒီမိုကရေစီ အင်အားစု၊ တစည စတဲ့ ပါတီတွေ လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါသေးတယ်ရှင်။ ရွေးကောက်ပွဲကော်မရှင်ကို ပထမအဆင့် သွားသင့်ပါသေးတယ်။ ဥပဒေအရ လုပ်ဆောင်နိုင်တာတွေ အများကြီး ကျန်ပါသေးတယ်။ ဒီအချိန်မှာ ဆန္ဒပြဖို့ ဆိုတဲ့အဆင့်အထိ မရောက်သင့်သေးပါဘူး။ ဒီနေရာမှာ ဆန္ဒပြမယ် ဆိုတာနဲ့ ပတ်သက်လို့ ဆန္ဒပြတယ်ဆိုတာ နောက်ဆုံးအဆင့် ဦးနှောက်ဉာဏ်ကို မသုံးနိုင်တော့၊ အချက်အလက်တွေ မခိုင်မာတော့တဲ့အခါမှာ ပြုလုပ်ရမယ့် အင်အားသုံးအဆင့်ပါ။ ကျွန်မတို့ လုပ်နိုင်စွမ်း အရည်အချင်းတွေ အရည်အသွေးတွေ ကုန်ဆုံးမသွားသရွေ့ ဆန္ဒပြပွဲဆိုတာကိုလဲ မလုပ်သင့်သေးဘူးဆိုတာ တင်ပြချင်ပါတယ်။ ဆန္ဒပြဖို့ ဦးတည်နေတဲ့လူတွေ သည်းခံကြပါကုန်။ ကျွန်မတို့ ပြည်သူအားကို ချိနဲ့စေခဲ့သူ တိုင်းဟာ ကျွန်မတို့ရဲ့ ရန်သူတွေဆိုရင် ကျွန်မတို့ပြည်သူမှာ မိတ်ဆွေဆိုတာ ပြည်သူတွေချည်း သီးသန့်သာ ရှိတော့မှာ ဖြစ်တဲ့အတွက် ဘယ်သူ့ရဲ့ တိုက်တွန်းချက်ကိုမဆို အောင်မြင်ဖို့အတွက် လမ်းမှာ တွေ့တဲ့ အခက်အခဲလို့ ထင်မှတ်ကြရအောင်လားရှင်။ မဲပေးချိန်မှာ မညီညွတ်ခဲ့လို့ အခုအချိန်မှာတော့ ပါတီတွေ၊ သတင်းဂျာနယ်တွေ၊ ပြည်သူတွေ တညီတည်း အေးချမ်းစွာနဲ့ ကြိုတင်မဲဖျက်သိမ်းပေးဖို့ကိစ္စကို ပထမအဆင့်ထား လုပ်ဆောင်ကြရအောင်။ ဒါမှ မရသေးရင် တဆင့်ထပ်တိုးတာပေါ့။ တခုတော့ သတိပေးလိုက် ချင်တာက ဆန္ဒပြတယ်ဆိုတာ ကျွန်မတို့မှာ အခြားလုပ်နိုင်တဲ့ အရည်အချင်းတွေ မရှိတော့မှသာ လုပ်ဆောင်ရ မယ့် အင်အားသုံးလုပ်ငန်းတခုဖြစ်ကြောင်းဆိုတာပါ။ ကျွန်မတို့တွေ အရည်အချင်းမမဲ့သေးပါဘူးနော်။

ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပါတီတွေ၊ တသီးပုဂ္ဂလတွေ၊နဲ့ အတူ ရဲရဲဝံ့ဝံ့ ပြည်သူ့ရှေ့ရပ်တည်ခဲ့တဲ့ Eleven ဂျာနယ်၊ Voice ဂျာနယ်၊ အနုပညာရှင်များ၊ I vote သမားများနဲ့ ရင်ထဲက အမှန်တကယ်မဲများကို ထည့်ခဲ့တဲ့ ပြည်သူတွေ အားလုံးကို လေးစားရင်း ကျွန်မတို့ မရှုံးသေးပါဘူးလို့ပြောကြားပါရစေ။ အားလုံး စိတ်ဓါတ်မကျဘဲ နောက်ထပ် တဆင့် ထပ်လှမ်းမယ်။ ကျွန်မတို့ရဲ့ သျှမ်းနဲ့ ရခိုင်က ပြည်သူတွေ ညီညွတ်မှုအတွက်လဲ ဂုဏ်ပြုလိုက်ကြ ရအောင်။


(ကျွန်မတို့အားကိုးနိုင်မယ့် လွှတ်တော်တက်ခွင့်ရမယ့် သျှမ်းနဲ့ ရခိုင်တို့ကိုလဲ ငဲ့ညှာပေးကြပါ။ သူတို့ဒေသက သူတို့ပြည်သူတွေပေးခဲ့တဲ့ရလာဒ်ကို သူတို့ပီတိဖြစ်နေချိန်မှာ ကိုယ့်ဒေသရဲ့ မညီညွတ်မှုကြောင့် ရှုံးနိမ့်ခဲ့ရမှု အတွက် ဒေါသတွေ ပွားမနေဘဲ အကောင်းဆုံးလမ်းကို ရွေးလျှောက်ကြပါရှင်)



စောနန်းမွန်





Sunday, October 31, 2010

မြန်မာနိုင်ငံ၏ အနှစ်သာရ (၁)

0 comments


ဒီတခေါက်မှာတော့ ကျွန်မတို့ အမိမြန်မာနိုင်ငံတော်ကြီးရဲ့ သမိုင်းကြောင်းကို ပြန်လှန်ပါရစေ။

၁၈၈၅ ခုနှစ်မှာ ကုန်းဘောင်ခေတ်မြန်မာနိုင်ငံတော်ဟာ ဗြိတိသျှတွေလက်အောက်ကို ကျရောက်ခဲ့ရတယ် ဆိုတာ ကျွန်မတို့အားလုံး သိပြီးသားကိစ္စပါ။ အဲဒီ့နောက်မှာ ကျွန်မတို့ရဲ့ ဘိုးဘွားမိဘတွေဟာ ဗြိတိသျှတွေကို ရရာ လက်နက်ကို ဆွဲကိုင်ပြီး တော်လှန်ခဲ့ကြတာလဲ ကျွန်မတို့ သိရှိပြီးသားပါပဲ။ ဒါပေမဲ့ ကျွန်မတို့ မေ့လျော့ နေခဲ့တာတွေ အများကြီးရှိနေခဲ့တယ်။ ပထမဆုံး ကျွန်မတို့ ထီးနဲ့ နန်းနဲ့ နေခဲ့ရတာနဲ့ ကိုလိုနီ လက်အောက် ဘာတွေ ကွာခြားသလဲ ကျွန်မဉာဏ်မှီသလောက် ပြောပြချင်ပါတယ်။

ကိုယ့်ထီးကိုယ့်နန်းနဲ့ နေခဲ့ရတဲ့အချိန်ဟာ တမျိုးသားလုံး တန်ဖိုးထား အမြတ်တနိုး လေးစားရာ အရာတွေဟာ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ဘုရင်မင်းမြတ်ရဲက စောင့်ရှောက်မှုကို ခံကြရပါတယ်။ ကိုလိုနီနယ်ချဲ့များကတော့ မြန်မာနိုင်ငံကို လာရောက်သိမ်းပိုက်တယ်။ သယံဇာတတွေကို ဝါးမြိုတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ တန်ဖိုးထား မှုတွေကို တန်ဖိုးမဲ့စေဖို့ အမျိုးမျိုး ကြိုးစားရင်း ၄င်းတို့ တန်ဖိုးထားတဲ့အရာကိုသာ စွယ်စုံနည်းလမ်းများ သုံးပြီး မြန်မာနိုင်ငံတွင်းကို ဝင်ရောက်စေခဲ့ပါတယ်။

ကျွန်မတို့ ထီးနဲ့ နန်းနဲ့ နေခဲ့ရတဲ့ အချိန်ကာလတုန်းက တန်ဖိုးအမြင့်ခဲ့ဆုံးနဲ့ တန်ဖိုးအထားဆုံး ခံခဲ့ရတာဟာ သာသနာတော်ပါ။ အဲဒီ့နောက်မှာတော့ ကျွန်မတို့ရဲ့ ရိုးရာဓလေ့နဲ့ ယဉ်ကျေးမှုတွေပါ။ ကျွန်မတို့ အမိမြေ အတွင်းမှာ တိုင်းရင်းသားတွေလဲ နေထိုင်ကြတဲ့ နည်းတူ.... ကိုးကွယ်ရာဘာသာတရားတွေ၊ ရိုးရာဓလေ့တွေ ရှိခဲ့ ကြပါတယ်။ ကျွန်မလေ့လာသိရှိခဲ့ရသလောက် ကျွန်မတို့ရဲ့ ဘုရင်တွေဟာ နယ်မြေတွေ တိုက်ယူရာမှာတောင် ၄င်းဒေသတွေရဲ့ ဘာသာတရားအပေါ်မှာ လေးစားသမှု ရှိခဲ့တာပါ။ ဥပမာ အားဖြင့် အနော်ရထာမင်းကြီးရဲ့ သာသနာပြုမှတ်တမ်းကို ပြန်ကြည့်ရအောင်ပါ။ အနော်ရထာမင်းတရားကြီးဟာ သုဝဏ္ဏဘူမိ သထုံပြည်ကို တိုက်ခိုက်ခဲ့တာတောင် ပိဋကတ်တော်တွေကို တန်ဖိုးထားပြီး ပင့်ဆောင်တော်မူခဲ့ပါတယ်။ မိမိ တိုင်းပြည်မှာ ကိုးကွယ်နေတဲ့ဘာသာ (ဒိဌိဝါဒီ အရည်းကြီးများ) ဟာ စစ်မှန်တဲ့ ဘာသာတရားမဟုတ်တာကို သိရှိခဲ့တဲ့ အလျောက် မင်းတရားကြီးဟာ ပုဂံပြည်မှာ ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် စွမ်းစွမ်းတမံ ထမ်း ရွက်ခဲ့ပါတယ်။ ဒီမှာ တခု ထည့်သွင်းဖော်ပြချင်တာကတော့ ဗုဒ္ဓသာသနာတော် မြန်မာနိုင်ငံတွင်းမှာ ထွန်းကားခဲ့ တာဟာ အနော်ရထာမင်းကြီး လက်ထက်တော်မှာမှ မဟုတ်ပါဘူး။

ရွှေတိဂုံစေတီတော်မြတ်ကြီး၊ ကျိုက်ထီးရိုးဆံတော်ရှင်၊ မဟာမုနိရုပ်ရှင်တော်မြတ်အပါအဝင် ညီတော်မုနိများ ဖြစ်တဲ့ ရှင်ကျော်မုနိ၊ ရွှေဘုံသာမုနိ၊ မာန်အောင်မြင် မုနိ၊ ရွှေစက်တော်လို့ ခေါ်ကြတဲ့ မြတ်စွာဘုရားရှင်ရဲ့ ခြေတော်ရာ၊ မကွေးကျောင်းတော်ရာ၊ အသောကမင်းကြီး တည်ထားခဲ့တဲ့ ကောင်းမှုတော်တွေ စတာတွေဟာ အနော်ရထာမင်းတရားကြီးမတိုင်မီတည်းက မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာတော် ထွန်းကားခဲ့တယ်ဆိုတဲ့ သက်သေသာဓကတွေပါ။ အဲဒီ့ သာသနာတော် ထွန်းကားခဲ့ပြီးကာမှ အထက်မြန်မာပြည်တဝှမ်းမှာ ဘာကြောင့် အရည်းကြီးဝါဒတွေ ထွန်းကားခဲ့ရတာလဲ။

အထက်မြန်မာပြည်တဝှမ်းကို ကြည့်ရင် ပျူခေတ်ရဲ့ နိုင်ငံခြားဆက်ဆံရေးကို လေ့လာရရှိမိသလောက် တရုတ်နဲ့ အဆက်အဆံ များခဲ့ပါတယ်။ အိန္ဒိယနဲ့ လဲ ဆက်ဆံမှုတွေ ရှိခဲ့တယ်လို့ သမိုင်းပညာရှင်များက ယူဆထားကြ ပါတယ်။ အဲဒီ့အချိန်တွေမှာ ပျူနိုင်ငံတချို့ ဟာ ဟိန္ဒူဘာသာကို ကိုးကွယ်ခဲ့တဲ့ သက်သေများလဲ ရှိပါတယ်။ တရုတ်ကနေ မဟာယန ယုံကြည်မှုတွေ ဝင်ရောက်ခဲ့တာ၊အိန္ဒိယနိုင်ငံရဲ့ အဓိက ကိုးကွယ်မှု ဖြစ်ခဲ့တဲ့ ဟိန္ဒူဘာသာရောက်ရှိလာမှုတွေဟာ နိုင်ငံခြား ဆက်ဆံရေး ကို အခြေတည်ပြီး ဝင်ရောက်ခဲ့ကြတာလို့ သံသယ ဖြစ်စရာမရှိပါဘူး။ ထိုမှတဆင့် မဟာယနကို အခြေခံပြီး အရည်းကြီးဝါဒ ပေါ်ပေါက်လာတယ်လို့ ယူဆရပါ တယ်။ (အရည်းကြီးဝါဒ ပေါ်ပေါက်လာပုံကို ပိုမိုတိကျစွာဖြင့် ပို့စ်တပုဒ်အသွင် ရေးသားနိုင်ဖို့ကျွန်မတို့ အဖွဲ့သားများထဲမှ သမိုင်းလေ့လာသူ မောင်နေသူရိန်က သမိုင်းပညာရှင်များ ရေးသားထားပြီးတဲ့ အချက်အလက်များကို စုစည်းနေပါတယ်။) တပြိုင်နက်တည်းမှာပဲ အောက်မြန်မာပြည်ဖြစ်တဲ့ သရေခေတ္တရာ၊ သုဝဏ္ဏဘူမိတို့မှာ အသောကမင်းကြီးလက်ထက်တော်ကနေ ကျန်ရစ်ခဲ့တဲ့ ဗုဒ္ဓသာသနာ အမွေအနှစ်တွေနဲ့ သီဟိုဠ်နိုင်ငံရဲ့ ဆက်ဆံခဲ့မှုတွေကနေ ထေရဝါဒသာသနာတော် ထွန်းကားပြန့်ပွားခဲ့တဲ့ အချိန်အခါ ဖြစ်ပါတယ်။ ဒီမှာ တချက် highlight လုပ်ချင်တာလေး ရှိပါတယ်။ နိုင်ငံခြားဆက်ဆံရေးပါ။ ဒါကို highlight ရတဲ့ အကြောင်းရင်းကို (၂)မှာ ဖော်ပြပါမယ်။


ဒါကြောင့် ထေရဝါဒ ဗုဒ္ဓသာသနာဟာ အနော်ရထာမင်းတရားကြီးလက်ထက်တော်မှာမှ ပေါ်ပေါက်ခဲ့တာ မဟုတ် သလို ပထမမြန်မာနိုင်ငံတော် စတင်မပေါ်ပေါက်မှီတည်းကရှိခဲ့တဲ့ သာသနာတော် ဖြစ်နေတာမို့ ထေရဝါဒ ဗုဒ္ဓသာသနာဟာ မြန်မာနိုင်ငံရဲ့ အသည်းနှလုံးလို့ ခေါ်ထိုက်ကြောင်း ပထမဆုံး တင်ပြရေးသားအပ်ပါတယ်။


(တပတ်လျှင် တပိုင်း တင်ပြနိုင်ရန် ကြိုးစားပါမည်။ မြန်မာနိုင်ငံသား မျိုးချစ်သူအားလုံးကို ဤပို့စ်လေးအား ဖတ်ရှုစေချင်သလို ကျွန်မလဲ မအားလပ်တဲ့အချိန်တွေကနေ ဒီပို့စ်လေးအတွက် အချက်အလက်များ စုစည်းခြင်း နဲ့ ရေးသားခြင်းတို့ကို ပြုလုပ်မည့်အကြောင်း ကတိပေးပြောကြားပါတယ်။)

စောနန်းမွန်

Friday, October 22, 2010

အရှုပ်ထွေးဆုံးဆိုပေမဲ့ စဉ်းစားတတ်ရင် အဖြေရှိပါတယ်

0 comments

ဟိုးရှေးရှေးတုန်းက အိန္ဒိယလူမျိုးတွေနေထိုင်တဲ့ ရွာငယ်လေးတရွာမှာ လယ်သမားတယောက်ဟာ ကံမကောင်း စွာနဲ့ပဲ တော်တော်ဆိုးပြီး အသက်ကြီးတဲ့ လူတယောက်ဆီမှာ ပိုက်ဆံအကြွေးပေးစရာတွေ အများကြီး ရှိနေခဲ့ တယ်။

