Wednesday, July 28, 2010

ကျုံး နှင့် မြို့ရိုး အစိတ်အပိုင်းများ ကျန်ရှိနေသေးသည့် ရှေးမြို့တော်ဟောင်းများ - အပိုင်း(၁)

3 comments


(၁) ဗိဿနိုးမြို့ဟောင်း
ဗိဿနိုးသည် တူးဖေါ်တွေ့ရှိချက်များ အရ အေဒီ ၁ ရာစုမှ ၉ ရာစုအတွင်း ထွန်းကား ကြီးကျယ်ခဲ့သော ရှေးပျူမြို့တော်ဟောင်း ဖြစ်သည်။ ဗိဿနိုးမြို့ဟောင်းသည် မကွေးခရိုင် တောင်တွင်းကြီးမြို့၏ အနောက်ဘက် ၁၁ မိုင်ခန့်အကွာ၌ တည်ရှိသည်။ အုတ်မြို့ရိုး အစိတ်အပိုင်း အချို့ကျန်ရှိပြီး မြို့ကွက်ကို မှန်းဆနိုင်သည်။ မြို့ကွက်မှာ ထောင့်မှန် စတုဂံ မကျတကျ ပုံစံရှိပြီး အရှေ့ဘက်မြို့ရိုးသည် ၂.၀၉ မိုင်၊ မြောက်ဘက်မြို့ရိုးသည် ၁.၆၁ မိုင်၊ တောင်ဘက်မြို့ရိုးသည် ၁.၂၂ မိုင်ရှည်လျားသည်။ အနောက်ဘက်တွင် မြို့ရိုးမတွေ့ရဘဲ ယခုအခါ တွေ့ရသော အင်းကြီးနှင့် ကြိုးကြာကန်တို့သည် ရှေးယခင်က ဆက်စပ်နေ၍ အနောက်ဖက်တွင် ရေကျုံးသဖွယ် တည်ရှိခဲ့မည်ဟု ယူဆရသည်။ မကွေး - တောင်တွင်းကြီးကားလမ်းသည် တောင်ဘက်မြို့ရိုးမှ ဖေါက်၍ မြို့ဟောင်းကို ဖြတ်သန်းသွားပြီး အရှေ့ဘက်မြို့ရိုးကို ဖေါက်ထွက်သွားသည်။

(၂) သရေခေတ္တရာမြို့ဟောင်း
သရေခေတ္တရာသည်လည်း အေဒီ ၁ ရာစုမှ ၉ ရာစု အတွင်းတွင် ထွန်းကားခဲ့သော ပျူမြို့တော် ဖြစ်ကြောင်း တူးဖေါ်တွေ့ရှိချက်များနှင့် တရုတ်တို့၏ ခေတ်ပြိုင် မှတ်တမ်းများ အရ ယူဆရသည်။ သရေခေတ္တရာမြို့ဟောင်းသည် ပဲခူးတိုင်း ပြည်မြို့ အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာ၌ တည်ရှိသော ရှေးမြို့ဟောင်းဖြစ်သည်။ မြို့ရိုး အစိတ်အပိုင်း အတော်များများ ကျန်ရှိပြီး၊ ကျုံးအစိတ်အပိုင်း အချို့ ကျန်ရှိသည်။ မြို့ကွက်မှာ အဝိုင်းဖြစ်ပြီး မြို့ရိုးမှာ စက်ဝိုင်းပုံ မကျတကျ ဖြစ်သည်။ မြို့ရိုး အဝန်း စုစုပေါင်း ၈.၆ မိုင်ခန့် ရှည်လျားသည်။ မြောက်ဘက်ခြမ်းမြို့ရိုး၏ ၁.၅၄ မိုင်ခန့်ကို ပြည်-ပေါက်ခေါင်း ကားလမ်းအဖြစ် အသုံးပြုလျက်ရှိသည်။ အရှေ့ဘက်ခြမ်းမြို့ရိုး၏ ၂.၂ မိုင်ခန့်မှာ ယခုအခါ စိုက်ပျိုးမြေ လယ်ကွက်များအတွင်း ရောက်ရှိနေ၍ အချို့နေရာများတွင် အုတ်ကုန်းမို့မို့လေးများ အဖြစ်သာ ကျန်ရှိပြီး မြို့ရိုးအရာကို မှန်းဆနိုင်ရုံသာ ရှိတော့သည်။ မြို့ရိုး၏ အနောက်ဘက်နှင့် တောင်ဘက် အစိတ်အပိုင်းများသည် အတော်များများ ကျန်ရှိနေသေးပြီး အချို့နေရာများတွင် ၁၇ ပေ၊ ၁၈ ပေခန့် အထိ မားမားမတ်မတ် ရှိနေသေးသည်။ မြို့ကွက်၏ အလယ်ဗဟို နေရာလောက်တွင် အလျား ၁၇၀၀ ပေ၊ အနံ ၁၁၅၀ ပေခန့် ကျယ်ဝန်းသော ထောင့်မှန်စတုဂံပုံ နန်းတော်ရာဟောင်း နေရာတွေ့ရှိရသည်။ ကျန်ရှိသော ကျုံးအစိတ်အပိုင်းများ သည် ၃၅ ပေမှ အချို့နေရာများတွင် ပေ ၈၀ ခန့်အထိ ကျယ်ဝန်းသည်။ ရန်ကုန် - ပြည် ရထားလမ်းသည် မြို့ရိုး၏ အရှေ့တောင်ဖက်မှ ဖေါက်ထွင်း၍ မြို့ကို အလယ်မှ ကန့်လန့်ဖြတ် ဖြတ်သန်းသွားပြီး မြို့ရိုး၏ အနောက်မြောက်ဘက်မှ ဖေါက်ထွက်သွားသည်။ ၁၈၇၇တွင် ရန်ကုန် - ပြည် ရထားလမ်း ဖေါက်စဉ်က မြို့ရိုးရှိ အုတ်များကို သံလမ်းဖေါက်လုပ်ရာတွင် အင်္ဂလိပ်တို့က အသုံးပြုခဲ့စေသည်ဟု ဆိုသည်။

(၃) မြင်စိုင်းမြို့ဟောင်း
မြင်စိုင်းမြို့သည် အေဒီ ၁၃ ရာစုက မွန်ဂိုတို့ ဝင်ရောက်ဖျက်စီး၍ ပုဂံနိုင်ငံတော်ကြီးပျက်စီးချိန်တွင် နိုင်ငံကို ပြန်လည် စုစည်းခဲ့သော ရှမ်းညီနောင် သုံးဦး၏ အုပ်ချုပ်ရေး အချက်အခြာ ဖြစ်ခဲ့သည်။ ကာချင်းများနှင့် တရုတ်မှတ်တမ်းများအရ အလွန်ခိုင်ခံသော ကျုံးနှင့် မြို့ရိုးတို့ ရှိခဲ့ဟန် တူသည်။ သို့သော် ယခုအခါတွင် ကျုံးအစိတ်အပိုင်း အချို့သာ ကျန်ရှိသည်။ မြင်စိုင်းမြို့ဟောင်းသည် ကျောက်ဆည်မြို့၏ အရှေ့ဘက် ၆ မိုင်ခန့် အကွာတွင် ဝေဘူတောင်ခြေ၌ တည်ရှိသည်။ မြို့ကွက်မှာ ထောင့်မှန် စတုဂံပုံဖြစ်ပြီး အခြားမြို့ဟောင်းများနှင့် နှိုင်းယှဉ်ပါက အတော်အတန် သေးငယ်ကြောင်း တွေ့ရသည်။ ကျုံး၏ အလျားမှာ မြောက်ဘက်တွင် ၀.၅၈ မိုင်၊ တောင်ဘက်တွင် ၀.၆၅ မိုင်၊ အရှေ့ဘက်တွင် ၀.၃၈ မိုင်၊ အနောက်ဘက်တွင် ၀.၃၉ မိုင်ခန့်ရှိသည်။ မြင်စိုင်းမြို့ဟောင်းသည် ယခုအခါ ဗိဿနိုးမြို့ဟောင်း၊ သရေခေတ္တရာမြို့ဟောင်းတို့ ကဲ့သို ရှေးဟောင်းသုတေသနနယ်မြေအဖြစ် သတ်မှတ်ထိန်းသိမ်းထားခြင်းခံရသော နယ်မြေ မဟုတ်ဘဲ စက်မှုဇုန် ဧရိယာအတွင်းတွင် ကျရောက်လျက်ရှိသည်။ ကျုံးနှင့် စေတီ ပုထိုးအနည်းငယ် ကျန်ရှိပြီး အမှတ်(၁) စက်မှုဝန်ကြီးဌာနနှင့် ကုမ္ပဏီအချို့က စေတီများကို ပြုပြင်လျက်ရှိသည်။ ယနေ့အခါတွင် မြင်စိုင်းမြို့ဟောင်း ဧရိယာအနီးတဝိုက်တွင် မြင်စိုင်းဟူသော အမည်နှင့် မြို့သော်လည်ကောင်း၊ ရွာသော်လည်ကောင်း မကျန်ရှိတော့ဘဲ ပို၍ ဝမ်းနည်းဖွယ်ကောင်းသည်မှာ ဒေသခံများသည် မြင်စိုင်းကို မသိရှိဟုဆိုသည်။ ၁၃ ရာစုက မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများ၏ မြို့တော်ဖြစ်ခဲ့ပြီး မြို့ငယ်လေး တစ်မြို့ဖြစ်သော်လည်း မွန်ဂိုတပ်မတော်ကြီးကို တွန်းလှန်နိုင်ခဲ့သော၊ တာဝတိံသာ နတ်ရွာလော ဟုတင်စားခဲ့ရသော မြင်စိုင်းရွှေပြည် ကို ရှေးဟောင်းယဉ်ကျေးမှု နယ်မြေတစ်ခု အဖြစ် သတ်မှတ်ထိန်းသိမ်းသင့် ပါသည်။


