Wednesday, August 4, 2010

ကျုံး နှင့် မြို့ရိုး အစိတ်အပိုင်းများ ကျန်ရှိနေသေးသည့် ရှေးမြို့တော်ဟောင်းများ - အပိုင်း( ၂ )

0 comments

















ယခင် အပိုင်း( ၁ )တွင် မြို့ဟောင်း (၄) ခုအကြောင်း သိရှိ နားလည်သလောက် တင်ပြခဲ့ပါသည်။ ယခု အပိုင်း( ၂ )တွင် မြို့ကွက် အဝိုင်းပုံသဏ္ဌာန် တည်ရှိခဲ့သော မြို့ဟောင်း (၄) ခု အကြောင်းကို ဆက်လက် တင်ပြချင်ပါသည်။ ဤမြို့ဟောင်း (၄)ခု၏ မြို့ကွက် အနေအထားများကို အပိုင်း( ၁ )တွင် ပါရှိခဲ့သော သရေခေတ္တရာမြို့ဟောင်းနှင့် လည်း နှိုင်းယှဉ်လေ့လာနိုင်ပါသည်။

(၅)မိုင်းမော မြို့ဟောင်း
မိုင်းမောမြို့ဟောင်းမှာ တွေ့ရှိထားသော မြို့ဟောင်းများထဲတွင် သက်တမ်း အရင့်ဆုံးဖြစ်နိုင်သည်ဟု လက်ရှိယူဆ ထားကြကာ ဘီစီ ၂ ရာစု မှ အေဒီ ၄ ရာစု အတွင်း ထွန်းကားခဲ့သော ပျူမြို့တော် ဟောင်း ဖြစ်သည်ဟု ယူဆကြသည်။ ကျောက်ဆည်နယ် လယ်တွင်း ကိုးခရိုင် ဒေသတွင် တည်ရှိသော မိုင်းမောမြို့ဟောင်းအား " မြန်မာအစ ကျောက်ဆည်က" ဟုလက်ခံသူများကလည်း မြန်မာတို့ တည်ခဲ့သော ပထမဆုံးမြို့တော် ဖြစ်နိုင်သည်ဟု ယူဆကြသည်များလည်း ရှိပါသည်။ သုတေသန လုပ်ငန်းများလည်း ပြီးပြည့်စုံခြင်း မရှိသေးသည့် အတွက်၊ မြန်မာရာဇဝင်များတွင်လည်း မပါရှိဘဲ မေ့လျော့ထားခြင်း ခံရသော မိုင်းမောမြို့ဟောင်းနဲ့ ပက်သက်လျှင်ကား ပဟေဠိများ အများအပြား ရှိနေပေဦးမည်။ မိုင်းမောဟူသော အမည်ပင်လျှင် ပထမဆုံး တွေ့ရှိခဲ့သော ဦးအောင်မြင့်(သစ်တော)က မြို့ဟောင်း အလယ်ဗဟိုလောက်တွင် ယခုတည်ရှိသော မိုင်းမောရွာကို အစွဲပြု၍ ပေးခဲ့ခြင်း ဖြစ်သည်။ အချို့ သုတေသီများကလည်း ၁၃ ရာစု မှ ၁၇ ရာစုအထိ ထွန်းကားခဲ့သော ပင်လယ်မြို့ဟောင်း အနီးတွင် တည်ရှိသည့်အတွက် ပထမပင်လယ်မြို့ဟောင်းဟူ၍ မိုင်းမောမြို့ဟောင်းအား မှတ်သားကြပါသည်။ မြန်မာရာဇဝင်များတွင် မလာရှိသော်လည်း တရုတ်မှတ်တမ်း တစ်ခုတွင်ကား မိချဲင်=စပါးမြို့ ဟုခေါ်ကြောင်း သိရှိရသည်။