အဲဒီ့ပိုက်ဆံချေးထားတဲ့ လူကြီးဟာ အရမ်းကို ချောမောလှပတဲ့ လယ်သမားရဲ့ သမီးကို လက်ထပ်ချင်နေတယ်။ ဒါကြောင့် သူဟာ တောင်းဆိုခဲ့တယ်။ တကယ်လို့ လယ်သမားရဲ့ သမီးကိုသာ လက်ထပ်ခွင့်ရမယ်ဆိုရင် လယ်သမားကြီးယူထားတဲ့ ပိုက်ဆံအကြွေးတွေကို မေ့ပစ်လိုက်မယ်လို့ ပြောလိုက်တယ်။ အဲဒီ့တောင်းဆိုချက် ကို ကြားလိုက်ရတဲ့အခါ လယ်သမားနဲ့ သူ့သမီးဟာ ကြောက်လန့်သွားကြတာပေါ့။

အဲဒီတော့ ပိုက်ဆံချေးငှားတဲ့လူကြီးက ဒီကိစ္စနဲ့ပတ်သက်ပြီး ကံကြမ္မာကပဲ ဆုံးဖြတ်ပါစေ ဆိုပြီး အကြံပေးလိုက် တယ်။

သူက ကျောက်တုံးအနက်ရောင်နဲ့ ကျောက်တုံးအဖြူရောင် နှစ်ခုကို ပိုက်ဆံအိတ်အလွတ်ထဲကို ထည့်မယ်။ လယ်သမားသမီးလေးက အဲဒီ့အိတ်ထဲက ကျောက်တုံးတတုံးကို ယူရမယ်။

၁) တကယ်လို့ လယ်သမားသမီးလေးက ကျောက်တုံးအနက်ရောင်ကို ရမယ်ဆိုရင် ပိုက်ဆံချေးတဲ့လူကြီးကို

လက်ထပ်ရမှာဖြစ်ပြီး သူ့အဖေ လယ်သမားရဲ့ အကြွေးတွေလဲ ပြန်ဆပ်စရာ မလိုဘူး။

၂) တကယ်လို့ လယ်သမားသမီးလေးက ကျောက်တုံးအဖြူရောင်ကို ရမယ်ဆိုရင် ပိုက်ဆံချေးတဲ့လူကြီးကို

လက်ထပ်စရာ မလိုဘူး။ သူ့အဖေ လယ်သမားရဲ့ အကြွေးတွေလဲ ပြန်ဆပ်စရာ မလိုဘူး။

၃) တကယ်လို့ လယ်သမားသမီးလေးက ကျောက်တုံးရွေးဖို့ကို ငြင်းမယ်ဆိုရင်တော့ သူမရဲ့ ဖခင်

လယ်သမားကို ထောင်ချပစ်မယ်လို့ ပြောတယ်။

သူတို့ဟာ လယ်သမားရဲ့ လယ်ကွင်းထဲက ကျောက်တုံးအပုံနားမှာ ရပ်လိုက်ကြတယ်။ သူတို့ပြောခဲ့တဲ့ အတိုင်းပဲ ပိုက်ဆံချေးငှားတဲ့လူကြီးက ကျောက်တုံး နှစ်တုံးကို ကောက်ယူလိုက်တယ်။ သူကောက်လိုက်တဲ့ အချိန်မှာပဲ မျက်စိလျင်တဲ့ လယ်သမားသမီးလေးက သူ အနက်ရောင်ကျောက်တုံးနှစ်တုံးကို ကောက်ပြီး အိတ်ထဲ ထည့်လိုက်တာကို မြင်လိုက်တယ်။

ပိုက်ဆံချေးငှားတဲ့လူကြီးကလဲ လယ်သမားသမီးကို ကျောက်တုံးတတုံးကို ရွေးယူဖို့ ပြောလိုက်တယ်။

ဖြစ်နိုင်တဲ့ အခြေအနေတွေကို ဂရုတစိုက်နဲ့ ဆန်းစစ်ကြည့်ရအောင်။

၁) လယ်သမားသမီးလေး ကျောက်တုံးကို မယူဘဲ နေမယ်။

၂) အိတ်ထဲမှာ ကျောက်တုံးအနက်ရောင် နှစ်တုံးကို ပြရမယ်။ ပြီးတော့ ပိုက်ဆံချေးငှားတဲ့လူကြီး

လိမ်ညာကြောင်း ထုတ်ဖော်မယ်။

၃) အနက်ရောင်ကျောက်တုံးကို ကောက်ယူပြီး သူမ၏ဖခင် ထောင်မကျရေးအတွက် သူမကိုယ်ကို စတေးမယ်။

ကောင်းပြီ.. သူမ ပြုလုပ်ခဲ့တာကတော့

ပိုက်ဆံအိတ်ထဲကို လက်ထည့်ပြီး ကျောက်တုံးကို ယူလိုက်ပါတယ်။ အဲဒိ့ကျောက်တုံးကို ကြည့်မနေဘဲ ချက်ချင်း ပစ်ချလိုက်တယ်။ အဲဒီ့အခါမှာ ကျသွားတဲ့ ကျောက်တုံးဟာ အခြားကျောက်တုံးတွေနဲ့ ရောနှော သွားပြီး သူမယူလိုက်တာ ဘယ်ကျောက်တုံးမှန်း မသိရတော့ဘူး။

“အိုး.. ကျွန်မ အရမ်းကို နမော်နမဲ့နိုင်တာပဲ” “ ဒါပေမဲ့ စိတ်မပူပါနဲ့။ ပိုက်ဆံအိတ်ထဲမှာ ကျန်နေခဲ့တဲ့ ကျောက်ခဲ တုံးကို ပြန်ကြည့်ပြီး ကျန်ခဲ့တဲ့ဟာကို ကြည့်တာနဲ့ ဘယ်ကျောက်တုံးကို ယူခဲ့တယ်ဆိုတာ သိနိုင်ပါတယ်” လို့ ပြောလိုက်တယ်။

ကျန်နေတဲ့ကျောက်တုံးဟာ အနက်ရောင်ဖြစ်နေတဲ့အတွက် သူမကောက်ယူခဲ့တဲ့ ကျောက်တုံးဟာ အဖြူရောင် ဖြစ်ရမယ်လေ။ ပိုက်ဆံချေးတဲ့လူကလဲ သူ့ရဲ့ မရိုးသားမှုကို ဝန်မခံချင်တာကြောင့် ဘယ်လိုမှ မဖြစ်နိုင်ဘူး လို့ ထင်တဲ့ အခြေနေတခုကနေ အရမ်းကို ကောင်းမွန်တဲ့ အခြေအနေကို ပြောင်းလဲနိုင်ခဲ့တယ်။

ဤပုံပြင်၏ ဆောင်ပုဒ် - အရှုပ်ထွေးဆုံးပြဿနာတခုမှာ အဖြေရှိတယ်။ အဲဒါကို ကျွန်ုပ်တို့ တွေးဖို့ စိတ်မကူးခဲ့ ဖူးဘူး။

(The Money Lender and the two pebbles ကို တတ်အားသမျှ ဘာသာပြန်ဆိုသည်။)

Friday, October 15, 2010

အားမလျှော့နဲ့ ဒီမိုကရက်

1 comments
၂၀၁၀ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံပြောင်းလဲဖို့ လမ်းစပါ။ ဒီရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် အမျိုးမျိုး သော ပါတီတွေထဲမှာ.. စစ်အစိုးရရဲ့ လက်အောက်ခံတဖြစ်လဲ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မဆလ လက်ဟောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ တို့ ပါဝင်တဲ့အလျောက် ကျွန်မတို့ ယုံကြည် အားထားစရာ ဒီမိုကရက်တစ် ပါတီတွေ ပါဝင်နေပါသေးတယ်။ လက်ရှိအချိန် အများပြည်သူ ယုံကြည်အားထားမှု အများဆုံးကို ရရှိနေတဲ့ အမျိုးသားဒီမိုကရေစီ အင်အားစု၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတတ်ရေးပါတီ စတဲ့ ဒီမိုကရေစီ အင်အားစုတွေလဲ ပါဝင်နေပါတယ်။ ဒီတလောအတွင်း မှာ ရွေးကောက်ပွဲသတင်းဟာ Hot News ဖြစ်နေသလို အဲဒီ့ပါတီထဲက ပါတီအချို့ဟာလဲ အင်မတန်မှ စိတ်မကောင်းဖွယ် အဖြစ်တွေနဲ့ ရင်ဆိုင်နေရပါ သေးတယ်။

ကိုယ်နဲ့မတူရင် ကိုယ့်ရန်သူပဲလို့ သတ်မှတ်ထားတဲ့ မြန်မာ့နိုင်ငံရေးလောကဟာ အင်မတန်မှ ရှုပ်ထွေးလှတယ် လို့ ပြည်သူတယောက်အနေနဲ့ မြင်မိပါတယ်။ အခုပဲ မြန်မာနိုင်ငံပြောင်းလဲမှုအဖြစ် ယုံကြည်လို့၊ Check & Balance လုပ်နိုင်ဖို့အတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒီမိုကရက်တစ်ပါတီတွေအပေါ် ပြည်သူမဟုတ်တဲ့ အတိုက်အခံနိုင်ငံရေးသမားများ၊ ပြည်သူမဟုတ်တဲ့ လက်ရှိ အစိုးရအဖွဲ့၊ ပြည်သူမဟုတ်တဲ့ ရွေးကောက်ပွဲ ဝင်မယ့် ပါတီအချင်းချင်း... က တိုက်ခိုက်မှုတွေ ရှိနေပါတယ်။

အတိုက်အခံနိုင်ငံရေးသမားများ ပြည်သူမဟုတ်ပါ

အချက်အချို့ရှိပါတယ်။ လက်ရှိအတိုက်အခံ နိုင်ငံရေးသမားများဟာ ပါတီဝင်များ၊ သမဂ္ဂဝင်များ ဖြစ်ကြတဲ့ အတွက် ပြည်သူဆိုတာထက် ပါတီစွဲ၊ သမဂ္ဂစွဲများပေါ်ကို အရေးပေးကြပါတယ်။ ဒါကြောင့် တိုင်းရေးပြည်ရာနဲ့ ပတ်သက်တဲ့အခါ တွေးတော ချက်တွေဟာ ပြည်သူတွေလို ဖြူစင်ရိုးသားတဲ့အတွေးမျိုးမဟုတ်ဘဲ လှည့်ပတ်ပြီး ပါတီကောင်းစားရေးအတွက်၊ သို့တည်းမဟုတ် ကိုယ်ယုံကြည်တဲ့အရာ ဖြစ်မြောက်ရေးအတွက်ကို ပိုလို့ ဦးစားပေးတတ်ပါတယ်။ ပြည်သူကတော့ မိမိတို့ရဲ့ လိုလားချက်ကို မိမိတို့အမြင်အလျောက် ဖော်ပြတတ်ပါ တယ်။ ဒါကြောင့် အတိုက်အခံ နိုင်ငံရေး သမားများဟာ ပြည်သူတွေလောက် မရိုးစင်းတော့တဲ့အတွက် ပြည်သူ တွေ မဟုတ်တော့ပါဘူး။ နောက်တချက်က လက်ရှိ မြန်မာနိုင်ငံရဲ့ အတိုက်အခံအင်အားစုအခြေစိုက်ရာနဲ့ အတိုက်အခံနိုင်ငံရေးစီးကြောင်းဟာ ပြည်တွင်းမှာ အခြေတည်မှုနည်းနေပြီး ပြည်ပမှာ အခြေစိုက်မှု အားများနေ တယ်လို့ လေ့လာထားမိသလောက် တွေ့ရပါတယ်။ ပါတီစွဲကင်း၊ သမဂ္ဂစွဲကင်း(စစ်မှန်သော အလုပ်သမားသမဂ္ဂ မှလွဲ၍) ၊ မူဝါဒစွဲကင်းပါမှ ပြည်သူလို့ခေါ်ဆိုနိုင်ပါမယ်။

(စစ်မှန်သော အလုပ်သမားသမဂ္ဂဆိုင်ရာကို နောင်အခါများတွင် အလျဉ်းသင့်သလို တင်ပြပါမည်။)

လက်ရှိအစိုးရသည် ပြည်သူမဟုတ်။

ဒါကိုတော့ အကျယ်တဝင့်ပြောပြစရာမလိုပါဘူး။ သူတို့ပြည်သူမဟုတ်လို့သာ ပြည်သူကို ကိုယ်ချင်းစာစိတ် မဲ့ခဲ့ တာပေါ့။ ဒီမိုကရေစီနိုင်ငံဖြစ်လဲ အစိုးရကို ပြည်သူလို့ တွက်လို့ မရပါဘူး။ အာဏာနဲ့ တွဲဖက်နေတဲ့အတွက် ဖြူစင်မှု အပြည့်အဝမရှိနိုင်ပါဘူး။

ရွေးကောက်ပွဲဝင်မည့် ပါတီများလဲ ပြည်သူမဟုတ်။

ဒါလဲပဲ ပထမ အတိုက်အခံများ ပြည်သူမဟုတ်တာနဲ့ ဆင်တူပါတယ်။ ကိုယ့်ပါတီ အနိုင်ရရှိရေးအတွက်တဖက်၊ နိုင်ငံကို ပြောင်းလဲပေးစေချင်တဲ့စိတ် တဖက်နဲ့မို့... တရားချည်းမဟုတ်ဘဲ တဖက်မှာ ဓါးပါနေပါတယ်။ (တရားတဖက်၊ ဓါးတဖက်ဆိုတာ နိုင်ငံရေးသမားတော်တော်များများရဲ့ လက်ကိုင်စကားဖြစ်သလို တဖက်မှာ တရားမျှတမှုဖြစ်စေချင်ပေမဲ့ တဖက်မှာလဲ ဓါးတပြပြနဲ့လို့ မြင်မိပါတယ်။) နိုင်ငံတော်အာဏာကို ရရှိသည် ဖြစ်စေ၊ မရရှိသည်ဖြစ်စေ... နိုင်ငံရေးပါတီအဖြစ် တည်ရှိနေသမျှ ပြည်သူမဟုတ်ပါဘူး။ ဒါလဲပဲ ပါတီစွဲကို အခြေခံ နေတဲ့ အမျိုးသားရေးမူကြောင့်ပါ။