(၄) အင်းဝမြို့ဟောင်း
အင်းဝမြို့သည် ၁၄ ရာစုတွင် စတင်တည်ထားခဲ့ပြီး မြန်မာ့ သမိုင်းတွင် အလွန်ထင်ရှားခဲ့သော မြို့ဖြစ်သည်။ မင်းဆက်ပေါင်း ၃ ဆက် မြို့တော် အဖြစ်နန်းစိုက်ခဲ့သည်။ အေဒီ ၁၃၆၅ မှ ၁၅၅၄ အထိ ပထမ အင်းဝ မင်းဆက်သည် အင်းဝကို ဗဟို၍ အထက်မြန်မာနိုင်ငံကိုလည်းကောင်း၊ အေဒီ ၁၆၀၀ မှ ၁၇၅၂ အထိ ညောင်ရမ်းမင်းဆက် ခေါ် ဒုတိယအင်းဝ မင်းဆက်သည် အင်းဝကို ဗဟိုပြု၍ မြန်မာတနိုင်ငံလုံး (၁၇၂၅ အထိ ဇင်းမယ် နယ်လည်း ပါဝင်သည်) ကိုလည်ကောင်း အုပ်စိုးခဲ့သည်။ ကုန်းဘောင်မင်းဆက်တွင် အင်းဝကို မင်းနေပြည်တော် အဖြစ် နှစ်ကြိမ် သတ်မှတ်၍ စိုးစံခဲ့ကြောင်း တွေ့ရသည်။ ဆင်ဖြူရှင် မင်းသည် အေဒီ ၁၇၆၅တွင် မြို့တော်ကို စစ်ကိုင်းမှ အင်းဝသို့ပြောင်းရွှေ့နန်းစိုက်ခဲ့သည်။ ဘိုးတော်ဘုရားသည် အေဒီ ၁၇၈၃ တွင် ဟူရားဗေဒင်ပညာရှင်တို့၏ အကြံပေးချက်အရ အင်းဝမြို့ကို ရေလွှမ်းဖျက်စီးပစ် လိုက်ပြီးနောက် အမရပူရမြို့တော်သစ်တည်ဆောက်ပြောင်းရွှေ့ခဲ့သည်။ ဘကြီးတော်မင်းသည် အေဒီ ၁၈၂၃ တွင် ရတနာပူရ အင်းဝမြို့နန်းကို ပြန်လည် တည်ဆောက်၍ မြို့တော်အဖြစ် ပြန်လည် စိုးစံခဲ့သည်။ သို့သော် သာယာဝတီမင်း လက်ထက် ၁၈၄၁ ခုနှစ်တွင် မြို့တော်ကို အမရပူရသို့ ပြန်လည် ပြောင်းရွှေ့ခဲ့သည်။ ထိုအချိန်မှ စ၍ အင်းဝမြို့သည် မြို့တော်ဟောင်း ဖြစ်သွားပြီး ယနေ့အချိန်တွင်မူ ကျောက်ဆည်ခရိုင်အတွင်းတွင် မြို့ငယ်လေး တစ်မြို့အဖြစ် ရွာငယ် (၁၁) ရွာခြံရံ၍ တည်ရှိသည်။ ဘုရားပုထိုး၊ စေတီအမြောက်အများကျန်ရှိပြီး မြို့ရိုးအစိတ်အပိုင်းအချို့နှင့် ကျုံးအစိတ်အပိုင်းများလည်း ကျန်ရှိသည်။ မြို့ကွက်မှာ ထောင့်မှန်စတုဂံပုံရှိပြီး မြို့ရိုးအလျားမှာ မြောက်ဘက်တွင် ၀.၈၆ မိုင်၊ တောင်ဘက်တွင် ဝ.၈၄ မိုင်၊ အနောက်ဘက်တွင် ၀.၅၀ မိုင်၊ အရှေ့ဘက်တွင် ၀.၄၇ မိုင်ခန့် ရှိသည်။ ကျုံးသည် ပေ ၁၀၀ ခန့်မှ အချို့နေရာများတွင် ပေ ၂၅၀ ခန့်ထိ ကျယ်ဝန်းသည်။ ယနေ့အခါတွင်မူ အင်းဝမြို့သည် ကမ္ဘာလှည့်ခရီးသွားများနှင့် ပြည်တွင်း ဘုရားဖူးများ၏ လာရောက် လေ့လာလည်ပတ်ရာ နေရာ တစ်ခုဖြစ်သည်။

Monday, July 19, 2010

မမေ့ပါနိုင် ၁၉ ဂျူလိုင်

0 comments

၁၈၈၅က နိုဝင်ဘာလရဲ့ နောက်ဆုံးနေ့ရက်များဟာ မြန်မာ့ပဒေသရာဇ်နိုင်ငံတော်အတွက် နောက်ဆုံးနေ့ရက် တွေလို့ခေါ်ရင်လည်း မမှားနိုင်ပါဘူး။ လွန်စွာကြီးမြတ်တန်ခိုးထွားခဲ့တဲ့ နိုင်ငံတော်ကြီးတခု နယ်ချဲ့ကိုလိုနီတို့ လက်အောက်မှာ ကျရှုံးခဲ့ရတဲ့ ကာလပေါ့။ မြင်စိုင်းမင်းသားသတိုးမင်းရဲရှိန်က စပြီး လင်းပင်မင်းသားကြီး၊ သျှမ်းစော်ဘွားများနဲ့ ရွှေဂျိုးဖြုမင်းသား၊ ချင်းခေါင်းဆောင်တွေ ဦးဆောင်တော်လှန်ခဲ့ကြတဲ့ ကိုလိုနီနယ်ချဲ့ တော်လှန်ရေးကြီး စတင်ခဲ့ပါတယ်။

နယ်ချဲ့ အုပ်စိုးမှုကို တွန်းလှန်ခဲ့ရာမှာ တိုင်းရင်းသား ခေါင်းဆောင်မျိုးချစ် သူရဲကောင်း အမြောက် အများဟာ
ဆိုင်ရာ မိမိတို့ဒေသတွေအလိုက် လွတ်လပ်ရေးရဖို့အတွက် ရရာလက်နက်စွဲကိုင်လို့ တိုက်ပွဲဝင်ခဲ့ကြတယ်။