မိုင်းမောမြို့ဟောင်းသည် ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကူမဲမြို့၏ အရှေ့တောင်ဘက် ၅ မိုင်ခန့် အကွာတွင် တည်ရှိပါသည်။ ယခု ရှေးဟောင်းသုတေသန တူးဖေါ်ရေးနေရာ တစ်ခုဖြစ်သော ပင်လယ်မြို့ဟောင်းသည် မိုင်းမောမြို့ဟောင်း၏ အနောက်တောင်ဘက် ယွန်းယွန်း ၃မိုင်ခန့် အကွာ စမုံမြစ်ကမ်းပေါ်တွင် တည်ရှိသည်။ မိုင်းမောမြို့ဟောင်းတစ်ခုလုံးမှာ စိုက်ပျိုးမြေ လယ်ကွင်းများအတွင်း လုံးလုံးကျရောက်နေပြီး မြို့ရိုးအရာနှင့် မြို့ကွက် အနေအထားကို ကောင်းကင်ဓါတ်ပုံမှနေ၍ မှန်းဆနိုင်သည်။ မြို့ကွက်မှာ အဝိုင်းဖြစ်ပြီး သရေခေတ္တရာမြို့ဟောင်းနဲ့ ဆင်တူသည်။ မြို့ကွက် အဝိုင်းရှိသော မြို့ဟောင်း(၅)ခုဖြစ်သည့် သရေခေတ္တရာ၊ မိုင်းမော၊ ဝေသာလီ၊ ဝတီး၊ သာဂရ(ထားဝယ်) မြို့ဟောင်းတို့အား နှိုင်းယှဉ်လေ့လာရာတွင် သရေခေတ္တရာမြို့ဟောင်းပြီးလျှင် မိုင်းမောမြို့ဟောင်းသည် ဒုတိယအကြီးဆုံး ဖြစ်နေသည်ကို တွေ့ရှိရပါသည်။ ထို့အပြင် မိုင်းမောမြို့ဟောင်း တည်ရှိရာ ဒေသဖြစ်သည့် လယ်တွင်း (၉)ခရိုင်ဒေသမှ အဆိုပါ လယ်တွင်းမြို့များဖြစ်သော ပန်းလောင်မြစ်ဝှမ်းမှ (၁)စောလှ၊ (၂)ပင်လယ်၊ (၃)မြစ်သား၊ (၄)ပျဉ်းမနား (ယနေ့တည်ရှိသော နေပြည်တိုင်ခရိုင် ပျဉ်းမနားမြို့မဟုတ်)၊ ဇော်ဂျီမြစ်ဝှမ်းမှ (၅)မြောင်လှ၊ (၆)မြင်းခုံတိုင်၊ (၇)မြင်စိုင်း၊ (၈)ပနံ၊ (၉)မက္ခရာမြို့များနှင့် နှိုင်းယှဉ် ကြည့်ရာတွင်လည်း ယင်းလယ်တွင်း ခရိုင်မြို့ (၉)မြို့လုံးထက် မိုင်းမောမြို့ဟောင်း၏ မြို့ကွက်မှာ သိသိသာသာ ပိုမိုကြီးမား နေသည်ကို တွေ့ရပါသည်။ မိုင်းမောမြို့ဟောင်းသည် ကြီးကျယ်ခမ်းနားသော မြို့တော်တစ်ခု ဖြစ်ခဲ့လိမ့်မည် ဆိုသည်ကား လုံးဝ သံသယဖြစ်စရာ မရှိပေ။