အားမလျှော့နဲ့ ဒီမိုကရက်

အထက်မှာ ဖော်ပြခဲ့သလိုပဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီများအားလုံးထဲမှာ ဒီမိုကရေစီနဲ့အတူ နိုင်ငံပြောင်းလဲမှု ကို လိုလားတဲ့ အထက်ပါ (၃)မျိုးမှ ကင်းလွတ်သော ပြည်သူအများစုနှစ်သက်သာ ဒီမိုကရက်တစ် ပါတီတွေ ဖြစ်နေတာကို တွေ့ရှိပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစရာတခုက အထက်ပါ (၃) မျိုးနှင့် ငြိစွန်းသော ပြည်သူလို့ မိမိကိုယ်မိမိ အမည်ခံထားသူများဟာ ပြည်ခိုင်ဖြိုးပါတီကိုလဲ ပြစ်တင်ရဲ့၊ တစညပါတီကိုလဲ ပြစ်တင်ရဲ့၊ ဒီမိုကရေစီလိုလားလို့ Check & Balance ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဝင်ပြိုင်မယ့် ဒီမိုကရက်တစ်ပါတီတွေကို ပြစ်တင်နေတာတွေ တွေ့လာရတဲ့အခါ လက်ရှိမှာ ကျွန်မ ပြည်သူတယောက်အနေနဲ့ ဝမ်းနည်းမိပါတယ်။ ပထမ ဆုံးအကြိမ်အတွေ့အကြုံပါ။ ဒီအတွက် မျက်ရည်စို့မိပါတယ်။ ကျွန်မတို့လိုချင်တာ နိုင်ငံပြောင်းလဲဖို့ပါ။ တချက်တည်းနဲ့ ပြောင်းလဲဖို့ဆိုတာ ကျွန်မတို့အတွက် အင်မတန်မှ ခဲယဉ်းပါတယ်။ ဖြစ်ခဲ့ရင်လဲ ပြန်လည်ပြုပြင် ဖို့ အချိန် အနည်းဆုံး ၁၀ နှစ်ပေးရပါဦးမယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဥပမာ တခုအနေကို ကျွန်မ ရေးသားခဲ့တဲ့ နားလည်ပေးကြပါ... (၁) မှာ ဖတ်ရှုနိုင်ပါတယ်။ ရရှိလာတဲ့ အနေအထားလေးကို အကောင်းဆုံး ပြင်ဆင်ပြီး တဖြေးဖြေးနဲ့ ပိုတိုးလို့ ပြောင်းလဲပြင်ဆင်နိုင်မယ်လို့လဲ ယုံကြည်ပါတယ်။ လူတွေသာ စဉ်းစားဉာဏ်ရှိရှိနဲ့ လုပ်ဆောင်ကြမယ်ဆိုရင် သွေးတွေစွန်းထင်းပြီးမှ ပြောင်းလဲနိုင်မယ် ဒါမှမဟုတ် မဖြစ်နိုင်တော့တဲ့ အနေအထား တခုကို ပြန်ဖန်တီးပြီးမှ ပြောင်းလဲနိုင်မယ်ဆိုတဲ့ အမြင်တွေကို ဖယ်ထုတ်နိုင်ကြမှာပါ။ စစ်အစိုးရက ပြည်ခိုင်ဖြိုးကို ကူညီထောက်ပံ့ပေးနေရင် စစ်အစိုးရကို မလိုလားတဲ့ ကျွန်မတို့ပြည်သူတွေနဲ့တကွသော ပြည်သူကို ချစ်ပါတယ် ဆိုတဲ့ အတိုက်အခံနိုင်ငံရေးသမားတွေက ဒီမိုကရက်တစ်တွေကို မကူညီသင့်ဘူးလား။ ပြည်သူက ကူညီပါတယ်။ အတိုက်အခံတွေကိုတော့ မေတ္တာရပ်ခံချင်မိတာက မကူညီချင်ရင်လဲ တိတ်ဆိတ်စွာ နေပေးစေချင်ပါတယ်။ မျှော်လင့်တကြီးနဲ့ နောက်ထပ် နှစ် (၂၀)တော့ ထပ်မစောင့်ပါရစေနဲ့တော့။ မတည်မငြိမ်ဖြစ်အောင် မလုပ်ဖို့လဲ အထူးမေတ္တာရပ်ခံချင်ပါတယ်။ ဒီတခါ စစ်အာဏာထပ်သိမ်းခံရမယ်ဆိုရင် ကျွန်မတို့ ပြည်သူတွေရဲ့ မျှော်လင့် ချက် အပြီးတိုင် ပျောက်ဆုံးသွားမှာပါ။ စစ်အာဏာရှင်ကို မယုံကြည်ပါနဲ့။ ပြည်သူကိုတော့ ယုံကြည်ကြပါ။ ကျွန်မတို့ ပြည်သူတွေဟာ လုပ်နိုင်စွမ်းအားတွေ ဉာဏ်ပညာအားတွေ ရှိနေတယ်ဆိုတာကို ကျေးဇူးပြုပြီး ယုံကြည်ပေးကြပါ။ အဘက်ဘက်က ထိုးနှက်တိုက်ခိုက်ခံနေရတဲ့ ဒီမိုကရက်တစ်ပါတီတွေကို ထပ်ပြီး ထိုးနှက် တိုက်ခိုက်မှု ပြုမနေပါနဲ့။ ပြည်သူလိုချင်တာက သူတို့ဆန္ဒတွေကို ဖော်ဆောင်ရာမှာ ဦးဆောင်မယ့် ခေါင်းဆောင်ပါ။ မိမိလိုလားချက် မိမိဆန္ဒကို ဖော်ဆောင်ဖို့ ပြည်သူကို ဦးဆောင်နေတဲ့ ခေါင်းဆောင်တော့ မလိုချင်ပါဘူး။ ဒါကြောင့် ပြည်သူတို့ကို ဦးဆောင်မယ်ဆိုရင်တော့ ပြည်သူ့ဆန္ဒများကို ကိုယ်တိုင်ကိုယ်ကျ လာရောက်လေ့လာပေးပါ။ ပတ်ဝန်းကျင်တကွက်စာကလေးက ပြောဆိုနေတဲ့ စကားတွေကို အယုံမလွယ်ကြပါ နဲ့။ ကျွန်မတို့ မြန်မာပြည်သူတွေဟာ အမြှောက်သိပ်ကြိုက်သလို မြှောက်ပင့်ပေးရာမှာလဲ တော်ကြသတဲ့...။ တခုပါပဲ... ဒီမိုကရက်တစ်တွေကိုတော့ အားမလျှော့စေချင်ဘူး။ ဒီပထမ (၅) နှစ်မှာ အပြတ်အသတ် နိုင်ဖို့ဆိုတာ မသေချာပေမဲ့ ပထမ (၅) နှစ်ပေါ်မှာ အခြေခံပြီး လွှတ်တော်ထဲကို ပါဝင်နိုင်သမျှအင်အားနဲ့ ဒုတိယ (၅) နှစ်အတွက် အကောင်းဆုံး ပြင်ဆင်နိုင်ကြမှာပါ။ ဒီနည်းလမ်းက စောင့်ရ (၅) နှစ်ပေါ့ရှင်။

စောနန်းမွန်



Thursday, October 14, 2010

မြန်မာနိုင်ငံနှင့် ရွေးကောက်ပွဲ (၃)

1 comments
အခု ပိုစ့်မှာ အဓိက ပြောချင်တာကတော့ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်တွေ အတွက် အဓိက ပြောချင်ပါတယ်။ ပါတီတွေရဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းမှုတွေကနေ ရရှိသလောက်စာရင်းတွေကို လေ့လာပြီး ရေးရတာပါ။ ဒါကြောင့် ပြည့်စုံမှုတော့ ရှိမှာ မဟုတ်ဘူးဆိုတာ ဝန်ခံ ပါရစေ။

ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုပြီးတဲ့ ကိုယ်စားလှယ်လောင်း စာရင်းကို သက်ဆိုင်ရာ ရက်ကွက်/ကျေးရွာအုပ်စု ကော်မရှင်ခွဲ တွေမှာကပ်ထားတယ် ဆိုပေမယ့် သတင်းစာတွေမှာ တရားဝင်ကြေညာတာမျိုး မရှိပါဘူး။ မီဒီယာတွေကိုလည်း ထုတ်ပြန်ခြင်း မရှိပါဘူး။ မီဒီယာတွေက ကော်မရှင်ကို တိုက်ရိုက်ဆက်သွယ်ပြီး မေးမြန်းတဲ့ နေရာမှာလည်း အခက် အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။ Eleven Media ရဲ့ ဒီသတင်းမှာ ကြည့်ပါ - ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံမှ သတင်းရရှိရန် အခက်အခဲ ရှိနေ ။ ဒါဟာ တကယ်တော့ မဖြစ်သင့်တဲ့ ကိစ္စပါ။ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း စာရင်းဟာ လျှို့ဝှက်ထားစရာ နိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စမဟုတ်ပါဘူး။ သတင်းစာတွေမှာ ထည့်ဖို့လည်း ဘာမှ အပန်းမကြီးနိုင်တဲ့ ကိစ္စပါ။ မဲဆန္ဒနယ်တွေ ကြေငြာတုန်းကလောက်တောင် စာမျက်နှာ မကုန်နိုင်ပါဘူး။ သက်ဆိုင်ရာ မဲပေးမယ့် မဲဆန္ဒရှင်တွေက သူတို့ပေးရမယ့် ကိုယ်စားလှယ် စာရင်းကို သိချင်ရင် ရပ်ကွက်ကော်မရှင်ရုံးမှာ သွားကြည့်နိုင်တာပဲ၊ သတင်းစာကနေ တနိုင်ငံလုံးစာရင်းကို ထုတ်ပြန်ပေးဖို့ လိုလို့လား ဆိုရင် လိုအပ်တယ်လို့ ဖြေရပါမယ်။ ဘာကြောင့်လဲ ဆိုတော့ မဲဆန္ဒနယ်ကနေ အဝေးရောက်နေတဲ့အတွက် ကြိုတင်မဲနဲ့ပေးရမယ့် သူတွေရှိပါတယ်။ တခြားမြို့ တစ်မြို့ ရောက်နေလို့ ဖြစ်စေ၊ နိုင်ငံရပ်ခြား ရောက်နေလို့ ဖြစ်စေ မဲဆန္ဒနယ်ရှင် တယောက်ဟာ သူပေးရမယ့် မဲဆန္ဒနယ်မှာ ဘယ်သူတွေ ဝင်ပြိုင်သလဲ ဆိုတာ ကြိုသိသင့်ပါတယ်။ မဲပေးဖို့ မဲပြား ကိုယ့်လက်ထဲ ရောက်မှ ဘယ်နှပါတီ ပြိုင်တာလဲ၊ ဘယ်သူတွေလဲ ဆိုတာ သိရတာမျိုးက မဖြစ်သင့်ပါဘူး။ ဂျာနယ်တွေနဲ့ မီဒီယာတွေပေါ်မှာ နာမည် မရောက်တဲ့ ကိုယ်စားလှယ်လောင်းတွေချည်းပဲ ဆိုရင် သူဘာလုပ်ခဲ့သလဲ၊ သူ့ရဲ့ အရည်အချင်းက ဘယ်လို၊ အကျင့်သီလက ဘယ်လိုမျိုးလဲ ဆန်းစစ်ဖို့ ဝေးလို့ နာမည်တွေတောင် အခုမှ မြင်ဖူးတဲ့ အတွက် နောက်ဆုံးတော့ တံဆိပ်ကြည့်ပီး ကောင်းနိုးနိုးနဲ့ မဲပေးရတာမျိုး ဖြစ်တတ်ပါတယ်။ (အခုရွေးကောက်ပွဲမှာတော့ သံရုံးတွေမှာ မဲသွားပေးမယ့်လူ နည်းပါလိမ့်မယ်။ ဒါပေမယ့် နောက်ရွေးကောက်ပွဲတွေမှာ အခုလိုမျိုးပဲ မဖြစ်စေချင်ပါ၊ ကိုယ်စားလှယ်လောင်း စာရင်းနဲ့ ပက်သက်ပြီး ပွင့်လင်းမြင်သာ ရှိစေချင်ပါတယ်။)

အခုတော့ ပါတီတွေကနေ တဆင့် မီဒီယာတွေကို ရောက်ရှိလာတဲ့ စာရင်းတွေကိုပဲ အခြေခံပြီး ရေးပါတယ်။ မီဒီယာတွေနဲ့ သိပ်အဆက် အဆံ မရှိတဲ့ ပါတီတွေနဲ့ တိုင်းရင်းသား လူနည်းစု ပါတီ တချို့က စာရင်းတွေ မသိရတဲ့ အတွက် ပြည့်စုံချင်မှ ပြည့်စုံပါလိမ့်မယ်။

အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်နဲ့ ပက်သက်လို့ ပြီးခဲ့တဲ့ ပိုစ့်မှာ ဆွေးနွေးပြီး ဖြစ်ပါတယ်။ အခုပြည်နယ် လွှတ်တော်တွေနဲ့ ပက်သက်ပြီး စဆွေးနွေးပါမယ့်။

ပြည်နယ် လွှတ်တော်တွေမှာ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းနိုင်မှုတွေကို လေ့လာကြည့်ရင် တိုင်းရင်းသား ပါတီတွေကြောင့် ပြည်နယ် အများစုမှာ အားရစရာ အနေအထားကို တွေ့ရပါတယ်။ ဒါပေမယ့် ကချင်နဲ့ ကယားပြည်နယ်မှာ သက်ဆိုင်ရာ တိုင်းရင်းသား ပါတီတွေကို ကော်မရှင်က တည်ထောင်ခွင့် မပြုခဲ့တဲ့ အတွက် အားနည်းခဲ့ပါတယ်။ ရှမ်းပြည်နယ်မှာ ဆိုရင် SNDP (ကျားဖြူပါတီ)ဟာ ရာနှုန်းပြည့် နီးပါးပြိုင်နိုင်ပြီး ကချင်ပြည်နယ်မှာလည်း ရှမ်းတိုင်းရင်းသားတွေ ရှိတဲ့ နေရာ တော်တော်များများမှာ ပြိုင်နိုင်တာ တွေ့ရတဲ့ အတွက် အားရစရာပါ။ ရှမ်းပါတီဟာ တခုတည်းရှိတဲ့ အတွက်လည်း ပြည်ခိုင်ဖြိုး၊ တစည တို့နဲ့ ပြိုင်ပြီး စည်းရုံးတဲ့ နေရာမှာ မဲတွေ ပြန့်သွားစရာမရှိဘဲ အနိုင်ရဖို့ အခြေအနေ ကောင်းနေပါတယ်။ (ဒီနေရာမှာ ပြည်သူလူထု လွတ်လွတ်လပ်လပ် မဲပေးဖွင့်ရဖို့နဲ့ မဲမလိမ်ဖို့တော့ လိုပါတယ်။) မွန်ပြည်နယ်မှာ AMRDP နဲ့ ရခိုင်ပြည်နယ်မှာ RNDP တို့ဟာလည်း သင့်တင့်တဲ့ ကိုယ်စားလှယ်လောင်း အရေအတွက်ကို တင်သွင်းနိုင်တာ တွေ့ရတယ်။ ချင်းပြည်နယ်မှာတော့ ချင်းပါတီ နှစ်ခု ပြိုင်ရဖို့ ရှိပါတယ်။ ကရင်ပြည်နယ်မှာ PSDP ကနေရာအားလုံးမဝင်နိုင် ပေမယ့် သင့်တင့်တဲ့ အရေအတွက် တခုတော့ ရှိတာတွေ့ရတယ်။ ကချင်ပြည်နယ်မှာတော့ ပြည်ခိုင်ဖြိုးနဲ့ သူ့ရဲ့ မဟာမိတ်ဖြစ်တဲ့ စဒက (UDPKS) ၊ တစညနဲ့ ကျားဖြူပါတီ တို့ ဝင်ပြိုင်ကြတယ်။ နေရာ အများစုမှာ ပြည်ခိုင်ဖြိုးနဲ့ တစည နှစ်ခုပဲ ဖြစ်နေပါတယ်။ ကယားပြည်နယ်မှာလည်း ကယန်းအမျိုးသား ပါတီက လွိုင်ကော်၊ ဒီမောဆိုနဲ့ ဖရူးဆို လောက်ပဲ ပြိုင်နိုင်ပြီး ကယားပြည်နယ် တခုလုံးပြိုင်နိုင်တာ မရှိတဲ့ အတွက် ပြည်ခိုင်ဖြိုးနဲ့ တစညပဲ အဓိက ပြိုင်ရမယ့် အနေအထား ဖြစ်နေပါတယ်။

တိုင်းဒေသကြီးတွေမှာတော့ USDP နဲ့ NUP ကလွဲရင် ရန်ကုန်၊ မန္တလေး၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း နေရာအချို့နဲ့ စစ်ကိုင်းတိုင်း နေရာအချို့မှာပဲ ကျန်တဲ့ပါတီတွေ ဝင်ပြိုင်နိုင်တာပါ။ ဒါပေမယ့် ဝင်ပြိုင်တဲ့ ပါတီတွေကလည်း ပြည်ထောင်စု လွှတ်တော် (အမျိုးသားလွှတ်တော်+ ပြည်သူ့လွှတ်တော်) ကိုသာ အဓိက ထားပြိုင်တဲ့ အတွက် တိုင်းဒေသကြီး လွှတ်တော်မှာဆိုရင် ရန်ကုန်တိုင်းမှာတောင်မှ တော်တော်များများက နှစ်ပါတီတည်း ပြိုင်ရမယ့် အနေအထား ဖြစ်နေပါတယ်။ တနင်္သာရီတိုင်းက တချို့မဲဆန္ဒနယ်တွေမှာတော့ တစညတောင် ဝင်မပြိုင်နိုင်တဲ့ အတွက် ပြည်ခိုင်ဖြိုးက ပြိုင်ဘက်မရှိ အမတ်ဖြစ်သွားပါပီ။ အခုသိရသလောက် တနင်္သာရီတိုင်းက ကျွန်းစုမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)နဲ့ (၂)၊ တနင်္သာရီ(၁)နဲ့(၂)၊ စစ်ကိုင်းတိုင်း ဘုတလင်(၁)နဲ့(၂)၊ ဒီပဲယင်း(၁)၊ လဟယ်(၁)၊ ရန်ကုန်းတိုင်း ကိုကိုကျွန်း(၁) တို့မှာ ပြည်ခိုင်းဖြိုးက ပြိုင်ဘက်မရှိ အနိုင်ရသွားပီလို့ သတင်းတွေ အရသိရတယ်။ အဲဒီ့တော့ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အများစုနဲ့ ကချင်ပြည်နယ်နဲ့ ကယားပြည်နယ် လွှတ်တော် မဲဆန္ဒနယ်တွေမှာ ပြည်ခိုင်ဖြိုးနဲ့ တစည နှစ်ခုထဲကပဲ ရွေးချယ်ရတော့မှာပါ။