တော်လှန်ရေးကာလရဲ့ နေဝင်ချိန် လွတ်လပ်ရေး ရောင်ခြည်သန်းတော့မယ့်ကာလမှာ တနိုင်ငံလုံး အတိုင်း အတာနဲ့ လွတ်လပ်ရေးယူဖို့ ကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင်ကြီးတဦးပေါ်ထွက်လာတယ်။ သူဟာ အောင်ဆန်းတဲ့။ ကျောင်းသားဘဝက ကိုအောင်ဆန်း၊ တို့ဗမာအစည်းအရုံးက သခင်အောင်ဆန်း၊ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်အောင်ဆန်း၊ တပ်မတော် ဖခင် ဗိုလ်ချုပ် အောင်ဆန်း …. သူဟာ မြန်မာတနိုင်ငံလုံးရဲ့ လွတ်လပ်ရေးဖခင် ဖြစ်ခဲ့ပါတယ်။ သူနဲ့အတူ ကချင်၊ သျှမ်း၊ ချင်း၊ဗမာ၊မွန်၊ ရခိုင် စတဲ့ တိုင်းရင်းသားခေါင်းဆောင်တို့ ပူးပေါင်း ပါဝင်ခဲ့ကြတယ်။( ခြွင်းချက်အနေနဲ့ ကရင်တွေဟာတော့ မပါဝင်ခဲ့ပါဘူး။ )

ဦးအောင်ဆန်းဟာ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် လက်နက်ကိုင် တော်လှန်တိုက်ခိုက်တဲ့ အပြင် တနိုင်ငံလုံး အတိုင်းအတာနဲ့ လွတ်လပ်ရေးပန်းတိုင်ကို အရောက်လှမ်းနိုင်အောင် နိုင်ငံရေးနည်းဗျူဟာကိုပါ အသုံးပြုခဲ့တဲ့ ပထမဆုံးသော ခေါင်းဆောင်တယောက်ပါ။ သူတို့တွေ ပူးပေါင်းကြိုးပမ်းမှုရဲ့ ရလာဒ်ဟာ ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီ လ ၄ ရက်နေ့မှာ အဖြေထွက်ခဲ့ရပါတယ်.. ဒါပေမဲ့ သူတို့တွေဟာတော့…………………………….


၁၉၄၇ ------------- ဂျူလိုင်လ ၁၉ ရက်နေ့

မြန်မာတမျိုးသားလုံးရဲ့ ရင်တွင်းကို ပူလောင်စေခဲ့တဲ့နေ့ …. မြန်မာတည်သရွေ့ ဘယ်တော့မှ မမေ့နိုင်တဲ့နေ့.. ဒီနေ့ဟာ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်(၉)ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့နေ့ပါ။ နိုင်ငံအပေါ် လွန် စွာ ကျေးဇူးကြီးမားတဲ့ တပ်မတော်ကို တည်ထောင်ပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း(သခင်အောင်ဆန်း) နှင့် တကွ သော အာဇာနည်ကြီးများ ကျဆုံးခဲ့ရတဲ့ ဒီနေ့ဟာ မြန်မာအမျိုးသားထုအတွက်သာမက ကမ္ဘာအတွက်ပါ ဝမ်းနည်းဖွယ်နေ့တနေ့ဖြစ်ကြောင်း ကို မဟတ္တမဂန္ဓီက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ကျဆုံးခဲ့တဲ့ အာဇာနည် (၉)ဦးဟာတော့

ဗိုလ်ချုပ်အောင်ဆန်း - ၁၉၁၅ ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် မကွေးတိုင်း၊ မကွေးခရိုင်၊ နတ်မောက်မြို့္ပ၌ မွေးဖွားခဲ့သည်။ မိဘများမှာ ရှေ့နေဦးဖာနှင့် ဒေါ်စုဖြစ်သည်။ ငယ်နာမည်မှာ မောင်ထိန်လင်းဖြစ်သည်။ ၁၉၃၇ ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အတွင်းရေးမှူးဘဝမှ စတင်၍ နိုင်ငံရေးလောကထဲသို့ ဝင်ရောက်လာခဲ့ပြီး BIA (Burma Independence Army) ကို ထူထောင်ခဲ့သော မြန်မာ့တပ်မတော်ဧ။် ဖခင်ပင် ဖြစ်သည်။ ၁၉၄၇ တွင် ဝန်ကြီးချုပ်အဖြစ် နိုင်ငံ့တာဝန်ကို ထမ်းဆောင်ခဲ့သည်။

ဦးဘဝင်း - ၁၉၀၁ ခုနှစ် ဂျွန်လ ၁၁ရက်တွင် မွေးဖွားခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း၏ အစ်ကိုကြီးဖြစ်သည်။ ဖဆပလ ဖွဲ့စည်းချိန်တွင် ရေနံချောင်း ဖဆပလ ဥက္ကဌ အနေဖြင့် နိုင်ငံရေးလောကသို့စတင်ရောက်ရှိခဲ့သည်။ ၁၉၄၇ တွင် ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအဖြစ် နိုင်ငံ့တာဝန်ကို ထမ်းဆောင်ခဲ့သည်။

သခင်မြ- ၁၈၉၇ အောက်တိုဘာ ၇ ရက်တွင် ပြည်ခရိုင်၊ ထုံးဘိုမြို့၌ မွေးဖွားခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် ဗတလစ (ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားအစည်းအရုံး) တွင် ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၇ ၌ ပြည်ထဲရေး ဝန်ကြီးအဖြစ် နိုင်ငံ့တာဝန်ကို ထမ်းဆောင်ခဲ့သည်။

မန်းဘခိုင် - ၁၉၀၃ အောက်တိုဘာ ၁၆ ရက်နေ့တွင် ဟင်္သာတခရိုင်၊ ယုန်တလင်းရွာ၌ မွေးဖွားခဲ့သည်။ ၁၉၃၇ တွင် မအူပင် မြောက်ပိုင်း ကြားရွေးကောက်ပွဲတွင် ပြိုင်ဘက်မရှိ အမတ်အဖြစ် ရွေးချယ်ခံရသည်။ ကရင်-ဗမာ ချစ်ကြည်ရေးအတွက် အထူးကြိုးပမ်းခဲ့သည်။ ၁၉၄၄ ခုနှစ်တွင် ယုန်တလင်းရွာကို အခြေခံ၍ ဖက်ဆစ် ဂျပန်ကို တွန်းလှန်ခဲ့သည်။ ၁၉၄၆ စက်တင်ဘာလတွင် စက်မှုလက်မှုနှင့် အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးအဖြစ် နိုင်ငံ့ တာဝန်ကို ထမ်းဆောင်ခဲ့သည်။

ဒီးဒုတ်ဦးဘချို - ၁၉၈၃ ဧပြီ ၂၃ ရက်နေ့တွင် မြောင်းမြမြို့၌ မွေးဖွားခဲ့သည်။ ၁၉၂၀ ကျောင်းသားသပိတ်တွင် အမျိုးသားကောလိပ် ကျောင်းဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၂၅ တွင် ဒီးဒုတ်ဂျာနယ်ကို ထုတ်ဝေခဲ့သည်။ တိုင်းပြုပြည်ပြု လွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေး ကော်မတီဝင်အဖြစ် နိုင်ငံ့တာဝန်ကို ထမ်း ဆောင်ခဲ့သည်။