မိုင်းမောမြို့ရိုးမှာ သရေခေတ္တရာကဲ့သို့ အဝန်းပုံသဏ္ဌာန်ဖြစ်ပြီး သရေခေတ္တရာထက်ပင် စက်ဝိုင်းပုံပိုကျသည်။ မြို့ရိုးအဝန်းမှာ စုစုပေါင်း ၆ မိုင်ခန့် ရှည်လျားပါသည်။ မြို့ကွက် အချင်းသည် ယေဘုယျအားဖြင့် ၁.၉ မိုင်ခန့်ရှိသည်။ အရှေ့ - အနောက် အချင်းသည် တောင် - မြောက် အချင်းထက် အနည်းငယ် ပိုမို ရှည်လျားသည်။ သရေခေတ္တရာကဲ့သို့ပင် မြို့ရိုးအတွင်း တစိတ်တပိုင်းသာ လူနေထိုင်ရန်ဖြစ်ပြီး ကျန်တစိတ်တပိုင်းမှာ စိုက်ပျိုးရန်မြေ ဖြစ်မည်ဟု ယူဆရသည်။ မြို့ကွက်၏ အလယ်ဗဟိုတွင် နန်းတော်ရာဟောင်းဟု ယူဆရသော ထောင့်မှန်စတုဂံပုံ အုတ်ရိုးတစ်ခု တည်ရှိခြင်း သည်လည်း သရေခေတ္တရာနှင့်ဆင်တူပါသည်။ မတူညီသည်မှာ မိုင်းမော၏ နန်းတော်ရာဟောင်းအုတ်ရိုး အတွင်းဝယ် နောက်ထပ် အဝိုင်းပုံ အုတ်ရိုးတစ်ခုအား ထပ်မံတွေ့ရှိ ရခြင်း ဖြစ်သည်။ အဆိုပါ အတွင်းဆုံး အဝိုင်းပုံ အုတ်ရိုး၏ ပတ်လည်အဝန်း ပင်လျင် ၁.၄ မိုင်ခန့် ရှိပါသည်။ ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနက မိုင်းမောမြို့ဟောင်းအား ၂၀၀၈ ခုနှစ်အတွင်း ထပ်မံတူးဖေါ်ခဲ့ကြောင်း သိရပြီး မိုင်းမောနှင့် ပက်သက်၍ ပိုမို ပြည့်စုံသော သုတေသန စာတမ်းများ ထွက်ပေါ်လာဖွယ် ရှိပေသည်။

(၆)ဝေသာလီမြို့ဟောင်း
ဝေသာလီမြို့ဟောင်းသည် ရခိုင်ပြည်၏ နောက်ဆုံး မင်းနေပြည်တော် ဖြစ်သော မြောက်ဦးမြို့၏ မြောက်ဘက် ၅ မိုင်ခန့် အကွာတွင် တည်ရှိသည်။ ရခိုင်ရာဇဝင်အရ အေဒီ ၃၂၇ မှ အေဒီ ၈၁၈ အထိ၊ (၄ ရာစု မှ ၉ ရာစု) အတွင်း ထွန်းကားခဲ့သော ရခိုင်ပြည်၏ မြို့တော်ဖြစ်သည်။ ကစ္ဆပနဒီမြစ်ဝှမ်းတွင် တည်ရှိပြီး ကျောက်လှေကားမြို့(သို့မဟုတ်) ဒုတိယဝေသာလီမြို့ဟူ၍လည်း မှတ်သားရဖူးသည် (ရခိုင်ရာဇဝင် အရ ပထမဝေသာလီမြို့ကို ဓညဝတီ ခေတ်သုံးခေတ် မတိုင်မီက တည်ခဲ့ပါသည်)။ သရေခေတ္တရာနှင့် မိုင်းမောမြို့ဟောင်းများကဲ့သို့ပင် မြို့ရိုးအတွင်း တစိတ်တပိုင်းသည် နေထိုင်ရန်ဖြစ်ပြီး၊ တစိတ်တပိုင်းမှာ စိုက်ပျိုးရန်ဖြစ်ဟန် တူသည်။ ပင်လယ် ဆိပ်ကမ်းမြို့ဖြစ်ခဲ့ပြီး မြို့၏ အနောက်ဘက်ရှိ ကစ္ဆပနဒီ မြစ်ကမ်းပေါ်မှ ကျောက်လှေကား သင်္ဘောဆိပ်မှာ အလွန်စည်ကားခဲ့ကြောင်း ရာဇဝင်များ၌ ဆိုသည်။ မြို့ကွက်မှာ အဝိုင်းဖြစ်ပြီး စက်ဝိုင်းပုံထက်စာလျှင် ဘဲဥပုံခပ်ကျကျ ဖြစ်သည်။ တောင်မြောက် ရှည်လျားပြီး အရှေ့အနောက် ကျဉ်းသည်။ မြို့ရိုးအဝန်း စုစုပေါင်း ၅.၅ မိုင်ခန့် ရှည်လျားသည်။ အရှေ့ဘက်ခြမ်းတွင် သဘာဝ အတားအဆီး ဖြစ်သော တောင်စွယ်တောင်ကုန်းများကို အရှေ့ဘက်မြို့ရိုး၏ တစိတ်တဒေသ အဖြစ် အသုံးပြုထားကြောင်း တွေ့ရှိရသည်။ မြို့ကွက်၏ အရှေ့- အနောက် အချင်းသည် ၁.၃၅ မိုင်ခန့်ရှိပြီး၊ တောင် - မြောက် အချင်း ၁.၉၅ မိုင်ခန့် ရှိသည်။ မိုင်းမောမြို့ဟောင်းနှင့် မြို့ကွက် အရွယ်အစား တူညီလု နီးပါး ရှိပြီး အခြား မြို့ဝိုင်းများ ဖြစ်သော ဝတီးမြို့ဟောင်း၊ သာဂရ မြို့ဟောင်း တို့ထက် ကြီးမားသည်။ ယခုအခါ မြို့ရိုးအတွင်း အလယ်ဗဟိုလောက်တွင် ဝေသာလီရွာ တည်ရှိပါသည်။ ၁၉၈၀ မှ ၁၉၈၃ ခုနှစ်အတွင်း ဝေသာလီမြို့ဟောင်း တူးဖေါ်မှု လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