ပြည်ခိုင်ဖြိုးနဲ့ တစည နှစ်ခုတည်း ဝင်ပြိုင်တဲ့ မဲဆန္ဒနယ်တွေမှာ ဘယ်သူ့ကိုမှ မဲမပေးခိုင်းဘဲ White vote campaign လုပ်မယ်လို့ အင်တာနက်ပေါ်မှာ ကြားမိလိုက်ပါတယ်။ အဲလို လုပ်ရင် ဘယ်လို အကျိုးရှိမလဲလို့ စဉ်းစား ကြည့်တဲ့အခါ သူ့အတွက် သေချာပေါက် မဲအချို့ကို အပိုင်ရအောင် နည်းအမျိုးမျိုးနဲ့ လုပ်ထားတဲ့ USDP ပဲ နိုင်သွားမယ် လို့ အဖြေထွက်ပါတယ်။ ဒါဟာ သိပ်ကို အန္တရာယ်ကြီးပါတယ်။ တိုင်းဒေသကြီးလွှတ်တော်မှာ ရွေးချယ်ခံရတဲ့သူတွေဟာ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေ ဖြစ်လာမှာပါ။ ကိုယ့်ကို အဓိက အုပ်ချုပ်မယ့်၊ သူတို့ဆိုးရင် ဆိုးသလို၊ ကောင်းရင် ကောင်းသလို ဒေသအတွက် အကျိုးသက်ရောက်မယ့် ဒေသအာဏာပိုင်တွေကို ရွေးချယ်ပေးရတာပါ။ ဒီနေရာမှာ တစ်ခုပြောလိုတာက တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်ကို တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်က ရွေးချယ်ရတာ မဟုတ်ဘဲ သမ္မတက ခန့်အပ်မယ် ဆိုတာပဲ။ ဒီလိုဆိုရင် ပြည်နယ်လွှတ်တော်တွေမှာ တိုင်းရင်းသားပါတီတွေ အနိုင်ရပီး တိုင်းဒေသကြီးလွှတ်တော်တွေမှာ ပြည်ခိုင်ဖြိုးမဟုတ်တဲ့ ပါတီတွေ၊ တသီးပုဂ္ဂလတွေက အနိုင်ရလည်း ပြည်ခိုင်ဖြိုးပါတီက သမ္မတဖြစ်လာရင် ဘာမှလုပ်မရဘူးလို့ စောဒက တက်စရာ ရှိတယ်။ တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို သမ္မတက စိတ်ကြိုက်ခန့်လိုက်တယ် ထားဦး တိုင်းဒေသကြီးလွှတ်တော်မှာ ပြည်ခိုင်ဖြိုး အမတ်တွေ အင်အား နည်းနေရင် အတိုက်အခံတွေ အားကောင်းတဲ့ လွှတ်တော်က သူတို့ကို လုပ်ချင်တိုင်း လုပ်လို့မရအောင် ထိန်းနိုင်၊ check & balance လုပ်နိုင် ပါလိမ့်မယ်။

ဒါကြောင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်တွေ ပေါ်လာတဲ့ အခါ အဲဒီ့ လွှတ်တော်တွေမှာ နေရာ ရဖို့ အတွက် ပြည်နယ်တွေမှာ တိုင်းရင်းသားတွေက အနိုင်ရဖို့ သေချာ ပြင်ဆင်ကြတာ တွေ့ရပါတယ်။ ဒါပေမယ့် တိုင်းဒေသကြီးတွေက နိုင်ငံရေး ပါတီတွေကတော့(တစည ကလွဲရင်) ပြည်ထောင်စုလွှတ်တော်ကိုသာ အဓိက ထားပြီး တိုင်းဒေသကြီးလွှတ်တော် အတွက် မဟာဗျူဟာ ချမှတ်ပြီး အာရုံစိုက် ပြင်ဆင်တာမျိုး မတွေ့ရဘူး။ တိုင်းဒေသကြီးကို အဓိကထားဝင်ပြိုင်မယ်လို့ ယူဆရတယ့် ရှားရှားပါးပါး ဒေသဖွံ့ဖြိုးရေးပါတီ (ပြည်) ဆိုပီး ပေါ်လာတာ တွေ့ရလို့ ဝမ်းသာမိတယ်၊ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ကိုယ်စားလှယ်လောင်းစာရင်း ၃ နေရာမတင်နိုင်လို့ ဖျက်သိမ်း ခံလိုက်ရတယ်။ တကယ်တော့ ဒီနေရာတွေဟာ အရေးကြီးပါတယ် ကိုယ့်ကို တိုက်ရိုက်အုပ်ချုပ်မယ့် ဒေသအာဏာပိုင်တွေ ဖြစ်လာစရာရှိလို့ ပါတီတွေက အာရုံစိုက် မပြိုင်နိုင်ရင် သက်ဆိုင်ရာ မြို့နယ် အလိုက် ရပ်မိရပ်ဖတွေက တသီးပုဂ္ဂလ အနေနဲ့ ယှဉ်ပြိုင်သင့်တာပါ။

တိုက်တွန်းချင်တာ ကတော့ အကယ်၍ ကိုယ်ပေးရမယ့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်မှာ ကိုယ်နှစ်သက်တဲ့ ပါတီတွေ ဝင်ပြိုင်ရင် မဲ ပေးပါ၊ တသီးပုဂ္ဂလတွေ ဝင်ပြိုင်လို့ ကိုယ့်အနေနဲ့ ယုံကြည်လို့ ရတဲ့ လူဆိုရင် မဲ ပေးပါ။ အဲလိုမှ မဟုတ်ဘဲ ပြည်ခိုင်ဖြိုးနဲ့ တစည နှစ်ပါတီပဲ ဝင်ပြိုင်တယ် ဆိုရင်တော့ တစညကို မဲပေးပါလို့ပဲ ပြတ်ပြတ်သားသား တိုက်တွန်းချင်ပါတယ်။ ပြည်ခိုင်ဖြိုး အနိုင်မရဖို့ အတွက် ဒီနည်းက လွဲလို့ ကျွန်တော်တို့မှာ ရွေးချယ်စရာ မရှိပါဘူး။ ပြည်ခိုင်ဖြိုး နိုင်သွားရင် ဘာဖြစ်လို့လဲ? ... ဟုတ်ကဲ့ ကျွန်တော်တို့ အနှစ် ၂၀ ကျော် နေခဲ့ပြီးပါပီ၊ ဒီလူတွေပဲ မပြောင်းမလဲ ဆက်အုပ်ချုပ်နေမှာ အလိုမရှိပါ။ လိုချင်တာက အပြောင်းအလဲပါ။ ပြည်ခိုင်ဖြိုးနိုင်သွားရင်တော့ အခု အခြေအနေ အတိုင်း ဘာမှပြောင်းလဲမှာ မဟုတ်ပါဘူး။ တစည ကရော ယုံကြည်ရသလား? ... တစည ခေါင်းဆောင်ပိုင်းက မဆလ ဟောင်းတွေပါ၊ ဒါပေမယ့် အောက်ခြေ မြို့နယ် အဆင့်ပါတီဝင်တွေက သာမန်လူထုထဲက ပြည်သူ့ဘဝကို နားလည်တဲ့ အောက်ခြေ လူတန်းစားတွေ များပါတယ်၊ ယုံရသလား ဆိုတာတော့ သူတို့ကို အချိန်ပေးဖို့ လိုပါတယ်၊ သူတို့ကို ရွေးချယ်ကြည့်ပီးမှပဲ သူတို့ရဲ့ လုပ်ပုံကိုင်ပုံကို ဆုံဖြတ်ရမှာပါ။ မဆလကို အမွေခံ ခဲ့တဲ့ပါတီမို့ မယုံကြည်ပါဘူး ဆိုတာကတော့ သဘာဝ မကျလှပါဘူး။ White vote campaign လုပ်မယ်ဆိုရင်လည်း ပြည်ခိုင်ဖြိုးသာ အနိုင်ရသွားမယ့် အန္တရာယ်ရှိကြောင်း သတိပေးလိုက်ရပါတယ်။

လေးစားစွာဖြင့်
ငြိမ်းချမ်းရေးလမ်း

Wednesday, October 13, 2010

လွတ်လွတ်လပ်လပ်ပေးရမှာလား။

3 comments

ရွေးကောက်ပွဲကြီး စတော့မယ်။

သိပ်ကို စိတ်လှုပ်ရှားရတဲ့ အရာကြီးပါပဲ။ မကြာခင်မှာ မဲပေးရတော့မယ်။ အဲဒီ့နေ့ရောက်ဖို့အတွက် သိပ်ကို မျှော်လင့်ခဲ့ရသလို ကြောက်လဲ ကြောက်လန့်နေမိတယ်။ မျှော်လင့်ရတာကတော့ အားလုံးလိုချင်တဲ့ အပြောင်း အလဲ။ ကြောက်နေရတာတော့ အချက်နှစ်ခု ရှိတယ်။ အမျိုးမျိုးသော ဆန္ဒတွေနဲ့ ပြည်သူတွေ အများစုရှိနေတဲ့ မဲရုံတွေမှာ ဖောက်ခွဲမှုတွေ ဖြစ်လာမှာပါ။ (ဘယ်သူတွေကပဲ များသောအားဖြင့် လုပ်တတ်ကြ တယ်.. ဘယ်လို သတင်းကို အလှည့်အပြောင်းလုပ်တတ်တယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။) နောက်ထပ်တခုကတော့ မဲပေးရမှာတော့ ဟုတ်ပါပြီ။ ပြည်သူတွေကလဲ အကောင်းဆုံးရွေးချယ်ဖို့ စိတ်ဆုံးဖြတ်ပြီးပါပြီ။ ဘယ်သူ့ကို ရွေးရမယ်မှန်းလဲ သိနေပါပြီ။ ဒါပေမဲ့ လွတ်လွတ်လပ်လပ်ရော မဲပေးခွင့် ရမှာလား? နိုဝင်ဘာ (၇) ရက်နေ့ဟာ နိုင်ငံတော်အတွက် အလှည့်အပြောင်းတခုဖြစ်သလို ကျွန်မတို့ ပြည်သူတွေ မညံ့ဘူးဆိုတာ ပြသရမယ့် နေ့ရက်ပါ။ အာဏာရှင်လက်အောက်မှာ နှစ်ပေါင်း ၂၀ ကျော် နေခဲ့ရတာဟာ ပြည်သူတွေက နိုင်ငံရေး စိတ်ဝင်စားမှု မရှိတာကြောင့်နဲ့၊ သူတို့ကို ဦးဆောင်တယ်ဆိုပြီး နာမည် ခံထားသူတွေရဲ့ ညံ့ဖျင်းမှုတွေကြောင့် ပါ။ ပြည်သူတွေမှာ အဲဒီ့ဦးဆောင်သူဆိုသူတွေကို ဖယ်ထုတ်ပြီး မိမိကိုယ်ကို ဦးဆောင်နိုင်တဲ့ စွမ်းအားရှိပါတယ်။ နှစ် (၂၀)ကျော်ဆိုတဲ့ တော်လှန်ရေးဟာ ပြည်သူတွေရဲ့ တော်လှန်ရေး မဟုတ်ခဲ့တဲ့အတွက် ရှုံးနိမ့်နေခဲ့တာပါ။ ပြည်သူတွေဟာ (၈၈၈၈) ရဲ့ အနိဌာရုံတွေကြောင့် တော်လှန်ရေး ဆိုတာကြီးကို စိတ်ပျက်နေကြသူတွေ...။ စစ်တပ်ကလဲ သေနတ်နဲ့ ပစ်သတ်တယ်။ တဖက်ကလဲ ခေါင်းဖြတ်သတ်တယ်။ ဒါတွေကို ကျွန်မတို့တွေ ကြောက်လန့်လွန်းပါပြီ။ ဒါကြောင့် ဒီတကြိမ်တော့ ပြည်သူတွေ ကို အဲလိုမလုပ်နဲ့.. ကောင်းလာမှာ မဟုတ်ဘူး.. ငါတို့ပြောသလိုလုပ်.... မဟုတ်ရင် ဆုံးရှုံးမှုတွေ အများကြီးနဲ့ ကြုံရလိမ့်မယ်။ ငါတို့က မင်းတို့ထက် ပိုသိပါတယ်။ ငါတို့က တော်လှန်ရေးလုပ်လာတာ.. ဘယ်နိုင်ငံက ဘယ်နိုင်ငံရေးစာပေတွေကို ဖတ်ပြီး ဘယ်လိုလေ့လာထားတာ။ ဘယ်နိုင်ငံက ဘယ်လိုအတွေ့အကြုံတွေ ရှိထားတာ.. ဆိုတဲ့စကားတွေကို ရပ်လိုက်ဖို့ ပြည်သူတယောက်အနေနဲ့ပဲ တောင်းပန်ပါတယ်။

ပြည်သူတွေကိုယ်တိုင် ဒီတကြိမ်တော့ ရွေးချယ်ခွင့် ရှိပါရစေ။ ဆန္ဒပြရင် ပြည်သူတွေ သေနတ်နဲ့ ပစ်ခံရမယ်။ ရိုက်နှက်ခံရမယ်။ စစ်တပ်က လုပ်ဦးမှာပါပဲ။ ဒါပေမဲ့ ရွေးကောက်ပွဲမှာ မဲပေးလို့ လွတ်လပ်စွာ ပေးခွင့်မရဘူး ဆိုရင် အခုခေတ်ကာလဟာ သတင်းအမှောင်ချလို့ရမယ့်ခေတ်မဟုတ်ပါဘူး။ ဆန္ဒပြလို့ လူတွေ အရင်သေပြီးမှ ကမ္ဘာ့ကုလသမဂ္ဂကို အသနားခံပြီး ပိုက်ဆံတွေ လိမ်သုံးကြဦးမလို့လား။ မဲတွေ လွတ်လပ်စွာပေးခွင့်မရှိဘူးဆိုရင် သူတို့ပြဌာန်းထားတဲ့ ဥပဒေကိုလဲ သူတို့ချိုးဖောက်ပြီ။ နိုင်ငံတကာကို အားကိုးချင်ကြတဲ့လူတွေကလဲ အဲဒီ့အချိန် မှာ နိုင်ငံတကာကို စွက်ဖက်ခွင့်ပေးလို့ရတဲ့အချိန်ဖြစ်ပါပြီ။ ၁၉၉၀ တုန်းကလဲ ရွေးကောက်ပွဲလုပ်ပေးမယ်ဆိုပြီး ရလာဒ်ကို အကောင်အထည်ဖော်မပေးခဲ့ဘူး။ ဒီ့အတွက် ၂၀၁၀ကိုလဲ မယုံဘူးဆိုတာဟာ သိပ်ပြီး လက်တွေ့ မဆန်သေးပါဘူး။ အခုရွေးကောက်ပွဲရလာဒ်ကို အကောင်အထည်ဖော်ပေးမှာပါ။ ၂၅ ရာခိုင်နှုန်းကိုင်ထားပြီး ဖြစ်တာမို့ သူတို့တွေ မကြောက်ကြပါဘူး။ အလုပ်တူတူတွဲလုပ်တဲ့အခါကျမှ ပြည်သူ့သားတွေဖြစ်တဲ့ ၂၅ ရာခိုင်နှုန်းကို စည်းရုံးယူလို့ရပါတယ်။ အခုအချိန် ဘာလို့ ပြည်သူ့သားတွေဖြစ်တဲ့ စစ်သားတွေ ဆိုးသွမ်းနေလဲဆိုတော့ တရားခံဟာ သူတို့ကို သတ္တဝါဆိုးကြီးတွေလို အမြဲကြည့်နေတဲ့မျက်လုံးတွေကြောင့်လို့ ကျွန်မ မြင်ပါတယ်။ လိမ္မာချင်တောင် ငါ့ကို ယုံမှာ မဟုတ်ပါဘူးဆိုပြီး ဆက်ဆိုးသွမ်းနေသူတွေ အများကြီးပါ။ ဒါပေမဲ့ ၁၉၉၀ ရွေးကောက်ပွဲလို အာဏာကိုယ့်လက်ထဲ မရောက်သေးဘဲ လက်ရှိအာဏာပိုင်တွေကို တရားစွဲမယ် ဆိုတဲ့ လုပ်ရပ်မျိုးဟာ အင်မတန်မှ ထိတ်လန့်စရာ ကောင်းတဲ့ မဆင်မခြင်လုပ်ရပ်ပါပဲ။ အဲဒီ့လို လုပ်ရပ်မျိုးကိုတော့ လွှတ်တော်မှာ ပါလာမယ့် အတိုက်အခံပါတီတိုင်း အတုယူဆင်ခြင်ရပါလိမ့်မယ်။

အဓိက ကျွန်မပြောချင်တဲ့ ကိစ္စရပ်ကတော့ လွတ်လပ်စွာမဲပေးခွင့်ဟာ ပြည်သူတွေနဲ့ ပြည်သူတွေ ပြုလုပ်နိုင်ကြောင်း အသိပေးသူတွေရဲ့ လက်ထဲမှာ ရှိပါတယ်။ မဲရုံတွေမှာ ပြည်သူတွေထဲက အချို့ သွားရောက် စောင့်ကြည့်ပေးမယ်ဆိုရင်... အထူးသဖြင့် ဒီနေရာမှာ အားကိုးရမှာ NLD ပါတီရဲ့ လူငယ်တွေပါ။ ပါတီအနေနဲ့ ရွေးကောက်ပွဲကို မထောက်ခံပေမဲ့ လျစ်လျူမရှုဘူးဆိုရင်ပေါ့။ ပြည်သူတွေ... ငါတို့ကို မထောက်ခံတော့ရင် မင်းတို့အတွက် ဘာမှ မလုပ်ပေးနိုင်တော့ဘူးဆိုတဲ့ စိတ်ထားမျိုးတော့ NLD လူငယ်တွေမှာ မရှိလောက်ပါဘူး။ ပြည်သူ့အကျိုးကို ပြည်သူတွေဆန္ဒနဲ့ ရွေးချယ်လိုက်တဲ့ အလုပ်တခုမှာ ကူညီပေးဖို့အတွက် ဒီနေရာကနေပဲ မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်မတို့ ပြည်သူတွေကို NLD လူငယ်တွေနဲ့ တကွ အခြားပြည်သူ့အကျိုးကို ထမ်းရွက်ချင်တဲ့ လူငယ်၊ လူလတ်၊ လူကြီး တွေက ပြည်သူတွေ လွတ်လပ်စွာမဲပေးနိုင်ဖို့ မဲရုံတွေရဲ့ တရားမျှတမှု မမျှတမှုတို့ကို ကြည့်ရှုပေးစေလိုပါတယ်။ စစ်အစိုးရကဖြစ်ဖြစ်၊ အခြားပါတီတခုကပဲဖြစ်ဖြစ်... မမျှမတ လုပ်ပြီဆိုရင် တိုင်ကြားဖို့အတွက် မှတ်သားထားကြပြီး နိုင်ငံတော်ရဲ့ စစ်မှန်တဲ့အပြောင်းအလဲ ဖြစ်ရအောင် လုပ်ဆောင်ကြပါစို့...။ ကျွန်မတို့မလုပ်ဘဲ အချင်းချင်း လက်မခံဘူး လက်ခံတယ် ငြင်းခုံနေရင်းနဲ့ တိုင်းပြည်ချောက်ထဲ ကျသွားပါလိမ့်မယ်။ လက်ခံခံ မခံခံ... ပြီးမြောက်အောင် ပြုလုပ်မယ့်ရွေးကောက်ပွဲမှာ နိုင်ငံသားတိုင်း လွတ်လွတ်လပ်လပ်မဲပေးခွင့်ရတဲ၊့ နိုင်ငံသားတွေ ရင်ထဲကနေ အစစ်အမှန်ရွေးချယ်လိုက်တဲ့ ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေအတွက် ကျွန်မတို့ ကူညီမှ မြန်မာနိုင်ငံသားဖြစ်ရကျိုး နပ်မယ်လို့ ယုံကြည်ပါတယ်။