စောဝ်စံထွန်း - မိုင်းပွန် စော်ဘွားကြီး စပ်ခွန်ထီးနှင့် မြောက်နန်းဆောင် မဟာဒေဝီ နန်းစိန်ဥ တို့၏ သား စပ်စံထွန်းသည် ၁၉ဝ၇ မေလ ၃၁ ရက်နေ့ဖွား ဖြစ်သည်၊ ၁၉၂၈ ခုတွင် စော်ဘွား အဖြစ် ခံယူ လိုက်၍ မိုင်းပွန် စော်ဘွားကြီး ဖြစ်လာသည်။ ၁၉၂၀-၀ါဆိုလဆန်း ၁၁-ရက်နေ့တွင် အခမ်းအနား ဖြင့်စော်ဘွား ရာထူးဆက်ခံရ သည်မှ မိုင်းပွန်စော်ဘွားဟု အမည်တွင် လေတော့သည်၊ တောင်တန်းနှင့် မြေပြန့် သွေးခွဲ၍ အုပ်ချုပ် သည်ကို မလိုလား၍ မြေပြန့်နှင့် တောင်တန်း စည်းလုံး ညီညွတ်ရေး အတွက် လုံးပမ်းခဲ့သူ ဖြစ်သည်။ တောင်တန်း ဒေသရေးရာ ဝန်ကြီး အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး တိုင်းပြု ပြည်ပြု လွှတ်တော်၏ ပြည်ထောင်စုနှင့် ပြည်နယ် ဆိုင်ရာ ဆပ်ကော်မတီ၊ လူနည်းစု ဆိုင်ရာဆပ်ကော်မတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး ကော်မတီ များတွင် အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။

ဦးရာဇတ် - ၁၈၉၈ ဇန်နဝါရီလ ၂၀ရက်နေ့တွင် မိတ္ထီလာမြို့၌ မွေးဖွားခဲ့သည်။ ၁၉၂၀တွင် ရန်ကုန်ကောလိပ် သပိတ်မှောက်ကျောင်းသားဖြစ်ခဲ့သည်။ ၁၉၂၁ တွင် မန္တလေး ဗဟိုအမျိုးသား အထက်တန်းကျောင်းကို ဖွင့်လှစ် ခဲ့သည်။ ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာန ဝန်ကြီးအဖြစ် နိုင်ငံ့တာဝန်ကို ထမ်းဆောင်ခဲ့သည်။

ဦးအုန်းမောင် - ၁၉၁၃ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မင်းဘူးမြို့၌ မွေးဖွားခဲ့သည်။ ၁၉၄၇ တွင် မြစ်ကြီးနား အရေးပိုင်အဖြစ် ပြည်နယ်စည်းရုံးရေး တာဝန်များကို ထမ်းဆောင်ခဲ့သည်။ လမ်းပန်းဆက်သွယ်ရေးနှင့် သယ် ယူပို့ဆောင်ရေးဌာန အတွင်းဝန်အဖြစ် ခန့်အပ်ခံခဲ့ရသည်။

ရဲဘော်လေးကိုထွေး - ၁၉၂၉ တွင် မန္တလေးမြို့ တောင်ပြင် သိပ္ပံရပ်၌ မွေးဖွားခဲ့သည်။ ၁၉၄၇ တွင် ပညာရေး ဝန်ကြီး ဦးရာဇတ်ဧ။် သက်တော်စောင့်အဖြစ် ခန့်အပ်ခံရသည်။ (လုပ်ကြံခံရ၍ သေဆုံးချိန်တွင် အသက် ၁၈ နှစ်သာ ရှိသေးသည်။

အာဇာနည်နေ့မှာ သားနှစ်ဦးကို တပြိုင်နက် ဆုံးရှုံးခဲ့ရသူကတော့ ဦးဘဝင်းနဲ့ ဦးအောင်ဆန်းတို့ရဲ့ မိခင် အမေစု(ဒေါ်စု) ပဲ ဖြစ်ပါတယ်။ အာဇာနည်နေ့အမှတ်တရအနေနဲ့ အမေစုပြောခဲ့တဲ့ စကားလေးကို ထပ်မံ ဖော်ပြလိုပါတယ်။

“ကျူပ်သားဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ဒီလိုသတ္တိကြောင်တဲ့ အမှုမျိုးကို ငယ်ငယ်ရွယ်ရွယ်ကလေးဘ၀ ကပင် ရှုတ်ချခဲ့တဲ့လူ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်က မျိုးချစ်ခေါင်းဆောင်ကြီး ဦးစောကို မသမာသူတို့ ချောင်း မြောင်းပြီး သေနတ်နဲ့ပစ်စဉ်က ဗိုလ်ချုပ်ကိုယ်တိုင် အများကြီး ကဲ့ရဲ့ ရှုတ်ချတဲ့စကားတွေကို ပြောခဲ့ပါတယ်။ ဟိုတုန်းက ဗိုလ်ချုပ်ဟာ နယ်လှည့်ရင်း ကျုပ်ထံဝင်ပြီး ကန်တော့သွားတယ်။ အဲဒီ့တုန်းက ကျုပ်က စိုးရိမ်လွန်း လို့ ‘ သားရယ်… လူဆိုတာ အထက်ရောက်နေရင် သူတပါးက မနာလိုလို့ မကောင်းကြံစည်တာမျိုး ခံရတတ် တယ်။ အစစအရာရာ သတိထားပါသားရယ်’ လို့ ပြောမိပါတယ်။ ဒီတော့ ကျုပ်သားက --- ဒါကတော့ ဘုရား တောင် အတိုက်အခံရှိသေးတာပဲ။ ကိုယ်ကသာ လမ်းမှန်ကနေပြီး မှန်တဲ့အလုပ်ကို လက်ကိုင်ထားရင် ဘာမှ ကြောက်စရာမလိုပါဘူး အမေရယ်။ မစိုးရိမ်ပါနဲ့။ စစ်တိုက်နေတုန်းကတောင် မသေခဲ့သေးတာ။ အခု တိုင်းပြည်နဲ့ လူထုဟာ အရင်လို မဟုတ်တော့ပါဘူး။ အကောင်းအဆိုး ဝေဖန်တတ်ပါပြီလို့ အားရ ပါးရ ရယ်ရယ်မောမောနဲ့ ပြောသွားခဲ့ပါတယ်။

အခုတော့ ကျုပ်သား ကိုအောင်ဆန်းဟာ သူအလွန် မုန်းတီးရွံရှာတဲ့ လုပ်ကြံနည်းကြောင့် ကွယ်လွန်သွားရရှာပြီ။ ကျုပ်မှာချင်တာကတော့ သူ့ကို လေးစားကြသလို ခေါင်းဆောင်မျာဲး့ ညွှန်ကြားချက်ကို ပြည်သူလူထုက ယုံယုံ ကြည်ကြည် လေးလေးစားစားနဲ့ လိုက်နာပြီး မိမိတို့လိုလားတဲ့ခရီးကို ရောက်အောင် ဆောင်ရွက်ကြဖို့ပါပဲ။ အဲဒီလို ဆောင်ရွက်လို့ ရည်ရွယ်ချက်ကိုရောက်ကြပြီဆိုရင် အဒေါ့်မှာ ခံစားရတဲ့ သားနှစ်ယောက်ဆုံးရတဲ့ အပူ မီးဟာ ငြိမ်းတန်သလောက် ငြိမ်းပါလိမ့်မယ်…။”

အမေစုရဲ့ ပြည်ချစ်သားနှစ်ယောက် ဆုံးရှုံးခဲ့ရတဲ့ အပူမီးကို မြန်မာပြည်သူတွေ ငြှိမ်းပေးခဲ့ပြီလား။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ယုံကြည်ထိုက်တဲ့ ပြည်သူလူထုဖြစ်ကြပြီလား။ အမိမြေကို ချစ်တယ်ဆိုသူ အားလုံးဟာ ကိုယ့်ကိုကိုယ် ပြန်သုံးသပ် စဉ်းစားဖို့ အချိန်တန်လာပါပြီ။ ဗိုလ်ချုပ်ကို ချစ်ရင် တိုင်းပြည်ကို ချစ်ရင် ဘာတွေ ဘယ်ဟာအရေးအကြီးလဲဆိုတာ....။ တိုင်းပြည်နိုင်ငံအတွက် အများကြီးပေးဆပ်ခဲ့ပြီး ဘာတခုမှ မယူသွားနိုင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ မြန်မာ့လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ခဲ့ကြသူ သူရဲကောင်းအားလုံးတို့အား ကျွန်ုပ်တို့ ပြုသမျှ ကုသိုလ်ကောင်းမှုတို့အား အမျှဝေရင်း ကျေးဇူးရှင်ကြီးများ ဖြစ်စေချင်တဲ့ တိုင်းပြည်အဖြစ် နောက် ဆယ်စုနှစ် ၂ ခုအတွင်း ဖြစ်ရပါမယ်ဆိုတဲ့ ကတိအထူးကို ပေးလိုက် ပါတယ်။

နေသူရိန်




Friday, July 16, 2010

ယဉ်ကျေးမှုကို ၀ံ့ကြွားလိုက်ပါ...

8 comments
မြန်မာ့ယဉ်ကျေးမှုနဲ့ လက်ရှိမြန်မာအမျိုးသမီးလေးတွေ၏ အခြေအနေပေါ်တွင် မူတည်၍ ကျွန်မ ကိုနေသူရိန် နှင့် ဆွေးနွေးထားခြင်း ဖြစ်ပါသည်။

ဖြူစင်လွန်းပါ၍
မွန်မြတ်သည့် မျိုးဂုဏ်အင်
အဖိုးမဖြတ်နိုင်တဲ့ ဣနြေ္ဒ
ကုဋေများစွာ ထိုက်ပါသည့်
မြန်မာ့ပတ္တမြား ဣတ္ထိယများ။

နေသူရိန်:
ရောက်ပါပြီ စောနန်းရေ

စော:
မှန်ပါ့
ကိုသူရိန်……စောနန်း တင်ထားတဲ့ ကဗျာလေးနဲ့ပတ်သက်ပြီး သူရိန် ဘယ်လိုဝေဖန်ချင်ပါလိမ့်

နေသူရိန်:
ခြေတလှမ်းတင် ကုဋေတသန်း ထိုက်မှတော့ ဣနြေ္ဒရှင် မြန်မာအမျိုးသမီးတွေရဲ့ ဂုဏ်အင်ဟာ တန်ဖိုးဖြတ်လို့ ဘယ်ရနိုင်ပါ့မလဲ စောနန်းရေ

စော:
သို့ပေမဲ့ ကိုသူရိန်ရယ်... စောနန်းတို့ မြန်မာအမျိုးသမီးများ ခုခေတ်မှာ တော်တော်မလွယ်ဘူး ရှင်

နေသူရိန်:
ဘယ်လိုများကြောင့် မလွယ်ရသလဲ စောနန်းရယ်

စော:
မြန်မာ့သိက္ခာမြန်မာ့ယဉ်ကျေးမှု ထိန်းသိမ်းရမှာကို မေ့လျော့နေတယ်လို့ စောနန်း ထင်မြင်မိပါတယ် ကိုသူရိန်ရယ်

နေသူရိန်:
ဒါကတော့ သူတပါးယဉ်ကျေးမှုရဲ့ လွှမ်းမိုးမှု၊ ထိုးဖေါက်မှုနဲ့ အတူ ကိုယ်တိုင်ကလည်း ယဉ်ကျေးမှု ကိုယ်ခံစွမ်းအား နိမ့်ပါးလာကြလို့ ဖြစ်ပေလိမ့်မယ်

စော:
နောက်တကြောင်းက ဒီလိုလေးများ တို့ ပြောမိလိုက်လျှင် ထိုအမျိုးသမီးငယ်လေးတွေက ဒီလိုစကားနာထိုးတတ်ကြတယ်

နေသူရိန်:
ဘယ်လိုများလဲ စောနန်းရဲ့

စော:
မမတို့က ခေတ်နောက်ကျတယ်ဆိုလားပဲ
ဒါမှမဟုတ် အမြင်ကျဉ်းတယ်တဲ့

နေသူရိန်:
သြော် ဂလိုဘယ်လိုက်ဇေးရှင်းကို ကန့်လိုက်တိုက်တယ်လို့များ ဆိုကြလေဦးမလား မသိ

စော:
တကယ်တော့ စောနန်း ပြောလိုက်မိရင်ဖြင့် ကလေးမများ စိတ်ဆိုးဦးရော့မယ်
တကယ်အမြင်ကျဉ်းတာက ကိုယ့်ယဉ်ကျေးမှုကို ကိုယ်မချစ်တတ်တဲ့ သူတွေပါ ကိုသူရိန်ရေ

နေသူရိန်:
ဒါပေမယ့် စောနန်းရေ ကျွန်တော်တို့မှာ မြင်သာ ထင်သာရှိတဲ့ စစ်ရေးတည်ဆောက်မှုတွေ လုပ်ကြတယ်၊ ကိုယ့်နိုင်ငံကို စစ်ရေးအရ ကာကွယ်ဖို့တွေ လုပ်ကြရတယ်၊ ဒါပေမယ့် လွတ်လပ်ရေး ရပြီးတဲ့ အနှစ် ၆၀ ကျော်အတွင်း၊ အထူးသဖြင့် ဒီဘက်ခေတ် အနှစ် ၂၀ အတွင်းမှာ ကျွန်တော်တို့ တိုင်းပြည်မှာ အဓိက စိန်ခေါ်ခံနေရတာဟာ hard power မဟုတ်ဘူး၊ ယဉ်ကျေးမှု၊ စီးပွားရေး အစရှိတဲ့ soft power တွေပဲ၊ ဒီလိုပြဿနာတွေကို ကိုင်တွယ်မှ ဖြစ်ပါလိမ့်မယ်

စော:
မှန်ပါ့ ကိုသူရိန်... တကယ်က တိုင်းပြည်ကို တိုက်ခိုက်သိမ်းပိုက်ခံလိုက်ရတာကမှ ကျွန်ဖြစ်တာ မဟုတ်ပါဘူး... သူတပါးယဉ်ကျေးမှု သူတပါးထုံးစံအောက် ရောက်တာနဲ့ ကျွန်ဖြစ်ရတယ်ဆိုတာ နားလည်ဖို့ သင့်ပါတယ်ရှင့်...

နေသူရိန်:
မှန်ပါ့ စောနန်းရယ်၊ သိမ်မွေ့တဲ့ ပြဿနာတွေ လို့ပဲ ဆိုကြပါစို့၊ ဖြေရှင်းတဲ့ နေရာမှာလည်း သိမ်သိမ်မွေ့မွေ့ ဖြေရှင်းနိုင်မှရမယ်၊ ဥပဒေထုတ်ပြီး တင်းကြပ်ရင် ဆိုးကျိုးပဲ ဖြစ်လာမယ်၊ သူတို့ကိုလည်း နားဝင်အောင် စည်းရုံးနိုင်မှ ရမယ်

စော:
တကယ်တော့ ကိုသူရိန်ရေ... စောနန်း အမြင်ပေါ့နော်

နေသူရိန်:
ဟုတ်

စော:
ဥပဒေလည်း ထုတ်စရာမလို၊ ဒီလိုမလုပ်နဲ့လို့ ပြောဆိုနေစရာလည်း မလိုလှပါဘူး
လိုအပ်မှုအစစ်က တိုင်းပြည်နဲ့ လူမျိုးကို ချစ်လာဖို့ပါပဲ ကိုသူရိန်
ပြီးတော့ ဟိရီသြတ္တပ္ပ တရားလေးပေါ့

နေသူရိန်:
သိပ်မှန်တာပေါ့ကွယ်

စော:
နောက်တခုကလေ.. မြန်မာအမျိုးသမီးလေးတွေရဲ့ အယူမှားလေးပေါ့ ကိုသူရိန်
အ၀တ်အစားတွေကို အတိုအပြတ်ဝတ်မှ ခေတ်မှီတယ်ထင်လာကြတယ်ကွယ်

နေသူရိန်:
သြော်

စော:
တကယ်ခေတ်မှီတာကလေ ကိုယ့်တိုင်းပြည်နိုင်ငံတွင်းမှာ ဆိုရင်လည်း အမျိုးသားများနှင့် တန်းတူ... ပြည်ပနဲ့ယှဉ် ရင်လည်း အတွေးအခေါ်အယူအဆ မှန်ကန်ပြည့်ဝမှသာလျှင် ခေတ်မှီတယ်ဆိုနိုင်ပါတယ် ကိုသူရိန်

နေသူရိန်:
မှန်တာပေါ့
အတိုအပြတ်တွေ မဝတ်ဘဲ လုံးဝ လုံနေအောင် ဝတ်ရမယ်လို့ မဟုတ်ပါဘူး၊ ရာသီဥတုနဲ့ အခြေအနေနဲ့ ကိုက်ညီသင့်တင့်အောင် ဝတ်ပေါ့၊ အဓိကကတော့ လုံခြုံဖို့နဲ့ ဟိရီသြတ္တပ္မ တရားနဲ့ညီရင် အမြင်တင့်တယ် ပါတယ်၊ ခေတ်မှီတယ် ဆိုတာ တကယ်တော့ အဝတ်အစားမှ မဟုတ်ဘဲ

စော:
ကိုသူရိန်ရေ... မြန်မာပြည်ထုတ်ချုပ် ပင်နီအကျီင်္ လုံချည်ဝတ်ပါမှ လုံခြုံတာမျိုးလည်း မဟုတ်ဘူး... ကာလံဒေသံပေါ့ ကိုသူရိန်ရဲ့

နေသူရိန်:
မှန်တာပေါ့၊ ကိုယ်ဟာ မြန်မာပဲ ဆိုတဲ့ အသိရှိနေရင် အဆင်ပြေအောင် ဝတ်တတ်စားတတ်ကြမှာပါ

စော:
မှန်ပါ့.. လုံချည်ဆိုလဲ ရာသီအလိုက် သင့်လျော်တာလေးတွေ ရှိပါတယ် ကိုသူရိန်
ပြီးတော့ အကျီင်္ဆိုလည်းပဲ ချည်ထည်လေးတွေ
ဆန်းဆန်းပြားပြားဝတ်ဆင်နိုင်ပါရဲ့

နေသူရိန်:
အင်း ဟုတ်တာပေါ့
တိုင်းတပါး ယဉ်ကျေးမှုမှာ ပေါ်သမျှ ဆန်းသမျှကို လိုက်တုရင်း နစ်မျောနေကြ သလိုပဲ

စော:
မှန်ပ ကိုသူရိန်... အတိုအပြတ်မှ ဆန်းတာ ပေါ်လွင်တာ မဟုတ်ပါဘူး... စောနန်းရဲ့ ကိုယ်တွေ့ပေါ့ ကိုသူရိန်.. စောနန်း ကျောင်းသွားတက်တုန်းက သူငယ်ချင်းတွေဟာ တိုင်းတပါးမှာမို့ တိုင်းတပါးအတိုင်း လိုက်နေရမယ်လို့ အထင်ရှိခဲ့ပြီး ၀တ်စားနေထိုင်သမှုမှာ တိုင်းတပါးကို အတုခိုးကြတယ်

နေသူရိန်:
မှန်ပ

စော:
ဒါပေမဲ့ စောနန်းတို့ဟာ မြန်မာပြည်ဖွား တိုင်းရင်းသားတွေပါ ကိုသူရိန်... တိုင်းတပါးကို အလည်အပတ်ဖြစ်စေ ပညာသင်ဖြစ်စေ ဘာအတွက်ပဲ ဖြစ်စေ သွားမယ်ဆိုရင် အဲဒီ့အချိန်ဟာ ကိုယ့်ယဉ်ကျေးမှုကို ကမ္ဘာ့အလယ်မှာ ၀ံ့ထည်စွာ ထုတ်ပြနိုင်ဖို့ အခွင့်ကောင်းပဲလေ

နေသူရိန်:
မှန်တာပေါ့ကွယ်၊ တချိန်တုန်းက မြန်မာအမျိုးသမီး ပညာသင်တွေဟာ ဘယ်နိုင်ငံ ရောက်ရောက် မြန်မာအင်္ကျီ နဲ့ လုံချည်ပဲ ဝတ်ကြတယ်လို့ ဆိုတယ်။ ဒါဟာ မြန်မာ့ယဉ်ကျေးမှုကို ဖေါ်ထုတ်ရာလည်း ရောက်ပြီး ဂုဏ်ယူစရာပဲကွယ့်

စော:
ဟုတ်တယ် ကိုသူရိန်ရေ.... ဒါကြောင့်လေ မြန်မာအမျိုးသမီး လေးတွေ ဘယ်နိုင်ငံဘယ်ဒေသရောက်ရောက် အတတ်နိုင်ဆုံး မြန်မာ့ယဉ်ကျေးမှု ထုံးစံဓလေ့ကို ထိန်းသိမ်းသင့်တယ်... မြန်မာ့မူ မြန်မာ့ဟန်ကို မထိန်းသိမ်းနိုင်ဘူးဆိုရင်တောင် မြန်မာဆိုတဲ့ ဂုဏ်အင်ကို မမေ့လျော့သောအနေနဲ့ လုံလုံခြုံခြုံဝတ်ဆင်သင့်ပါတယ် ကိုသူရိန်
ဒီနေ့တော့ ဒီလောက်ပဲ ကိုသူရိန်ရေ.. စောနန်းမှာလည်း အလုပ်ကလေးရယ် ရှိသေးသမို့.. ခွင့်ပြုပါဦးရှင်
နောင်ရက်များမှာလည်း မြန်မာ့ဓလေ့အကြောင်းကို ဆွေးနွေးရင်း ကိုသူရိန့်ဆီက ပညာလိုချင်ပါတယ် ကိုသူရိန်ရှင့်

နေသူရိန်:
ကောင်းပါပြီ စောနန်းရေ ၊ နောက်များမှ ထပ်ဆွေးနွေး ကြတာပေါ့


(နေသူရိန် နှင့် စောနန်းမွန်တို့၏ ဆွေးနွေးမှုများ ဖြစ်ပါသည်။)

Thursday, July 15, 2010

ဘယ်မှာလဲ ရွှေပြည်ရယ်......

0 comments

ရွှေမြန်မာနိုင်ငံကြီး သာယာဖို့ လိုအပ်တာ ဒီမိုကရေစီဆိုပါလား........။

နိုင်ငံရေး

ဒီမိုကရေစီဆိုတာ စနစ်တခုပါ။ စနစ်ပြောင်းရုံနဲ့ နိုင်ငံကောင်းမယ်ဆိုတဲ့ စကားကိုတော့ လက်မခံ တာ အမှန်ပဲ။ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ စနစ်မကောင်းတာလား... လူမကောင်းတာလား။ ဒါကို ဒီလို ဆိုမယ်ဆိုရင်တော့ စနစ်လည်း မကောင်း၊ လူလည်း မကောင်းဘူးလို့ ဆိုပါလိမ့်မယ်။ အာဏာရှင် စနစ်ဟာ မကောင်းဘူးပေါ့လေ။ ဒါပေမဲ့ ဒီမိုကရေစီဖြစ်လို့ရော နိုင်ငံကောင်းလာနိုင်ပါ့မလား။ ဒီမိုကရေစီဆိုတာ အလွယ် အရှင်းပြောရရင်တော့ ပြည်သူက ရွေးချယ်တင်မြှောက်တဲ့ ပြည်သူ့အစိုးရပေါ့နော်။ ပြည်သူကိုမှ မလေးစားဘဲ ပြည်သူကို ညံ့တယ်လို့ သတ်မှတ်ထားပြီး ပြည်သူ့အကျိုးအတွက် ဘ၀တွေ ပေးဆပ်တယ်ဆိုတာ သဘာဝ မကျပါဘူး။ ပြည်သူ့အကျိုးသာလိုလားမယ်ဆိုရင် ဘယ်နိုင်ငံရေးစနစ်မှာမဆို နိုင်ငံကို တိုးတတ်ဖွံ့ဖြိုးစေနိုင် ပါတယ်။လူကောင်းဖို့ အဓိကပါ။

ဒီလိုပြောလို့ ခင်ဗျားတို့ ဘာနိုင်ငံရေးအကြောင်းသိလို့လဲ လို့များ မေးမယ်ဆိုရင်.. ငြိမ်းချမ်းရေးလမ်းက ငြိမ်းချမ်းရေးအတွက်ပဲ သိတာပါ... ငြိမ်းချမ်းရေးအတွက်ဆိုလို့ ဘယ်က ငြိမ်းအဖွဲ့လဲလို့လည်း စောဒက မတတ်ပါနဲ့ဦး.. မြန်မာ့သွေးအစစ်၊ မြန်မာ့မာန်အစစ်နဲ့ မွေးဖွားကြီးပြင်းလာတဲ့ မြန်မာနွယ်ဖွားတွေပါ။ ရှင်းရှင်း လေးပဲ ပြောပါမယ်... မြန်မာပြည်သူ မြန်မာပြည်သားတွေပေါ့....

ဘာသာရေး

ထေရ၀ါဒ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံဆိုတဲ့ နိုင်ငံမှာ..... နိုင်ငံသားတွေဟာ မိမိတို့အတ္တ၊ မိမိတို့ဆန္ဒအတွက် ရှေ့တန်းတင်မယ်ဆိုရင် ထေရ၀ါဒ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံဆိုတဲ့ အမည်သညာ ပျောက်ကွယ်သွားပါလိမ့်မယ်. ကိုယ်လိုချင်တာရဖို့ နိုင်ငံကိုတောင် ဘာသာပြောင်းရပါစေဆိုတဲ့ စိတ်ထားနဲ့ နေသူတွေရှိသလို.... နိုင်ငံကနေ ဘာသာပျောက်ကွယ်အောင်လုပ်ချင်သူတွေကလည်း ရှိပါရဲ့။ အကြောင်းက ဗုဒ္ဓဘာသာကြောင့် နိုင်ငံမတိုးတတ် ရတာတဲ့။ တကယ်တော့ ထေရ၀ါဒ ဗုဒ္ဓဘာသာ မဟုတ်တဲ့နိုင်ငံတွေမှာ ဒီမိုကရေစီလို့ ပြောနေပါတယ်။ တိုး တတ်နေပါတယ်။ ဒါပေမဲ့ ရုပ်ပိုင်းဆိုင်ရာ တခုတည်းရဲ့ တိုးတတ်မှုတွေပဲရှိပြီး လူမှုရေးမပြေလည်မှုတွေတအား ကို ကြုံကြရတယ်။ လူတဦးရဲ့ အဓိက လိုအပ်ချက်ဟာ ရုပ်ပိုင်းဆိုင်ရာ တိုးတတ်မှုလား၊ စိတ်ပိုင်းဆိုင်ရာ အေးချမ်း မှုလား.. ဒါလေးတွေကို ရှင်းလင်းရပါမယ်။

အချင်းချင်းပါ

တော်တော်ကို စိတ်မကောင်းစရာပါ။ တချိန်က ဗိုလ်ချုပ်အောင်ဆန်းတို့ တော်လှန်ရေးလုပ်ခဲ့တာဟာ တိုင်း တပါးသားတွေကိုပါ။ တိုင်းတပါးသားတွေကို နိုင်ငံကနေ နှင်ထုတ်ဖို့ တိုင်းရင်းသားတွေ စုပေါင်းပြီး တိုက်ထုတ် နှိမ်နင်းခဲ့ကြပါတယ်။ ဒါပေမဲ့ ကိုယ့်လူမျိုးအချင်းချင်းရဲ့ ပြဿနာကို ကိုယ့်အချင်းချင်း မဖြေရှင်းဘဲ နိုင်ငံတကာမှာ ထုတ်ပြနိုင်ဖို့ အင်္ဂလိပ်စာ အသည်းအသန်သင်ကြတာမျိုးကတော့ ၀မ်းနည်းစရာ။ အပေါ်ယံအရ ကမ္ဘာ့အလယ် ဂုဏ်မတင့်တာ အစိုးရကြောင့်လို့ ပြောလို့ရပါမည်။ အမှန်တကယ် လေ့လာမည်ဆိုရင် လူမျိုးအချင်းချင်း ရန်ဖြစ် တိုက်ခိုက်နေမှုများကြောင့်သာလျှင်ဖြစ်ပါမည်။ ဖြစ်သင့်ဖြစ်ထိုက်သည့် နည်းလမ်းများရှိပါလျက် အပြတ်အသတ် အနိုင်လိုချင်သော လောဘကြောင့် မြန်မာနိုင်ငံ ဆုတ်ယုတ်ရပါတယ်။ မုန်းအားကြီးတဲ့ ဒေါသတို့ကြောင့် မြန်မာ နိုင်ငံဆုတ်ယုတ်ရပါတယ်။

ခေါင်းဆောင်

မြန်မာဆိုတာ အနောက်တိုင်းနိုင်ငံမဟုတ်တဲ့အတွက် အနောက်ကို လွန်စွာ အတုယူလို့ မရပါဘူး။ ခေါင်းဆောင် အဖြစ်တင်မြှောက်ရာမှာ ဖြစ်သင့်ဖြစ်ထိုက် ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းထဲမှာ တခုအပါအ၀င် မဖြစ်မနေ အရာဟာ မြန်မာပြည်သူနဲ့ တသားတည်းရှိနေတဲ့ မြန်မာနိုင်ငံသား၊ မြန်မာတိုင်းရင်းသား လူမျိုး စစ်စစ် ခေါင်းဆောင် တယောက်ယောက်ပါ။ ဒါမှပဲ တိုင်းရင်းသားပြည်သူ၊အစိုးရ၊တပ်မတော် ဒီသုံးရပ်ဟာ ညီမျှတော့ မပေါ့။ ဒါကြောင့် တိုင်းရင်းသားလူမျိုးစုကို ခေါင်းဆောင်နိုင်မယ့် ခေါင်းဆောင်ဖြစ်သင့်သူ ဒီနေ့ ဒီအချိန်အထိ မပေါ်ပေါက်သေးဘူးဆိုတာ သိသာပါပြီ။

ဘာလုပ်မလဲ

ခေါင်းဆောင်ရှိမှ မဟုတ်ဘဲ တိုင်းရင်းသားပြည်သူတရပ်လုံးသာ အမှန်တကယ် စိတ်ထားကောင်းလေးမွေးမယ် ဆိုရင် မြန်မာနိုင်ငံဟာ ရွှေပြည်ဖြစ်လာမှာပါ။ ဒီလိုမှ မဟုတ်ဘဲ ဂဏာန်းတွေလို သွားလာကျင့်ကြံနေသမျှ အမိမြေဟာ ဘာကြီးပဲ ဖြစ်ဖြစ် ရုပ်ပိုင်းသာ တိုးတတ်ပြီး စိတ်ဓါတ်တွေ အောက်တန်းကျလို့ ရွှေပြည်မဟုတ်ဘဲ ဗိုလ်ချုပ်ပြောတဲ့နိုင်ငံဖြစ်သွားပါလိမ့်မယ်။ ယိုးဒယားဘယ်လိုပဲ မြန်မာထက် သာနေပါစေ.. ယိုးဒယားက စိတ်ပိုင်း ဆိုင်ရာ တော်တော်လေး ဆုတ်ယုတ်တဲ့ နိုင်ငံတနိုင်ငံပါ။ အပျော်ရှာချင်တဲ့ ယောက်ျားသားတို့ အလာအများဆုံး နိုင်ငံပေါ့။ ဒါပေမဲ့ အဲဒီ့နိုင်ငံရဲ့ အဲဒီ့နေရာကို သွားကြည့်တဲ့အခါ တွေ့ရတာက မြန်မာမလေးတွေ.....................။