(၇)ဝတီးမြို့ဟောင်း
ဝတီးမြို့ဟောင်းသည် မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၏ အရှေ့တောင်ဘက် ၅ မိုင်ခန့် အကွာတွင် တည်ရှိသည်။ ပျူခေတ်၏ သင်္ကေတ အမှတ်အသားဖြစ်သော လက်စင်းရာပါ အုတ်ချပ်များတွေ့ ရှိရပြီး ရှေးကျသော ပျူမြို့ဟောင်း တစ်ခုဟုယူဆကြသည်။ တူးဖေါ်တွေ့ရှိရသော ရှေးဟောင်းပစ္စည်းများအရ ဗိဿနိုးမြို့ဟောင်းတည်ထောင်သည့် နှစ်ထက် နောက်မကျနိုင်ကြောင်း ခန့်မှန်းသိရှိရသည်။ ဝတီးမြို့နှင့် ပက်သက်၍လည်း ရာဇဝင်များတွင် မတွေ့ရပေ။ ဆလင်ဒါပုံမြေခွက်ငယ်များ အမြောက်အမြားတွေ့ရှိမှုအရ ၀တီးမြို့ဟောင်း တည်ထောင်ခဲ့သည့် ကာလမှာ ကြေးခေတ် ကုန်ဆုံးပြီးနောက် ပျူခေတ်စောစောပိုင်း ကာလခန့်ကတည်းကတည်ရှိခဲ့သည့် အထောက်အထားများ ဖြစ်သည်ဟု ဆိုသည်။ မြို့ကွက်မှာ အဝိုင်းပုံသဏ္ဌာန်ဖြစ်ပြီး စက်ပိုင်းပုံမက၊ ဘဲဥပုံမကျဖြစ်သည်။ မြို့ရိုးအဝန်း စုစုပေါင်း ၃ မိုင်ခန့် ရှည်လျားသည်။ အရှေ့ - အနောက် အချင်းမှာ ဝ.၉၅ မိုင်ခန့်ရှိပြီး၊ တောင် - မြောက်အချင်းမှာ ၀.၉၇ မိုင်ခန့် ရှိသည်။ သို့သော် လုံးဝ လုံးဝန်း နေခြင်း မဟုတ်ဘဲ မြို့ရိုးမှာ အရှေ့မြောက်ဘက် တွင် အနည်းငယ် ဖေါင်းထွက် သွားသည်။ သရေခေတ္တရာနှင့် မိုင်းမောမြို့ဟောင်းများကဲ့သို့ နန်းတော်ရာကုန်း မတွေ့ရှိရသော်လည်း မြို့ကွက်၏ အလယ်ဗဟိုလောက်တွင် အဆောက်အအုံကြီး တစ်ခု၏ အောက်ခြေခုံကို တူးဖေါ်တွေ့ရှိသည်။ အဆောက်အအုံကြီး၏ အပေါ်ပိုင်းမှာ သစ်သားအဆောက်အအုံဖြစ်ပြီး တံခါးဝင်ပေါက် နေရာများတွင်လည်း သစ်သား တံခါးရွက်နှင့် သစ်သားတံခါးတိုင်များ အသုံးပြုဖွယ်ရှိကြောင်း မှန်းဆရသည်ဟု ဆိုသည်။ ဝတီးမြို့ဟောင်းကို ၂၀၀၈ခုနှစ် စက်တင်ဘာလမှ အောက်တိုဘာလ အတွင်း နောက်ဆုံးတူးဖေါ်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