စောနန်းမွန်

Tuesday, October 12, 2010

မြန်မာနိုင်ငံနှင့် ရွေးကောက်ပွဲ (၂)

9 comments

အခု ၂၀၁၀ ရွေးကောက်ပွဲမှာ လွှတ်တော် အသီးသီးမှာ ဝင်ပြိုင်မယ့် ပါတီ အသီးသီးက ကိုယ်စားလှယ်လောင်း အရေအတွက်ပေါ် မူတည်ပြီး ခန့်မှန်းထားတဲ့ အချက်အလက် တချို့ထွက်ပေါ်လာ ပါတယ်။ ဒီအချက် အလက် တွေကို တင်ပြလိုက်ပါတယ်။ အချက်အလက်တွေကို "မြန်မာ ရွေးကောက်ပွဲ သတင်းအချက်အလက်" ရဲ့ facebook စာမျက်နှာကနေ ရပါတယ်။

ပထမဆုံးတင်ပြချင်တာက အမျိုးသားလွှတ်တော်မှာ ဝင်ပြိုင်ကြတဲ့ ပါတီနဲ့ တသီးပုဂ္ဂလတွေရဲ့ အခြေအနေပါ။ အမျိုးသားလွှတ်တော်မှာ ရွေးကောက်ခံ ကိုယ်စားလှယ်တွေ အတွက် (၁၆၈)နေရာ ရှိပါတယ်။ မဲဆန္ဒနယ် အားလုံးမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ပြီးတော့ ဝင်ပြိုင်တဲ့ ပါတီအလိုက် အင်အားကတော့ ပုံမှာ မြင်တွေ့ရတဲ့ အတိုင်း ဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီ (USDP)က (၁၅၉) နေရာနဲ့ အင်အား အများဆုံး ဝင်ပြိုင်တာကို တွေ့ရပါတယ်။ ပြည်ခိုင်ဖြိုးက ဝင်မပြိုင်တဲ့ (၉)နေရာကလည်း သူ့ရဲ့ မဟာမိတ် ပါတီတွေ ပြိုင်ပါလိမ့်မယ်။ လက်ရှိ သိရတဲ့ အနေအထားအရ ပြည်ခိုင်ဖြိုးနဲ့ မဟာမိတ် ပြုထားကြောင်း သိရတာဟာ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ [ကချင်ပြည်နယ်](စဒက) (UDPKS) နဲ့ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ တို့ဖြစ်ပါတယ်။ USDP နဲ့ မဟာမိတ် ပြုထားတဲ့ အခြားပါတီများနဲ့ တသီးပုဂ္ဂလများလည်း ရှိနိုင်ပါသေးတယ်။ တစညပါတီ (NUP) ကလည်း (၁၅၁)နေရာ ဝင်ပြိုင်နိုင်တာ တွေ့ရပါတယ်။ USDP နဲ့ NUP မဟုတ်တဲ့ အခြားပါတီများနဲ့ တသီးပုဂ္ဂလများကတော့ စုစုပေါင်း (၁၇၁)ဦး ဝင်ပြိုင်ပါမယ်။ ဒါပေမယ့် သူတို့ကြားမှာ မဲဆန္ဒနယ် ထပ် နေတာတွေ အများအပြား ရှိတဲ့ အတွက် နေရာတချို့မှာ USDP (သို့မဟုတ်) NUP ကကိုယ်စားလှယ်လောင်းပဲ တက်လာမယ့် အနေ အထားပါ။ ဒီမိုကရေစီပါတီတွေ ပြိုင်သမျှ အနိုင်ရခဲ့မယ် ဆိုရင် ရွေးကောက်ပွဲ အပြီး အမျိုးသား လွှတ်တော်မှာ အခုလို မြင်တွေ့ရပါမယ်။















USDP ကပြိုင်ဘက်မရှိ အနိုင်ရလို့ လွှတ်တော်ထဲမှာ နေရာရပြီးသားက ၂ ရာခိုင်နှုန်း ရှိပါတယ်။ USDP နဲ့ NUP နှစ်ခုတည်း ပြိုင်ရပြီး တဖွဲ့ဖွဲ့ တက်လာမှာက ၂၀ ရာခိုင်နှုန်း ရှိပါတယ်။ ဒါပေမယ့် ဒီမိုကရေစီ ဘက်တော်သားတွေသာ ပြိုင်သမျှ အနိုင်ရခဲ့မယ်ဆိုရင် လွှတ်တော်ထဲမယ် ၅၃ ရာခိုင်နှုန်းတောင် အနိုင်ရနိုင်တာမို့ USDP နဲ့ NUP အမတ်တွေဟာ စစ်တပ်ကလာမယ့် ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ ပေါင်းရင်တောင် ၄၇ ရာခိုင်နှုန်းပဲ ရှိတာတွေ့ရပါတယ်။ ဒီအတိုင်းသာ ဖြစ်ခဲ့ရင် ရွေးကောက်ပွဲ အပြီး အမျိုးသား လွှတ်တော်မှာ တိုင်းရင်းသားတွေရဲ့ အသံ၊ ဒီမိုကရေစီအသံတွေ ကြားရဖွယ်ရှိပြီး အကောင်းမြင်နိုင်စရာ ရှိနေပါတယ်။ ဒါပေမယ့် ပါတီအသစ်တွေရဲ့ ငွေကြေးမပြည့်စုံမှု၊ အချိန်မလုံလောက်မှု၊ ကော်မရှင်မှ ကန့်သတ်မှု၊ USDP ရဲ့ အာဏာနဲ့ငွေ သုံးပြီး မဲဆွယ်မှု၊ ပြည်သူလူထုရဲ့ အကြောက်တရားလွှမ်းမိုးနေမှု၊ စသဖြင့် အကြောင်း အမျိုးမျိုးကြောင့် ဒီမိုကရေစီဘက်တော်သားတွေဟာ ပြိုင်သမျှ ရာနှုန်းပြည့် အနိုင်ရပီး လွှတ်တော်ထဲမှာ ၅၃ ရာခိုင်နှုန်းတောင် ရရှိလိမ့်မယ်လို့ မမျှော်လင့်ပါဘူး။ ဒါပေမယ့် တတ်နိုင်အမျှ ဒီမိုကရေစီ ပါတီတွေ လွှတ်တော်ထဲ များများရောက်အောင် တွန်းရပါလိမ့်မယ်။ ပြည်သူလူထုကို အကြောက်တရားကင်းကင်းနဲ့ လွတ်လွတ်လပ်လပ် မဲပေးနိုင်ကြောင်း၊ ရွေးကောက်ပွဲမှာ မတရားပြုမှုရင် တိုင်တန်း အရေးယူလို့ ရကြောင်း၊ တပ်မတော်သားများ အပါအဝင် ဝန်ထမ်းများ အားလုံး ကြိုက်နှစ်သက်ရာ လွတ်လွတ်လပ်လပ် လျှို့ဝှက် မဲပေးရမှာ ဖြစ်ကြောင်း၊ ပြည်သူတွေ နားလည်လာအောင် ကိုယ့်နီးစပ်ရာက စလို့ စည်းရုံးတိုက်တွန်း ကြရပါမယ်။ ပါတီတွေက မဲရုံတွေမှာ စောင့်ကြည့်ဖို့ ကိုယ်စားလှယ် မထားနိုင်ရင် မဲရုံကိုယ်စားလှယ် အဖြစ် ဆောင်ရွက်ပေးတာမျိုးကစလို့ ရွေးကောက်ပွဲ ဖြစ်စဉ် တခုလုံးမှာ မတရားမှုတွေကို စောင့်ကြည့်ပြီး အကယ်၍ ဥပဒေနဲ့ အညီ စည်းရုံးခြင်း မရှိခဲ့တဲ့ ကိုယ်စားလှယ်လောင်း တယောက် အနိုင်ရသွားတယ်ဆိုရင် တခြား ပါတီ တွေက တိုင်ကြားနိုင်အောင် ပါဝင်ပူးပေါင်း ကူညီပေးတဲ့ အထိ လုပ်ကြရပါလိမ့်မယ်။ ဒါမှသာ နိုင်ငံတော်က အရေးကြီးတဲ့ အချိန်တစ်ခုကို ဖြတ်သန်းနေချိန်မှာ ကျွန်တော်တို့ ခေတ်ရဲ့ သမိုင်းတာဝန်ကို ကျွန်တော်တို့ ကျေပွန်ပါလိမ့်မယ်။ ရွေးကောက်ပွဲက မည်သည့် ရလဒ် ထွက်ပေါ်လာသည် ဖြစ်စေ အဲဒီ့ ရလဒ်ရဲ့ ဆိုးမွေကောင်းမွေကို ခံစားရမှာ ပြည်တွင်းက ပြည်သူလူထုပဲ ဖြစ်တယ် ဆိုတာကို သတိပေးလိုပါတယ်။ တပါတီစနစ်နဲ့ အာဏာရှင်စနစ်အောက်မှာ ဆယ်စုနှစ် ၅ ခုခန့် နေလာရတဲ့ ပြည်သူတွေ အတွက် အကြောက်တရားလွှမ်းမိုးနေပြီး မိမိဆန္ဒအတိုင်း လွတ်လွတ်လပ်လပ် မဲပေးဖို့ကို တွေဝေနေကြ၊ ကြောက်လန့်နေကြဦးမှာပါ။ အဲဒါကို အသုံးချပြီး ခြိမ်းခြောက်မဲဆွယ်မှုတွေ ရှိနေသလို၊ ငွေကြေးအသုံးပြုပြီး မဲဝယ်တာတွေလည်း ရှိပါလိမ့်မယ်။ ဒါပေမယ့် ပြည်သူလူထု ရွေးချယ်မှု မှန်ကန်အောင် တတ်နိုင်သမျှ တိုက်တွန်းကြရပါလိမ့်မယ်။ ကျွန်တော်တို့မှာ အမျိုးသား လွှတ်တော်ထဲ ၅၃ ရာခိုင်နှုန်းလောက် ရောက်သွားနိုင်တဲ့ အခွင့်အရေး ရှိနေပါတယ်။ အကုန်မရောက်ပေမယ့် ဒီမိုကရေစီ ဘက်တော်သားတွေ များနိုင်သမျှ များများ ရောက်သွားရင် လွှတ်တော်မှာ လုပ်ချင်တိုင်း လုပ်လို့မရတဲ့ အနေအထား တရပ်၊ ထိန်းညှိပေးနိုင်တဲ့ အခြေအနေ တရပ်ဖြစ်သွား ပါလိမ့်မယ်။

ဆက်လက်ပြီး ပြည်သူ့လွှတ်တော် အတွက် ကိုယ်စားလှယ်လောင်းဝင်ရောက်ယှဉ်ပြိုင်မှု အနေအထားကို တင်ပြချင်ပါတယ်။














ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် စုစုပေါင်း (၃၃၀) ရှိပါတယ်။ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မဲဆန္ဒနယ် (၄)ခုရှိတဲ့ အတွက် (၃၂၆) နေရာ အတွက် ပြိုင်ကြမှာပါ။ USDP က (၃၁၇) ယောက်နဲ့ အများဆုံး၊ NUP က (၂၉၅) ယောက်နဲ့ ဒုတိယ ဖြစ်ပါတယ်။ USDP နဲ့ NUP မဟုတ်တဲ့ ပါတီတွေနဲ့ တသီးပုဂ္ဂလတွေ ပြိုင်သမျှ အနိုင်ရခဲ့ရင် ရွေးကောက်ပွဲ အပြီး ပြည်သူ့လွှတ်တော်ကို အခုလို မြင်ရပါလိမ့်မယ်။
















ပြည်သူ့လွှတ်တော်မှာတော့ ပြိုင်ဘက်မရှိ အနိုင်ရမယ့် မဲဆန္ဒနယ် မရှိတာ တွေ့ရတယ်၊ အနည်းဆုံး USDP ကိုယ်စားလှယ် တယောက်နဲ့ NUP ကိုယ်စားလှယ် တစ်ယောက် ပြိုင်ရမှာပါ။ ဒီမိုကရေစီ ဘက်တော်သားတွေ အနေနဲ့ ပြိုင်သမျှ မဲဆန္ဒနယ်တွေမှာ အနိုင်ရမှသာ လွှတ်တော်မှာ သူတို့ အင်အားကို ထိန်းညှိနိုင်မယ့် အနေအထားကို တွေ့ရပါတယ်။ ပြည်သူ့လွှတ်တော်မှာ ၃၆ ရာခိုင်နှုန်းဆိုတဲ့ အင်အားဟာ မသေးလှပါဘူး။ တဘက်မှာလည်း USDP နဲ့ NUP ဆိုတာ တပါတီတည်းလည်း မဟုတ်၊ မဟာမိတ်တွေလည်း မဟုတ်တာ တွေ့ရပါတယ်။ ဆိုလိုတာက အချိန်နဲ့ငွေ အခက်အခဲတွေ အများကြီးကြားထဲက ဝင်ပြိုင်ရတဲ့ ဒီရွေးကောက်ပွဲမှာတောင် ကျွန်တော်တို့တွေ မှန်မှန်ကန်ကန် ရွေးချယ်မှု ပြုနိုင်မယ် ဆိုရင် လွှတ်တော်ထဲရောက်သွားမယ့် အင်အားဟာ မဖြစ်စလောက်ကလေး မဟုတ်ဘူး ဆိုတာပါပဲ။ စစ်တပ်နဲ့ ပြည်ခိုင်ဖြိုးတွေ၊ မဆလဟောင်းတွေ ကြီးစိုးထားတဲ့ လွှတ်တော်မှာ ဒီမိုကရေစီ သမားတွေက နေရာလေး ၄၊ ၅၊ ၁၀ ယောက်လောက်နဲ့ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ အယူအဆတွေ ရှိခဲ့ပါတယ်။ အခုတော့ ပြည်သူတွေ ရွေးချယ်မှု မှန်ကန်ရင် ဒီမိုကရေစီသမားတွေ အင်အား ရာကျော် လွှတ်တော်ထဲ ရောက်သွားမယ့် အခွင့်အရေး ရှိနေပါပီ။

ဒီရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း စာရင်းတင်ဖို့ အချိန်ကို နည်းနည်းလေးတိုးပေးလိုက်ရုံနဲ့တင် ဝင်ပြိုင်မယ့် ဒီမိုကရေစီပါတီတွေဘက်က ကိုယ်စားလှယ်လောင်းတွေ ဒီ့ထက် ထပ်တိုးလာနိုင်တဲ့ အခြေအနေ ရှိခဲ့ပါတယ်။ နောက် တကြိမ်ရွေးကောက်ပွဲမှာ ဒီမိုကရေစီအင်အားစုတွေ အခုထက်ပိုပြီး အားကောင်းလာမယ်ဆိုတာ သံသယ ဖြစ်ဖွယ်မရှိပါဘူး။ တခုတောင်းဆို ချင်တာက ဒီမိုကရေစီပါတီတွေ အနေနဲ့ ရွေးကောက်ပွဲ မတိုင်ခင်မှာ အချင်းချင်း ဝေဖန် ပုတ်ခတ်ပြီး မညီမညွတ်ဖြစ်မယ့် ကိစ္စမျိုးတွေ ရှောင်ရှားပါ။ ရွေးကောက်ပွဲ အပြီး လွှတ်တော်မှာလည်း စုစုစည်းစည်းနဲ့ အင်အားစုတစ်ရပ် အဖြစ် ခိုင်ခိုင်မာမာ ရပ်တည်သွားပြီး ရွေးကောက်ပွဲလွန် နိုင်ငံရေး အခင်းအကျင်းကို ရင်ဆိုင်ကြပါလို့ တောင်းဆိုလိုက်ရပါတယ်။ အမျှော်အမြင်ကြီးကြီးနဲ့ ညီညွတ်ရေးကိုသာ ခိုင်မာအောင် တည်ဆောက်ကြပါ။ ကျွန်တော်တို့ အနေနဲ့ကတော့ ဒီရွေးကောက်ပွဲမှာ ပြည်သူတွေ မဲဆန္ဒကိုယ်တိုင် သွားပေးကြအောင်၊ ကြိုက်နှစ်သက်တဲ့ ကိုယ်စားလှယ်လောင်းကို ရဲရဲဝံ့ဝံ့ မဲပေးရဲအောင်၊ ရေတို အကျိုးစီးပွားပဲကို ကြည့်ပီး မဲပေးမမှားအောင် တတ်နိုင်တဲ့ဘက်က လှုံ့ဆော်သွားမယ်။ ဒီလို ပြည်သူတွေ မနစ်နာ စေဘဲ မိမိဆန္ဒကို လွတ်လွတ်လပ်လပ် ထုတ်ဖေါ်နိုင်အောင် ကူညီလှုပ်ရှားခြင်းသည် သာလျှင် ပြည်သူ့အတွက် လက်တွေ့အကျိုးရှိမယ့် နိုင်ငံရေးလို့ ခံယူထားပါကြောင်းဗျာ။
လေးစားစွာဖြင့်

ငြိမ်းချမ်းရေးလမ်း အဖွဲ့သားများ

Monday, October 11, 2010

မြန်မာနိုင်ငံနှင့် ရွေးကောက်ပွဲ (၁)

7 comments

မကြာခင်မှာ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ် အလှည့် အပြောင်းဖြစ်မယ့် ရွေးကောက်ပွဲကြီး စတင်ပါ တော့မယ်။ တပ်မတော်က ရွေးကောက်ပွဲကို လုပ်ဖြစ်အောင် လုပ်မယ်ဆိုရင် ရွေးကောက်ပွဲဟာ ဖြစ်ကို ဖြစ်လာမှာပါ။ လက်ရှိ ပြည်သူတွေဟာ ဆန္ဒပြ ဆိုတဲ့ စကားကို အရမ်းကြောက်လန့်နေတဲ့အခြေအနေပါ။ သူတို့ဆန္ဒတွေ ပြခဲ့ကြ တယ်။ ရလာဒ်က တပ်က သေနတ်နဲ့ ပစ်တာခံရတယ်။ စစ်တပ်ရဲ့ သူလျှိုလို့ စွပ်စွဲပြီး ခေါင်းဖြတ်တာတွေကို ကြုံခဲ့ရတယ်။ သောက်သုံးရေတွေထဲ အဆိပ်ခတ်တာ ခံခဲ့ရတယ်။ နိုင်ငံမတည်မငြိမ်မှုဟာ ဘယ်လောက်အထိ ဆိုးကျိုးတွေ ဖြစ်စေမလဲဆိုတာ ပြည်သူတွေ ကောင်းကောင်းသိပါတယ်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲပြုလုပ် ခဲ့ပေမဲ့ ရွေးကောက်ပွဲရလာဒ် အတည်ပြုမခံခဲ့ရသလို လက်ရှိအချိန်မှာလဲ အဲဒီ့အချိန်တုန်းက ရွေးကောက်ထားခဲ့ တဲ့ အမတ်တွေရဲ့ အနေအထားဟာ နိုင်ငံကို ဦးဆောင်ဖို့ မစွမ်းသာတော့လို့ ၉၀ ရွေးကောက်ပွဲရလာဒ် ဖော်ဆောင်ပေးဖို့ တောင်းဆိုတာတွေလဲ ရပ်သင့်ပြီ။ အခုအချိန်မှာ ရွေးကောက်ပွဲဝင်ဖို့အတွက် ပြည်သူတွေ ထဲက နိုင်ငံရေးစိတ်ပါဝင်စားပြီး ပြည်သူ့ကိုယ်စားလှယ် လုပ်နိုင်မယ် လို့ မိမိကိုယ်ကို ယုံကြည်သူတွေဟာ ပြည်သူတွေရဲ့ ယုံကြည်မှုကိုပါ ရယူနိုင်ဖို့အတွက် အားကြိုးမာန်တက် ဆောင်ရွက် နေကြပါတယ်။ ရွေးကောက်ပွဲ ဝင်မယ့်ပါတီတွေနဲ့ အမတ်လောင်းတွေဟာ ပြည်သူကို တကယ် ကိုယ်စားပြုနိုင်မယ့် သူတွေချည်း မဟုတ်ပါဘူး။ ပြည်သူအကျိုးကို တကယ်ထမ်းရွက်မယ့်သူတွေချည်း မဟုတ်ပါဘူး။ ထို့အတူပဲ ပြည်သူကို ကိုယ်စားမပြုနိုင်တဲ့ သူတွေချည်းလဲမဟုတ်ပြန်၊ ပြည်သူအကျိုးကို မထမ်းရွက်နိုင်မယ့် သူတွေချည်းလဲ မဟုတ်ပါဘူး။ ဒီနေရာမှာ တိုင်းပြည်အတွက်ဆိုတာမျိုး ပြောမယ့်အစား.. မိမိအရေးအတွက် မိမိသာလျှင် အကောင်းဆုံးသော ရွေးချယ်မှုကိုပြုကြရမှာပါ။ ဒါဟာ ပြည်သူတိုင်းရဲ့ တာဝန်ဆိုတာထက်... လူသားတဦးအနေနဲ့ မိမိရဲ့ ရပိုင်ခွင့်ကို အကောင်းဆုံး အသုံးချခြင်း မည်ပါတယ်။ လူ့အခွင့်အရေးဆိုပြီး ပြောနေကြတဲ့အထဲက အဲဒီ့လူ့အခွင့်အရေးတွေ ကို ပိုင်ပိုင်နိုင်နိုင် ရယူနိုင်ဖို့အတွက် ပထမဆုံးခြေလှမ်းတခုလဲ ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ လက်မခံနိုင်ဖွယ်ရာ အချက်အလက်တွေ အများကြီးပါတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး ရေးသားတင်ပြလိုပါတယ်။ ဖွဲ့စည်းပုံမှာ ယေဘူယျအားဖြင့် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းကို အခြေခံထားပေမဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍဟာအင်မတန်များနေတာတွေ၊ အလုပ်သမား လယ်သမား စတဲ့အ ခြေခံလူတန်းစားတွေရဲ့ အခွင့်အရေးတွေကို နိုင်ငံတော်အပိုင်းနဲ့ ဆောင်ရွက်ဖြည့်ဆည်း ပေးမယ်ဆိုတာကို အလေးမနက်မထားတာတွေနဲ့ အခြားပြည်သူတွေရဲ့ အဓိက လိုအပ်ချက်တွေကို လျစ်လျူရှု ထားတာတွေ ရှိနေပါတယ်။ ဒါကြောင့် လက်တလော ဖွဲ့စည်းပုံကိုတော့ များသောအစိတ်အပိုင်းများမှာ ပြုပြင် ပြင်ဆင်ရမှာပေါ့။ ဒါကို လွှတ်တော်ထဲမှာ ဒီမိုကရေစီအင်အားစုတွေ ပါရင်ပါသလောက် ပြုပြင်ပြောင်းလဲဖို့ အခွင့် အရေးတွေ ရှိနေပါတယ်။ လက်ရှိဖွဲ့စည်းပုံကို ပြင်ဆင်ဖို့အတွက် တင်းကြပ်ထားတဲ့ စည်းကမ်းချက်တွေ ရှိနေပါတယ်။ ဒါကိုလဲ လွှတ်တော်ထဲ မရောက်သေးဘဲ အရမ်းကာရော မဖြစ်နိုင်ဘူးလို့ မလုပ်နေဘဲ လွှတ်တော်ထဲ အရောက်မှာ တပ်မတော်သားတွေကို စည်းရုံးပြီး လက်တွဲလုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ တပ်မတော်သားတွေဆိုတာလဲ ပြည်သူတွေ မွေးဖွားထားတဲ့ ပြည်သူ့သားတွေမို့ ပြည်သူ့ကိုယ်စားလှယ်တွေ ကသာ စည်းရုံးပြီး လက်တွဲမယ်ဆို လက်ခံကြမယ့်သူတွေပါ။ ဒါကြောင့် ဖွဲ့စည်းပုံကို လက်မခံလို့ ရွေးကောက်ပွဲ ကို ဆန့်ကျင်မယ်ဆိုတာထက် ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ ရွေးကောက်ပွဲမှာ အကောင်းဆုံးသော ရွေးချယ်မှုတွေနဲ့ မဲပေးသင့်ပါတယ်။ အဲဒီ့လိုမဟုတ်ဘဲ ပြည်သူ တွေကိုပါ မဲမပေးပါနဲ့.. ဆန့်ကျင်ဆန္ဒပြကြပါဆိုတာ ပြည်သူကို သေတွင်းထဲ တွန်းပို့သလိုပါပဲ။ ရွေးကောက်ပွဲ မှာတော့ လုပ်ရပ်နှစ်ခုပေါ်မှာ မူတည်ပြီး ရလာဒ်နှစ်ခု ထွက်ပေါ်လာမှာပါ။ ပြည်သူတွေ တိကျသေချာစွာ မှန်မှန် ကန်ကန် စဉ်းစားနိုင်ပြီး မဲပေးရင် နိုင်ငံတိုးတက်ဖို့ ပထမဆုံးခြေလှမ်းတိုးလိုက်တာ ဖြစ်သလို၊ မမှန်မကန် ရွေးချယ်မှုပြုလိုက်ပြီဆိုရင်လဲ သေတွင်းနဲ့မခြား ဖြစ်ပါလိမ့်မယ်။ ကိုယ်က ယုံယုံကြည်ကြည် မဲပေးပြီးခါမှ လွှတ်တော်ထဲ ရောက်တာနဲ့ ပြည်သူတွေကို ဒုက္ခပြန်ပေးလာမယ့် ကိုယ်စားလှယ်တွေ မဖြစ်ဖို့ အင်မတန် အရေးကြီးပါတယ်။ ရွေးကောက်ပွဲ နဲ့ပတ်သက်ရင် အတွေ့အကြုံမရှိတဲ့ ပြည်သူတွေအတွက် မှန် ကန်သော ရွေးချယ်မှုတွေ ဖြစ်ရအောင် မှန်ကန်တဲ့ သတင်းတွေနဲ့ ဖြစ်နိုင်ခြေတွေကို ချပြရမှ ပြည်သူတွေ အတွက် အလုပ်လုပ်နေပါတယ်ဆိုတဲ့ သတင်းမီဒီယာတွေပါ။ ပြည်သူတွေကို သတင်းအမှန်ပေးဖို့ ရယူထားတဲ့ ငွေကြေးတွေနဲ့ မိမိယုံကြည်ရာ အမှန်တရားမလုပ်နေဘဲ သတင်းမီဒီယာတို့တန်ဖိုးထားလေးစားရတဲ့ မည်သည့်ဘက်မှ ဘက်မလိုက်ရေးကို လက်ကိုင်ထားရမယ့် အချိန် ဟာ လက်ရှိအချိန်ပါပဲ။

ပြည်သူတွေ ရွေးကောက်ပွဲကို သိပ်စိတ်မဝင်စားကြပါဘူး။ ဒါအမှန်တရားပါ။ မိမိတို့ရဲ့ စားဝတ်နေရေးအတွက် ရုန်းကန်နေကြရပါတယ်။ ဒါကြောင့် ရေတိုအကျိုးရှိမယ့် မဲဆွယ်မှုမျိုးတွေပေါ်မှာ ကျေနပ်မှုတွေ ဖြစ်လာပါလိမ့် မယ်။ ဥပမာ - ငါတို့ပါတီကို မဲပေးရင် လမ်းခင်းပေးမယ်၊ တံတားဆောက်ပေးမယ်၊ လယ်သမားတွေကိုလဲ စိုက်ပျိုးဖို့နဲ့ ပြန်လည် ရောင်း ထုတ်နိုင်ဖို့ အကူအညီတွေပေးမယ်.. အဲဒီ့လို ရေတိုအကျိုးပြ မဲဆွယ်မှုတွေဟာ လွှတ်တော်ထဲရောက်ပြီးရင် ရေရှည်အနေနဲ့ အကျိုးရှိချင်မှ ရှိပါလိမ့်မယ်။ ငွေကြေးတတ်နိုင်တဲ့ ပါတီတွေက ငွေကြေးနဲ့ စည်းရုံးပြီး ငွေကြေးမတတ်နိုင်တဲ့ပါတီတွေကတော့ ရေရှည်စီမံကိန်းတွေ ချပြ မဲဆွယ်ရပါတယ်။ ရေတိုအားဖြင့် အကျိုးအမြတ်နည်းနည်းကို တွေ့ရုံမျှနှင့် ရမ်းမယုံသင့်ပါဘူး။ အဲဒီ့လို အကျိုးအမြတ်နည်းနည်း ပေးဖို့ အကုန်ခံထားရတာနဲ့တန်အောင် ပြည်သူပိုင်တဲ့ တိုင်းပြည်ဘဏ္ဍာတွေကို လက်ဝါးကြီးအုပ်မယ်ဆိုတာ သင်္ကာမကင်းဖြစ်ရပါမယ်။ အလကားနေရင်း ကိုယ့်အိတ်ထဲက ပိုက်ဆံကို ကိုယ့်အတွက် အကျိုးမရှိဘဲ အကုန်ခံပါ့ မလား။ ဒါကြောင့် ရွေးကောက်ပွဲအပေါ် စိတ်မဝင်စားတဲ့ပြည်သူတွေကို စိတ်ပါဝင်စားလာအောင် မီဒီယာတွေက တဆင့် လှုံ့ဆော်ပေးရပါမယ်။ ဆိုးကျိုးများတဲ့ လူထုဆန္ဒပြပွဲထက် မှန်မှန်ကန်ကန်သာ ရွေးချယ်ရင် ကောင်းကျိုး များမယ့် ရွေးကောက်ပွဲအတွက် သတင်းလွှင့်ပေးရတာ ပိုပြီး သင့်လျော်ပါတယ်။ ပြည်သူတွေ ပေးလိုက်တဲ့မဲဟာ ၅ နှစ်စာ ပြည်သူကို နှိပ်စက်ခွင့်လက်မှတ် ဖြစ်မသွားဖို့ အင်မတန်မှ အရေးကြီးပါတယ်။ မီဒီယာတွေက မလုပ် ပေးနိုင်ဘူးဆိုရင်လဲ ပြည်သူထဲက ပြည်သူတွေဖြစ်တဲ့ ပြည်သူ့အကျိုးကိုလိုလားသူတို့က တာဝန်ရှိတာ မဟုတ်ပေမဲ့ တာဝန်သိစွာနဲ့ ပြည်သူတွေမှန်ကန်စွာ မဲပေးနိုင်ဖို့အရေး လမ်းပြကူညီဆောင်ရွက်ပေးသင့် ပါတယ်။

ငြိမ်းချမ်းရေးလမ်းအနေနဲ့ လက်ရှိအချိန်မှာ ရေးသင့်ရေးထိုက် တင်ပြသင့် တင်ပြထိုက်တာကို ရေးသား တင်ပြ လိုက်ပါတယ်။ ထို့အတူပဲ... ငြိမ်းချမ်းရေးလမ်းကို လာရောက်လည်ပတ်ပြီး ဒီပို့စ်ကို ဖတ်ရှုသွားတဲ့ စာဖတ်သူတွေ အနေနဲ့လဲ ရွေးကောက်ပွဲကို မဖြစ်စေဖို့ဆိုတာထက် တစ်လတောင် မလိုတော့တဲ့ ရွေးကောက်ပွဲမတိုင်မီမှာ ပြည်သူတွေကို ဘယ်လို ကူညီပေးကြမလဲဆိုတာ စဉ်းစားလုပ်ဆောင်သင့်ပါပြီ။ အကယ်၍ ဖြစ်နိုင်မယ်ဆိုရင် ငြိမ်းချမ်းရေးလမ်းရဲ့ ဒီပို့စ်လေးကို မိမိတို့ရဲ့ ကိုယ်ပိုင်ဘလော့ဂ်များမှာ ဖြစ်စေ၊ မြန်မာနိုင်ငံသားတွေ အသုံးများ တဲ့ facebook မှာဖြစ်စေ၊ မေးလ်ဖြင့်ဖြစ်စေ ပြန်လည်ဖြန့်ဝေပေးစေချင်ပါတယ်။ ငြိမ်းချမ်းရေးလမ်းအနေနဲ့လဲ ဒီနေ့ကစပြီး ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ၊ ပါတီတွေရဲ့ မူဝါဒတွေကို အတတ်နိုင် ဆုံး စုစည်းတင်ပြပေးပါ့မယ်။ တိုင်းပြည်ရဲ့ အရေးကြီးဆုံးအချိန်မှာ အဓိက လိုအပ်ချက်ကို လက်လှမ်းမှီသမျှ ဖြည့်ဆည်းပေးချင်မိတဲ့ ဆန္ဒအရ ငြူစူသူတွေ ငြူစူမယ် ထောက်ခံသူတွေ ထောက်ခံမယ် လျစ်လျူရှုသူတွေ လျစ်လျူရှုမယ်ဆိုတာကို သိလျက်နဲ့ တိုင်းပြည်ကို သစ္စာစောင့်သိလိုက်ရပါတယ်။


ငြိမ်းချမ်းရေးလမ်းအဖွဲ့သားများ











Wednesday, September 8, 2010

နားလည်ပေးကြပါ... (၁)

4 comments
ငြိမ်းချမ်းရေးလမ်းဆိုတဲ့ ဘလော့ဂ်လေးကို စတင်ဖွင့်လှစ်ခဲ့ပြီး ဒီလပိုင်း ပို့စ်အတင်ကျဲခဲ့တယ်။ စောနန်းမွန် လည်း မအား၊ ကိုသူရိန်လည် မအား၊ အခြားငြိမ်းချမ်းရေးလမ်းအဖွဲ့ဝင်တွေလည်း ကိုယ့်အလုပ်နဲ့ကိုယ် ရှိနေကြ တော့ ခေတ္တခဏ အနားယူထားခဲ့ရပါတယ်။ ဒီနေ့လဲ စောနန်းဆိုတဲ့ ကျွန်မ မအားလပ်ပါဘူး။ သို့ပေမယ့် ပြော သင့် ပြောထိုက် ရေးသင့် ရေးထိုက်တာတွေက များလာပြီလေ။ ၂၀၁၀ ရွေးကောက်ပွဲဆိုတာကြီးကလည်း နီးလာ ပြီ။ ပြဿနာတွေကလည်း များနေပြီ။ ဒါကို လက်ပိုက်ကြည့်နေဖို့ ဘယ်သင့်တော့မလဲ။

ပထမဆုံး ရွေးကောက်ပွဲ.... မဲမပေးကြနဲ့လို့ ပြောနေကြတယ်။ သပိတ်မှောက်ကြမယ်လို့ ပြောနေကြတယ်။ လူထု အုံကြွမှုတွေ ဖန်တီးမယ်လို့ ပြောနေကြတယ်။ ဒါတွေကို အခု ဒီစာလေးကို ဖတ်နေတဲ့ မိတ်ဆွေ... ဘယ်လိုများ ထင်မြင်သုံးသပ်ချင်ပါသလဲ။

စောနန်းတဦးတည်းရဲ့ ရှုထောင့်ကနေ သုံးသပ်ကြည့်ပါ့မယ်။

ဒီရွေးကောက်ပွဲကြီးကို လက်ရှိ အာဏာပိုင် တပ်က လုပ်ဖြစ်အောင် လုပ်မယ်ဆိုရင် ဖြစ်ကိုဖြစ်မှာပါ။ သူတို့ မလုပ်မှသာ ရပ်တန့်နိုင်မယ့် ဒီရွေးကောက်ပွဲကို .. ပြည်သူတွေရဲ့ မျက်ရည်၊ ပြည်သူတွေရဲ့ သွေးနဲ့တော့ မစတေးချင်ကြပါနဲ့။ ပြည်သူလူထုကလဲ ဒီလိုပုံစံမျိုးကို ပြုလုပ်ချင်တာ၊ ပြုလုပ်ကြမှာ မဟုတ်ပါဘူး။ သူတို့မှာ အတွေ့အကြုံတွေ ရှိပြီးပြီ။ ညီညွတ်မှုမရှိတဲ့ အတိုက်အခံခေါင်းဆောင်တွေရဲ့ စကားကိုလည်း နားယောင်မှာ မဟုတ်ပါဘူး။ ချက်ချင်း အကျိုးအမြတ်မရှိဘဲ တိုင်းပြည်ကို လုံးဝ ဖျက်ပြီးမှ အကောင်းဆုံး ပြန်တည်ဆောက်မယ် ဆိုတဲ့ အိပ်မက်ဟာ အိပ်မက်ပါပဲ။ ဥပမာလေး တခုပေးချင်တယ်။ အမိုးကယို၊ ကြမ်းကပေါက်၊ ဘေးမလုံတဲ့ အိမ် တအိမ်မှာ ကျွန်မတို့တွေ နေနေတယ်။ ဒီအိမ်ကို ပြုပြင်ရတော့မယ်လေ။ ဒီမှာအိမ်ကို အရင်ဖြိုချပြီး အသစ်ပြန် ဆောက်မလား။ ဆောက်ပြီးရင်တော့ အိမ်က ကောင်းပါလိမ့်မယ်။ ဆောက်နေစဉ်အတွင်းမှာ အိမ်မဲ့ယာမဲ့ ဖြစ်သွားမှာပေါ့။ ဒါမှမဟုတ် နေစရာလဲ မမဲ့ရအောင် ကောင်းမွန်တဲ့အိမ်လဲ ဖြစ်ရအောင်၊ အပိုင်းလေးတွေ ခွဲပြီး ပြုပြင်တာမျိုးပဲ လုပ်မလား။ ပြုပြင်ရာမှာတော့ တတ်နိုင်သလောက်လေးနဲ့ အကောင်စားမဟုတ်တဲ့ ပစ္စည်းတွေကို သုံးသင့်လဲ သုံးရတော့မှာပေါ့။ ပထမဆုံးအဆင့်က မိုးလုံလေလုံနဲ့ ချမ်းချမ်းသာသာ နေရဖို့ မဟုတ်လား။ ဒါကို ဘယ်တဦးတယောက်၊ ဘယ်အဖွဲ့အစည်းကမှ ရွေးချယ်ပေးလို့ မရပါဘူး။ ပြည်သူလူထုက ပညာမဲ့တွေ မဟုတ်ပါဘူး။ ပြည်သူတွေကို ဟိုလိုလုပ်လိုက်ပါ၊ ဒီလိုလုပ်လိုက်ပါ လို့ မကျေမချမ်း ပြောနေ တာဟာ ပြည်သူ့ဘက်က ရပ်တည်ပေးနေတာ မဟုတ်တော့ဘဲ ပြည်သူကို အထင်သေးရာပဲ ရောက်ပါလိမ့်မယ်။ ကျွန်မကိုယ်တိုင် ပြည်ခိုင်ဖြိုး အာဏာရမှာ မလိုလားပါဘူး။ ပြည်သူ့ကို ကိုယ်စားပြုနိုင်မယ့် ရွေးချယ်ခံ တွေ မဟုတ်လို့ပါပဲ။ ဒါပေမဲ့ ပြည်သူတွေဟာ ရွေးချယ်ခံအဖြစ် စာရင်းတင်သွင်းသူကိုသာ ဆန္ဒပြုရမှာ ဖြစ်တဲ့ အတွက် စစ်မတိုက်ခင် မြှားကုန်ကြသူတွေကြောင့် ပြည်သူတွေမှာ ရွေးချယ်စရာ နည်းပါးတာမျိုး ဖြစ်လာရပါတော့တယ်။
သေးငယ်တဲ့ မျှော်လင့်ချက်ကလေးကိုမှ "ဒါအစစ်အမှန်မဟုတ်ဘူး" ဆိုပြီး ပြောနေတဲ့လူတွေဟာ ဘာမျှော်လင့် ချက်ကိုမှ မပေးနိုင်ခဲ့တဲ့ လူတွေပါ။ လူထုအုံကြွမှုကို မျှော်လင့်ချက်ကို သတ်မှတ်ရင်တော့ မြန်မာနိုင်ငံမှာ ဘယ်တော့မှ အဲဒီ့မျှော်လင့်ချက် ဖြစ်တည်လာတော့မှာ မဟုတ်ပါဘူး။ ပြည်တွင်းက အခြေအနေကို သေသေချာချာ မလေ့လာဘဲ အဝေးကနေ ပြောနေလို့ မရပါဘူး။ ရှစ်လေးလုံးရဲ့ ရလာဒ်ဟာ ပြည်သူကို အထိနာစေခဲ့ပါပြီ။ သေနတ်ကိုင်ပြီး လူသတ်တာ ဘယ်သူတွေလဲ သိသလို၊ ခေါင်းဖြတ်သတ်တာ ဘယ်သူတွေ၊ ဘာကြောင့် သတ်ကြတယ်ဆိုတာလဲ သိပြီးသားတွေပါ။ ဒါကြောင့် မျှော်လင့်ချက်ကလေးရှိရာကို သွားနေကြတဲ့ ပြည်သူတွေထဲက ပြည်သူတွေကိုတော့ နားလည်ပေးကြပါ

နောက်ဒုတိယတခုအနေနဲ့ကတော့ ဟိုမှာတော့ ဟိုလို ဆန္ဒပြလိုက်တာ ဆိုတဲ့အကြောင်းတွေ။ အဲဒီ့ထဲမှာ "အာရုံ ဦးမှာ ဖူးသည့်ကြာ" ဆိုတဲ့ ဇာတ်ကားရဲ့ သရုပ်ဆောင်တယောက်ဖြစ်တဲ့ ဝိုင်းစုခိုင်သိန်းကို ဆန္ဒကို ပြလိုက်ကြ တာ။ သတင်းတွေကို မြင်မိတော့ တော်တော်လေးကို စိတ်ပျက် စိတ်ဆင်းရဲသွားတယ်။ ကိုယ်တိုင်က တိုင်းတပါး ကို ထွက်ပြေး၊ နိုင်ငံရေးခိုလှုံခွင့်တွေလျှောက်၊ နိုင်ငံသားခံသူတွေလဲ ရှိသေးတယ်။ မြန်မာနိုင်ငံထဲမှာ အနုပညာ ကို ဝါသနာပါလို့ ကြိုးစားနေရှာတဲ့ အမျိုးသမီးငယ်တယောက်ကို ဝိုင်းပြီး ဆန္ဒပြတယ်။ စစ်အစိုးရနဲ့ ဆက်စပ်မှု ရှိသူမှန်သမျှကို ရင့်သီးတဲ့စကားလုံးပေါင်းစုံသုံးပြီး ဝေဖန်ပြောဆိုမယ်၊ ဒါဟာ နိုင်ငံရေးလား? နိုင်ငံရေးဆိုတာ နိုင်ငံ့အရေး၊ နိုင်ငံမှာ တစုံတခု အကျိုးရလာဒ်ကောင်းမှာ လုပ်တဲ့ အလုပ်ပါ။ ဘာအကျိုးမှ မရှိဘဲ ကိုယ့်သိက္ခာ ကိုယ်ချတာမျိုးက နိုင်ငံရေးမဟုတ်ပါဘူး။ မြန်မာနိုင်ငံက ပြည်သူတွေကို ပြန်မေးကြည့်ပါ။ အဲလိုလုပ်ရပ်ကို ထောက်ခံမလားလို့။ ပြီးရင်တော့ မြန်မာနိုင်ငံထဲမှာ ရှိနေကြတဲ့ အနုပညာရှင်တွေနဲ့ သူတို့မိသားစု အသိုင်း အဝိုင်း အပါအဝင် ၅၅ သန်းကျော်သော ပြည်သူတွေကို နားလည်ပေးကြပါ

တကယ်တော့ ဒါတွေကို မပြောချင်ပါဘူး။ ငြိမ်းချမ်းရေးလမ်းဆိုပြီး အမည်တွင်တဲ့ ဒီဆိုဒ်လေးမှာ မငြိမ်းမချမ်း ဖရုဿဝါစာတွေ ပြောလာကြမှာကို ငြိမ်းချမ်းရေးလမ်းအဖွဲ့သားတွေ ပြောသလို ကျွန်မ စောနန်းလဲ ကြောက်ပါ တယ်။ အခြားဆိုဒ်တွေမှာလဲ ကိုယ်နဲ့အမြင်ကွဲလွဲရင် တော်တော်လေးကို ဆိုးရွားတဲ့ ဖရုဿဝါစာတွေ တွေ့ရတဲ့ အတွက် တော်တော်လေးလဲ ရွံရှာမိတယ်။ ဒါပေမဲ့ ကျွန်မတို့ဆိုဒ်ရဲ့ ထောင့်တနေရာက မြတ်စွာဘုရားရှင်ရဲ့ ပုံတော်ကိုတော့ ရိုသေမယ်လို့ သဘောထားတဲ့အတွက် ကျွန်မ ဒီပို့စ်လေးကို ရေးသားလိုက်ပါတယ်။ ကျွန်မရဲ့ အမြင်များကို ဖော်ပြခြင်းဖြစ်ပြီး ကိုယ့်အမှားကိုယ်သိ ကိုယ်မှန်အောင် ပြုပြင်နိုင်ကြပါစေ။ စစ်အစိုးရနဲ့ ထပ်တူကျ တဲ့ အတိုက်အခံအာဏာရှင်ဆန်ဆန်တွေကြောင့် တိုင်းပြည်သိက္ခာ ကျဆင်းနေတာကို သတိပြုမိနိုင်ကြပါစေ။ ဒီလိုရေးသားတဲ့ ကျွန်မရဲ့ စိတ်စေတနာကိုလဲ နားလည်ပေးကြပါ



စောနန်း

Thursday, August 5, 2010

နည်းနည်းလေးတော့ တွေးသင့်ပြီ

0 comments
အငြိုးအတေးနဲ့ နားမလည်မှုတွေကြား
အာဃာတနဲ့ သံသယတွေကြား
ကိုယ်ချင်းစာစိတ်တွေမဲ့ပြီး
ကိုယ်မှန်တယ်ထင်ရာ စွဲကိုင်လို့.....။

အရာမထင်တဲ့ ဆက်ဆံမှုတွေကြား
ဟန်ဆောင်လိမ်လည် လှည့်ဖြားမှုတွေကြား
မေတ္တာဆိုတာ ဘာမှန်းမသိ
လူသတ်လက်နက်တွေနဲ့ပဲ ပျော်မွေ့လို့.....။

ဒီလိုဒီလိုနဲ့ ကံခေလှတဲ့ ဘဝတွေ
အပြစ်မရှိ လည်စင်းပေးနေရတဲ့ ဘဝတွေ
ရည်ရွယ်ရာ ဘာမရှိ တုန်လှုပ်နေတဲ့ ဘဝတွေ
ဒီဘဝလေးတွေအတွက် စာနာသင့်ပြီ...။

ဒီလိုဒီလိုနဲ့ မထူးခြားလာတဲ့ စတင်မှုတွေ
တိုးပွားလာတဲ့ မှားယွင်းမှုတွေ
မငြိမ်းချမ်းမှုများနဲ့ ဒေသတွေ
ဒါတွေ အားလုံးအတွက် ဖြေရှင်းချက် တခုတော့ ရှိသင့်ပြီ....။

ညီအကိုချင်း ရန်ပွဲတွေ စဲသင့်ပြီ..။
မိသားစုတွေရဲ့ မျက်ရည်တွေကို သုတ်ပေးသင့်ပြီ...။
ကိုယ်ထင်ရာ အမှန်တရား
ဒါတွေကိုလည်း ရပ်သင့်ပြီ........ ။


စောနန်း

Wednesday, August 4, 2010

ကျုံး နှင့် မြို့ရိုး အစိတ်အပိုင်းများ ကျန်ရှိနေသေးသည့် ရှေးမြို့တော်ဟောင်းများ - အပိုင်း( ၂ )

0 comments

















ယခင် အပိုင်း( ၁ )တွင် မြို့ဟောင်း (၄) ခုအကြောင်း သိရှိ နားလည်သလောက် တင်ပြခဲ့ပါသည်။ ယခု အပိုင်း( ၂ )တွင် မြို့ကွက် အဝိုင်းပုံသဏ္ဌာန် တည်ရှိခဲ့သော မြို့ဟောင်း (၄) ခု အကြောင်းကို ဆက်လက် တင်ပြချင်ပါသည်။ ဤမြို့ဟောင်း (၄)ခု၏ မြို့ကွက် အနေအထားများကို အပိုင်း( ၁ )တွင် ပါရှိခဲ့သော သရေခေတ္တရာမြို့ဟောင်းနှင့် လည်း နှိုင်းယှဉ်လေ့လာနိုင်ပါသည်။

(၅)မိုင်းမော မြို့ဟောင်း
မိုင်းမောမြို့ဟောင်းမှာ တွေ့ရှိထားသော မြို့ဟောင်းများထဲတွင် သက်တမ်း အရင့်ဆုံးဖြစ်နိုင်သည်ဟု လက်ရှိယူဆ ထားကြကာ ဘီစီ ၂ ရာစု မှ အေဒီ ၄ ရာစု အတွင်း ထွန်းကားခဲ့သော ပျူမြို့တော် ဟောင်း ဖြစ်သည်ဟု ယူဆကြသည်။ ကျောက်ဆည်နယ် လယ်တွင်း ကိုးခရိုင် ဒေသတွင် တည်ရှိသော မိုင်းမောမြို့ဟောင်းအား " မြန်မာအစ ကျောက်ဆည်က" ဟုလက်ခံသူများကလည်း မြန်မာတို့ တည်ခဲ့သော ပထမဆုံးမြို့တော် ဖြစ်နိုင်သည်ဟု ယူဆကြသည်များလည်း ရှိပါသည်။ သုတေသန လုပ်ငန်းများလည်း ပြီးပြည့်စုံခြင်း မရှိသေးသည့် အတွက်၊ မြန်မာရာဇဝင်များတွင်လည်း မပါရှိဘဲ မေ့လျော့ထားခြင်း ခံရသော မိုင်းမောမြို့ဟောင်းနဲ့ ပက်သက်လျှင်ကား ပဟေဠိများ အများအပြား ရှိနေပေဦးမည်။ မိုင်းမောဟူသော အမည်ပင်လျှင် ပထမဆုံး တွေ့ရှိခဲ့သော ဦးအောင်မြင့်(သစ်တော)က မြို့ဟောင်း အလယ်ဗဟိုလောက်တွင် ယခုတည်ရှိသော မိုင်းမောရွာကို အစွဲပြု၍ ပေးခဲ့ခြင်း ဖြစ်သည်။ အချို့ သုတေသီများကလည်း ၁၃ ရာစု မှ ၁၇ ရာစုအထိ ထွန်းကားခဲ့သော ပင်လယ်မြို့ဟောင်း အနီးတွင် တည်ရှိသည့်အတွက် ပထမပင်လယ်မြို့ဟောင်းဟူ၍ မိုင်းမောမြို့ဟောင်းအား မှတ်သားကြပါသည်။ မြန်မာရာဇဝင်များတွင် မလာရှိသော်လည်း တရုတ်မှတ်တမ်း တစ်ခုတွင်ကား မိချဲင်=စပါးမြို့ ဟုခေါ်ကြောင်း သိရှိရသည်။

မိုင်းမောမြို့ဟောင်းသည် ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကူမဲမြို့၏ အရှေ့တောင်ဘက် ၅ မိုင်ခန့် အကွာတွင် တည်ရှိပါသည်။ ယခု ရှေးဟောင်းသုတေသန တူးဖေါ်ရေးနေရာ တစ်ခုဖြစ်သော ပင်လယ်မြို့ဟောင်းသည် မိုင်းမောမြို့ဟောင်း၏ အနောက်တောင်ဘက် ယွန်းယွန်း ၃မိုင်ခန့် အကွာ စမုံမြစ်ကမ်းပေါ်တွင် တည်ရှိသည်။ မိုင်းမောမြို့ဟောင်းတစ်ခုလုံးမှာ စိုက်ပျိုးမြေ လယ်ကွင်းများအတွင်း လုံးလုံးကျရောက်နေပြီး မြို့ရိုးအရာနှင့် မြို့ကွက် အနေအထားကို ကောင်းကင်ဓါတ်ပုံမှနေ၍ မှန်းဆနိုင်သည်။ မြို့ကွက်မှာ အဝိုင်းဖြစ်ပြီး သရေခေတ္တရာမြို့ဟောင်းနဲ့ ဆင်တူသည်။ မြို့ကွက် အဝိုင်းရှိသော မြို့ဟောင်း(၅)ခုဖြစ်သည့် သရေခေတ္တရာ၊ မိုင်းမော၊ ဝေသာလီ၊ ဝတီး၊ သာဂရ(ထားဝယ်) မြို့ဟောင်းတို့အား နှိုင်းယှဉ်လေ့လာရာတွင် သရေခေတ္တရာမြို့ဟောင်းပြီးလျှင် မိုင်းမောမြို့ဟောင်းသည် ဒုတိယအကြီးဆုံး ဖြစ်နေသည်ကို တွေ့ရှိရပါသည်။ ထို့အပြင် မိုင်းမောမြို့ဟောင်း တည်ရှိရာ ဒေသဖြစ်သည့် လယ်တွင်း (၉)ခရိုင်ဒေသမှ အဆိုပါ လယ်တွင်းမြို့များဖြစ်သော ပန်းလောင်မြစ်ဝှမ်းမှ (၁)စောလှ၊ (၂)ပင်လယ်၊ (၃)မြစ်သား၊ (၄)ပျဉ်းမနား (ယနေ့တည်ရှိသော နေပြည်တိုင်ခရိုင် ပျဉ်းမနားမြို့မဟုတ်)၊ ဇော်ဂျီမြစ်ဝှမ်းမှ (၅)မြောင်လှ၊ (၆)မြင်းခုံတိုင်၊ (၇)မြင်စိုင်း၊ (၈)ပနံ၊ (၉)မက္ခရာမြို့များနှင့် နှိုင်းယှဉ် ကြည့်ရာတွင်လည်း ယင်းလယ်တွင်း ခရိုင်မြို့ (၉)မြို့လုံးထက် မိုင်းမောမြို့ဟောင်း၏ မြို့ကွက်မှာ သိသိသာသာ ပိုမိုကြီးမား နေသည်ကို တွေ့ရပါသည်။ မိုင်းမောမြို့ဟောင်းသည် ကြီးကျယ်ခမ်းနားသော မြို့တော်တစ်ခု ဖြစ်ခဲ့လိမ့်မည် ဆိုသည်ကား လုံးဝ သံသယဖြစ်စရာ မရှိပေ။

မိုင်းမောမြို့ရိုးမှာ သရေခေတ္တရာကဲ့သို့ အဝန်းပုံသဏ္ဌာန်ဖြစ်ပြီး သရေခေတ္တရာထက်ပင် စက်ဝိုင်းပုံပိုကျသည်။ မြို့ရိုးအဝန်းမှာ စုစုပေါင်း ၆ မိုင်ခန့် ရှည်လျားပါသည်။ မြို့ကွက် အချင်းသည် ယေဘုယျအားဖြင့် ၁.၉ မိုင်ခန့်ရှိသည်။ အရှေ့ - အနောက် အချင်းသည် တောင် - မြောက် အချင်းထက် အနည်းငယ် ပိုမို ရှည်လျားသည်။ သရေခေတ္တရာကဲ့သို့ပင် မြို့ရိုးအတွင်း တစိတ်တပိုင်းသာ လူနေထိုင်ရန်ဖြစ်ပြီး ကျန်တစိတ်တပိုင်းမှာ စိုက်ပျိုးရန်မြေ ဖြစ်မည်ဟု ယူဆရသည်။ မြို့ကွက်၏ အလယ်ဗဟိုတွင် နန်းတော်ရာဟောင်းဟု ယူဆရသော ထောင့်မှန်စတုဂံပုံ အုတ်ရိုးတစ်ခု တည်ရှိခြင်း သည်လည်း သရေခေတ္တရာနှင့်ဆင်တူပါသည်။ မတူညီသည်မှာ မိုင်းမော၏ နန်းတော်ရာဟောင်းအုတ်ရိုး အတွင်းဝယ် နောက်ထပ် အဝိုင်းပုံ အုတ်ရိုးတစ်ခုအား ထပ်မံတွေ့ရှိ ရခြင်း ဖြစ်သည်။ အဆိုပါ အတွင်းဆုံး အဝိုင်းပုံ အုတ်ရိုး၏ ပတ်လည်အဝန်း ပင်လျင် ၁.၄ မိုင်ခန့် ရှိပါသည်။ ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနက မိုင်းမောမြို့ဟောင်းအား ၂၀၀၈ ခုနှစ်အတွင်း ထပ်မံတူးဖေါ်ခဲ့ကြောင်း သိရပြီး မိုင်းမောနှင့် ပက်သက်၍ ပိုမို ပြည့်စုံသော သုတေသန စာတမ်းများ ထွက်ပေါ်လာဖွယ် ရှိပေသည်။

(၆)ဝေသာလီမြို့ဟောင်း
ဝေသာလီမြို့ဟောင်းသည် ရခိုင်ပြည်၏ နောက်ဆုံး မင်းနေပြည်တော် ဖြစ်သော မြောက်ဦးမြို့၏ မြောက်ဘက် ၅ မိုင်ခန့် အကွာတွင် တည်ရှိသည်။ ရခိုင်ရာဇဝင်အရ အေဒီ ၃၂၇ မှ အေဒီ ၈၁၈ အထိ၊ (၄ ရာစု မှ ၉ ရာစု) အတွင်း ထွန်းကားခဲ့သော ရခိုင်ပြည်၏ မြို့တော်ဖြစ်သည်။ ကစ္ဆပနဒီမြစ်ဝှမ်းတွင် တည်ရှိပြီး ကျောက်လှေကားမြို့(သို့မဟုတ်) ဒုတိယဝေသာလီမြို့ဟူ၍လည်း မှတ်သားရဖူးသည် (ရခိုင်ရာဇဝင် အရ ပထမဝေသာလီမြို့ကို ဓညဝတီ ခေတ်သုံးခေတ် မတိုင်မီက တည်ခဲ့ပါသည်)။ သရေခေတ္တရာနှင့် မိုင်းမောမြို့ဟောင်းများကဲ့သို့ပင် မြို့ရိုးအတွင်း တစိတ်တပိုင်းသည် နေထိုင်ရန်ဖြစ်ပြီး၊ တစိတ်တပိုင်းမှာ စိုက်ပျိုးရန်ဖြစ်ဟန် တူသည်။ ပင်လယ် ဆိပ်ကမ်းမြို့ဖြစ်ခဲ့ပြီး မြို့၏ အနောက်ဘက်ရှိ ကစ္ဆပနဒီ မြစ်ကမ်းပေါ်မှ ကျောက်လှေကား သင်္ဘောဆိပ်မှာ အလွန်စည်ကားခဲ့ကြောင်း ရာဇဝင်များ၌ ဆိုသည်။ မြို့ကွက်မှာ အဝိုင်းဖြစ်ပြီး စက်ဝိုင်းပုံထက်စာလျှင် ဘဲဥပုံခပ်ကျကျ ဖြစ်သည်။ တောင်မြောက် ရှည်လျားပြီး အရှေ့အနောက် ကျဉ်းသည်။ မြို့ရိုးအဝန်း စုစုပေါင်း ၅.၅ မိုင်ခန့် ရှည်လျားသည်။ အရှေ့ဘက်ခြမ်းတွင် သဘာဝ အတားအဆီး ဖြစ်သော တောင်စွယ်တောင်ကုန်းများကို အရှေ့ဘက်မြို့ရိုး၏ တစိတ်တဒေသ အဖြစ် အသုံးပြုထားကြောင်း တွေ့ရှိရသည်။ မြို့ကွက်၏ အရှေ့- အနောက် အချင်းသည် ၁.၃၅ မိုင်ခန့်ရှိပြီး၊ တောင် - မြောက် အချင်း ၁.၉၅ မိုင်ခန့် ရှိသည်။ မိုင်းမောမြို့ဟောင်းနှင့် မြို့ကွက် အရွယ်အစား တူညီလု နီးပါး ရှိပြီး အခြား မြို့ဝိုင်းများ ဖြစ်သော ဝတီးမြို့ဟောင်း၊ သာဂရ မြို့ဟောင်း တို့ထက် ကြီးမားသည်။ ယခုအခါ မြို့ရိုးအတွင်း အလယ်ဗဟိုလောက်တွင် ဝေသာလီရွာ တည်ရှိပါသည်။ ၁၉၈၀ မှ ၁၉၈၃ ခုနှစ်အတွင်း ဝေသာလီမြို့ဟောင်း တူးဖေါ်မှု လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

(၇)ဝတီးမြို့ဟောင်း
ဝတီးမြို့ဟောင်းသည် မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၏ အရှေ့တောင်ဘက် ၅ မိုင်ခန့် အကွာတွင် တည်ရှိသည်။ ပျူခေတ်၏ သင်္ကေတ အမှတ်အသားဖြစ်သော လက်စင်းရာပါ အုတ်ချပ်များတွေ့ ရှိရပြီး ရှေးကျသော ပျူမြို့ဟောင်း တစ်ခုဟုယူဆကြသည်။ တူးဖေါ်တွေ့ရှိရသော ရှေးဟောင်းပစ္စည်းများအရ ဗိဿနိုးမြို့ဟောင်းတည်ထောင်သည့် နှစ်ထက် နောက်မကျနိုင်ကြောင်း ခန့်မှန်းသိရှိရသည်။ ဝတီးမြို့နှင့် ပက်သက်၍လည်း ရာဇဝင်များတွင် မတွေ့ရပေ။ ဆလင်ဒါပုံမြေခွက်ငယ်များ အမြောက်အမြားတွေ့ရှိမှုအရ ၀တီးမြို့ဟောင်း တည်ထောင်ခဲ့သည့် ကာလမှာ ကြေးခေတ် ကုန်ဆုံးပြီးနောက် ပျူခေတ်စောစောပိုင်း ကာလခန့်ကတည်းကတည်ရှိခဲ့သည့် အထောက်အထားများ ဖြစ်သည်ဟု ဆိုသည်။ မြို့ကွက်မှာ အဝိုင်းပုံသဏ္ဌာန်ဖြစ်ပြီး စက်ပိုင်းပုံမက၊ ဘဲဥပုံမကျဖြစ်သည်။ မြို့ရိုးအဝန်း စုစုပေါင်း ၃ မိုင်ခန့် ရှည်လျားသည်။ အရှေ့ - အနောက် အချင်းမှာ ဝ.၉၅ မိုင်ခန့်ရှိပြီး၊ တောင် - မြောက်အချင်းမှာ ၀.၉၇ မိုင်ခန့် ရှိသည်။ သို့သော် လုံးဝ လုံးဝန်း နေခြင်း မဟုတ်ဘဲ မြို့ရိုးမှာ အရှေ့မြောက်ဘက် တွင် အနည်းငယ် ဖေါင်းထွက် သွားသည်။ သရေခေတ္တရာနှင့် မိုင်းမောမြို့ဟောင်းများကဲ့သို့ နန်းတော်ရာကုန်း မတွေ့ရှိရသော်လည်း မြို့ကွက်၏ အလယ်ဗဟိုလောက်တွင် အဆောက်အအုံကြီး တစ်ခု၏ အောက်ခြေခုံကို တူးဖေါ်တွေ့ရှိသည်။ အဆောက်အအုံကြီး၏ အပေါ်ပိုင်းမှာ သစ်သားအဆောက်အအုံဖြစ်ပြီး တံခါးဝင်ပေါက် နေရာများတွင်လည်း သစ်သား တံခါးရွက်နှင့် သစ်သားတံခါးတိုင်များ အသုံးပြုဖွယ်ရှိကြောင်း မှန်းဆရသည်ဟု ဆိုသည်။ ဝတီးမြို့ဟောင်းကို ၂၀၀၈ခုနှစ် စက်တင်ဘာလမှ အောက်တိုဘာလ အတွင်း နောက်ဆုံးတူးဖေါ်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

(၈)သာဂရ(ထားဝယ်)မြို့ဟောင်း
သာဂရမြို့ဟောင်းသည် တနင်္သာရီတိုင်း ထားဝယ်မြို့ ၏ မြောက်ဘက် ၈ မိုင်ခန့် အကွာ၊ ထားဝယ်မြစ်၏ အနောက်ဘက်ကမ်းပေါ်၌ တည်ရှိသည်။ အေဒီ ၇၅၁ မှ ၇၆၁ အတွင်းတည်သည်ဟု အထောက်အထားရှိရာ အေဒီ ၈၄၉တွင် တည်သော စတုတ္ထပုဂံထက်ပင် နှစ် ၁၀၀ နီးပါး စောပေသည်။ အေဒီ(၅၀၀)မှ အေဒီ(၈၃၂)အထိ တည်ရှိခဲ့သော ဒုတိယ ပျူနိုင်ငံတော်“သရေခေတ္တရာ”နှင့် ခေတ်ပြိုင်ဖြစ်နေသည် ဟုသမိုင်းသုတေသီ ဗိုလ်မှူးဗရှင်က အနော်ရထာအရင်က မြန်မာနိုင်ငံ၊ စာ-၈၁ တွင်ဆိုခဲ့သည်။ မြို့ရိုးပုံသဏ္ဌာန်မှာ ဘဲဥပုံလည်းမက စက်ဝိုင်းပုံလည်းမကျသော အ၀န်းအ၀ိုင်း ပုံသဏ္ဌာန်ရှိပြီး မြို့ရိုးအဝန်း စုစုပေါင်း ၂.၃၄ မိုင်ခန့် ရှည်လျားသည်။ အရှေ့ဘက်နှင့် တောင်ဘက်တွင် ကျုံး အစိတ်အပိုင်း အချို့ကျန်ရှိနေသေးပြီး အချို့နေရာများတွင် ပေ ၁၀၀ ခန့်အထိ ကျယ်ဝန်းသည်။ မြို့ကွက် အဝိုင်းပုံသဏ္ဌာန်ရှိသော မြို့ဟောင်း (၅)မြို့တွင် သာဂရမြို့ဟောင်းသည် အသေးငယ်ဆုံး ဖြစ်သည်။ ယခုအခါ မြို့ရိုးတွင်းတွင် မြို့ဟောင်းကျေးရွာ တည်ရှိပြီး ရွာ၏ မြောက်ဘက်ထိပ် မြို့ရိုးအတွင်းရှိ ရှင်ဇလွန် စေတီတော်မှာ ထင်ရှားသည်။

ဆက်လက် ဖေါ်ပြပါမည်