တယောက်နဲ့တယောက် ရန်ဖြစ် ငြင်းခုံနေတာနဲ့ တဖက်ကလည်း ပြည်သူပိုင် သယံဇာတတွေကို ရောင်းစား တယ်။ တဖက်ကလည်း မိမိတို့နိုင်ငံနဲ့ လူမျိုးရဲ့ သိက္ခာကို ဒေါ်လာနဲ့ရောင်းစား.... ဒီလိုဒီလို ရောင်းစားအမြတ် ထုတ်နေတဲ့ကြားမှာ ပြည်သူလူထုတွေ ဒုက္ခရောက်ရတယ်။ အဆိုးဆုံးကတော့ အစိုးရကို တချက်ကလေးမှ မထိခိုက်ဘဲ ပြည်သူကိုသာ ဒုက္ခရောက်စေခဲ့တဲ့ စီးပွားရေးပိတ်ဆို့မှု။ လုပ်သူတွေများရှိရင် ပြောပြကြပါ.. စီးပွား တွေ ပိတ်ဆို့လိုက်လို့ သင်တို့ရဲ့ ရန်သူလို့ အမည်တပ်ထားတဲ့ စစ်အစိုးရ ဘာများ ဒုက္ခကြီး ရောက်သွားပါသ လဲ။ အသိစိတ်လေးနဲ့ ပြန်စဉ်းစားမယ်ဆိုရင် အကောင်းဆုံးလမ်းဟာ ပြည်သူရဲ့ အသိဉာဏ်ဖွံ့ဖြိုးစေမယ့် ပညာ ရေးစောင့်ရှောက်မှု၊ ပြည်သူကို သက်ရှည်ကျန်းမာစေမယ့် ကျန်းမာရေးစောင့်ရှောက်မှု၊ ပြည်သူကို စိတ်ချမ်း သာစေမယ့် ဘာသာရေးစောင့်ရှောက်မှု၊ ပြည်သူကို ကြီးပွားစေမယ့် စီးပွားရေးလမ်းစရှာပေးမှုတွေ၊ နဲ့ ပြည်သူ တွေကို ဘက်စုံ ဖွံ့ဖြိုးတိုးတတ်စေမယ့် လူမှုရေးစောင့်ရှောက်မှုတွေ... ဒါတွေက အဓိက ပါ။

နိုင်ငံကိုချစ်တယ်ဆိုတာ

နိုင်ငံကိုချစ်တယ်ဆိုတာ နိုင်ငံရဲ့အနေအထားပေါ်မှာ လိုက်ပြီး လိုအပ်ချက်ကို ဖြည့်ဆည်းတတ်တာ.. ကိုယ် ဖြည့်ဆည်းတာသည်လည်း လက်တွေ့အကျိုးရှိတာပါ။ မဟုတ်ရင်တော့ ကိုယ့်အတ္တအတွက် ကိုယ်လိုချင်တာ ရဖို့ အတွက် နိုင်ငံအတွက်ဆိုတာမျိုး အမည်တပ်တာကတော့ နိုင်ငံကို ချစ်တယ်လို့ မမည်ပါဘူး။

အားလုံးပဲ ရွှေပြည်ကို အရောက်လှမ်းဖို့ စိတ်ဓါတ်လေးတွေ ပြုပြင်ကြစို့ရယ်။

ငြိမ်းချမ်းရေးလမ်း အဖွဲ့သားများ

Tuesday, July 13, 2010

စတင်၍ ရည်ရွယ်ရာ

0 comments
ဒီအွန်လိုင်းလောကမှာ အတိုက်အခံနိုင်ငံရေးသမားများလည်း မြောက်များစွာ ရှိကြပါတယ်။ တပ်မတော်သားများ လည်း ရှိကြပါတယ်။ ဒီလိုရှိနေကြရင်းနဲ့ ဘလော့ဂ်တွေရေး.. အမြင်မတူတာလေးတွေနဲ့ ငြင်းခုန် တိုက်ခိုက်နေ ကြ တာဟာ မြန်မာဆိုတဲ့သိက္ခာတခုကို ထိန်းသိမ်းထားရာမှာ နည်းနည်းကသိကအောင့်လေး ဖြစ်စေတာကို ကျွန်မတို့ မြင်လိုက်တယ်။ တကယ်တော့ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသား မှန်သမျှဟာ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ယဉ်ကျေးမှုကို ချစ်တတ်ကြမှာပါ။ လူတယောက်ကို ကြည့်လိုက်မယ်ဆိုရင် သူပြောနေတဲ့စကားတွေ သူလုပ်နေတဲ့အလုပ်တွေဟာ တိုင်းပြည်လူမျိုးအတွက် ချက်ချင်းအကျိုးသက်ရောက်မှု ရှိနေတာကိုမှ တိုင်းပြည် ကို တကယ်ချစ်တယ်လို့ လက်ခံပါတယ်။ လက်တွေ့ဆန်ဆန်နဲ့မှ မြန်မာနိုင်ငံကြီး ဖွံ့ဖြိုးတိုးတတ်အောင် ဆောင် ရွက် လာနိုင်မှာပါ။ အဓိက အရာဖြစ်တဲ့ ဗုဒ္ဓသာသနာတော်နဲ့အတူ မြန်မာနိုင်ငံကြီးကို ဖွံ့ဖြိုးတိုးတတ်စေတာကမှ တကယ့် ပြည်ချစ်သားတို့ရဲ့ လုပ်ရပ်ပါ။

ကျွန်မတို့ ဒီဆိုက်ဒ်ကို ဖွင့်လိုက်တယ်ဆိုတာ ရည်ရွယ်ချက်အချို့ရှိပါတယ်။ အစဉ်လိုက်ရေးပြရမယ်ဆိုရင်
(၁) မြန်မာ့ယဉ်ကျေးမှုကို တန်ဖိုးထားတတ်သော မြန်မာလူမျိုးများဖြစ်စေရန်။
(၂) အမှန်တကယ် မြန်မာနိုင်ငံအားချစ်မြတ်နိုး၍ မြန်မာနိုင်ငံကောင်းကျိုးကို ထမ်းရွက်လိုသူတို့၏ ဆန္ဒများကို
ဖော်ပြပေးရန်။
(၃) တိုင်းရင်းသားတို့၏ ရိုးရာများကို ဖော်ပြပေးရန်။
(၄) နားလည်မှုကွဲလွဲခြင်း၏အစသည် မဆက်ဆံခြင်းကြောင့် ဖြစ်သည်ဆိုသော စကားနှင့်အညီ မှန်ကန်သော
အခြေအနေများကို ဖော်ပြ၍ နားလည်မှုများတည်ဆောက်နိုင်စေရန်။
(၅) အကောင်းနဲ့အဆိုး နေရာတိုင်းမှာ ဒွန်တွဲနေသည်ကို အမှန်တကယ် လက်ခံတတ်လာရန်။
(၆) မြတ်ဘုရားဟောကြားတရားတော်နှင့်အညီ တိုင်းပြည်နှင့်လူမျိုးအကျိုးကို သယ်ပိုးနိုင်ကြောင်း နားလည်
လက်ခံကျင့်ကြံလာနိုင်စေရန်။
ဖြစ်ပါတယ်။ ကျွန်မတို့သည်လည်း အလုံးစုံမပြည့်ဝသေးသော လူငယ်များဖြစ်တာကြောင့် တခုခုများ မဖြစ်သင့် တာ တွေ့လာခဲ့ရင် ကွန်မန့်များမှာ ၀င်ရောက်ပြောကြားပေးပါ။ တဖက်သတ်ဆန်သော နိုင်ငံရေးအယူအဆများ မှ လွဲ၍ အားလုံးအား လက်ခံမည်ဖြစ်ပါတယ်။ ကျွန်မကတော့ ဒီဆိုက်ဒ်ရဲ့ admin ပါ။ contributor များကိုလည်း ဖိတ်ခေါ်ပါတယ်။ ဆောင်းပါးများလည်း ဖိတ်ခေါ်ပါတယ်။ ကျွန်မတို့ admin များအနေနဲ့ကတော့ တိုင်းရင်းသား ရိုးရာဓလေ့များ၊ ယဉ်ကျေးမှုများနှင့် နိုင်ငံအကျိုးဖြစ်မည့် ဆောင်းပါးများကို အလျင်းသင့်သလို ရေးသားတင်ပြ သွားပါမယ်။

ငြိမ်းချမ်းရေးလမ်း အဖွဲ့သားများ ကိုယ်စား

စောနန်းမွန်