(၈)သာဂရ(ထားဝယ်)မြို့ဟောင်း
သာဂရမြို့ဟောင်းသည် တနင်္သာရီတိုင်း ထားဝယ်မြို့ ၏ မြောက်ဘက် ၈ မိုင်ခန့် အကွာ၊ ထားဝယ်မြစ်၏ အနောက်ဘက်ကမ်းပေါ်၌ တည်ရှိသည်။ အေဒီ ၇၅၁ မှ ၇၆၁ အတွင်းတည်သည်ဟု အထောက်အထားရှိရာ အေဒီ ၈၄၉တွင် တည်သော စတုတ္ထပုဂံထက်ပင် နှစ် ၁၀၀ နီးပါး စောပေသည်။ အေဒီ(၅၀၀)မှ အေဒီ(၈၃၂)အထိ တည်ရှိခဲ့သော ဒုတိယ ပျူနိုင်ငံတော်“သရေခေတ္တရာ”နှင့် ခေတ်ပြိုင်ဖြစ်နေသည် ဟုသမိုင်းသုတေသီ ဗိုလ်မှူးဗရှင်က အနော်ရထာအရင်က မြန်မာနိုင်ငံ၊ စာ-၈၁ တွင်ဆိုခဲ့သည်။ မြို့ရိုးပုံသဏ္ဌာန်မှာ ဘဲဥပုံလည်းမက စက်ဝိုင်းပုံလည်းမကျသော အ၀န်းအ၀ိုင်း ပုံသဏ္ဌာန်ရှိပြီး မြို့ရိုးအဝန်း စုစုပေါင်း ၂.၃၄ မိုင်ခန့် ရှည်လျားသည်။ အရှေ့ဘက်နှင့် တောင်ဘက်တွင် ကျုံး အစိတ်အပိုင်း အချို့ကျန်ရှိနေသေးပြီး အချို့နေရာများတွင် ပေ ၁၀၀ ခန့်အထိ ကျယ်ဝန်းသည်။ မြို့ကွက် အဝိုင်းပုံသဏ္ဌာန်ရှိသော မြို့ဟောင်း (၅)မြို့တွင် သာဂရမြို့ဟောင်းသည် အသေးငယ်ဆုံး ဖြစ်သည်။ ယခုအခါ မြို့ရိုးတွင်းတွင် မြို့ဟောင်းကျေးရွာ တည်ရှိပြီး ရွာ၏ မြောက်ဘက်ထိပ် မြို့ရိုးအတွင်းရှိ ရှင်ဇလွန် စေတီတော်မှာ ထင်ရှားသည်။

ဆက်လက် ဖေါ်ပြပါမည်

0 comments: