Wednesday, July 28, 2010

ကျုံး နှင့် မြို့ရိုး အစိတ်အပိုင်းများ ကျန်ရှိနေသေးသည့် ရှေးမြို့တော်ဟောင်းများ - အပိုင်း(၁)

3 comments


(၁) ဗိဿနိုးမြို့ဟောင်း
ဗိဿနိုးသည် တူးဖေါ်တွေ့ရှိချက်များ အရ အေဒီ ၁ ရာစုမှ ၉ ရာစုအတွင်း ထွန်းကား ကြီးကျယ်ခဲ့သော ရှေးပျူမြို့တော်ဟောင်း ဖြစ်သည်။ ဗိဿနိုးမြို့ဟောင်းသည် မကွေးခရိုင် တောင်တွင်းကြီးမြို့၏ အနောက်ဘက် ၁၁ မိုင်ခန့်အကွာ၌ တည်ရှိသည်။ အုတ်မြို့ရိုး အစိတ်အပိုင်း အချို့ကျန်ရှိပြီး မြို့ကွက်ကို မှန်းဆနိုင်သည်။ မြို့ကွက်မှာ ထောင့်မှန် စတုဂံ မကျတကျ ပုံစံရှိပြီး အရှေ့ဘက်မြို့ရိုးသည် ၂.၀၉ မိုင်၊ မြောက်ဘက်မြို့ရိုးသည် ၁.၆၁ မိုင်၊ တောင်ဘက်မြို့ရိုးသည် ၁.၂၂ မိုင်ရှည်လျားသည်။ အနောက်ဘက်တွင် မြို့ရိုးမတွေ့ရဘဲ ယခုအခါ တွေ့ရသော အင်းကြီးနှင့် ကြိုးကြာကန်တို့သည် ရှေးယခင်က ဆက်စပ်နေ၍ အနောက်ဖက်တွင် ရေကျုံးသဖွယ် တည်ရှိခဲ့မည်ဟု ယူဆရသည်။ မကွေး - တောင်တွင်းကြီးကားလမ်းသည် တောင်ဘက်မြို့ရိုးမှ ဖေါက်၍ မြို့ဟောင်းကို ဖြတ်သန်းသွားပြီး အရှေ့ဘက်မြို့ရိုးကို ဖေါက်ထွက်သွားသည်။

(၂) သရေခေတ္တရာမြို့ဟောင်း
သရေခေတ္တရာသည်လည်း အေဒီ ၁ ရာစုမှ ၉ ရာစု အတွင်းတွင် ထွန်းကားခဲ့သော ပျူမြို့တော် ဖြစ်ကြောင်း တူးဖေါ်တွေ့ရှိချက်များနှင့် တရုတ်တို့၏ ခေတ်ပြိုင် မှတ်တမ်းများ အရ ယူဆရသည်။ သရေခေတ္တရာမြို့ဟောင်းသည် ပဲခူးတိုင်း ပြည်မြို့ အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာ၌ တည်ရှိသော ရှေးမြို့ဟောင်းဖြစ်သည်။ မြို့ရိုး အစိတ်အပိုင်း အတော်များများ ကျန်ရှိပြီး၊ ကျုံးအစိတ်အပိုင်း အချို့ ကျန်ရှိသည်။ မြို့ကွက်မှာ အဝိုင်းဖြစ်ပြီး မြို့ရိုးမှာ စက်ဝိုင်းပုံ မကျတကျ ဖြစ်သည်။ မြို့ရိုး အဝန်း စုစုပေါင်း ၈.၆ မိုင်ခန့် ရှည်လျားသည်။ မြောက်ဘက်ခြမ်းမြို့ရိုး၏ ၁.၅၄ မိုင်ခန့်ကို ပြည်-ပေါက်ခေါင်း ကားလမ်းအဖြစ် အသုံးပြုလျက်ရှိသည်။ အရှေ့ဘက်ခြမ်းမြို့ရိုး၏ ၂.၂ မိုင်ခန့်မှာ ယခုအခါ စိုက်ပျိုးမြေ လယ်ကွက်များအတွင်း ရောက်ရှိနေ၍ အချို့နေရာများတွင် အုတ်ကုန်းမို့မို့လေးများ အဖြစ်သာ ကျန်ရှိပြီး မြို့ရိုးအရာကို မှန်းဆနိုင်ရုံသာ ရှိတော့သည်။ မြို့ရိုး၏ အနောက်ဘက်နှင့် တောင်ဘက် အစိတ်အပိုင်းများသည် အတော်များများ ကျန်ရှိနေသေးပြီး အချို့နေရာများတွင် ၁၇ ပေ၊ ၁၈ ပေခန့် အထိ မားမားမတ်မတ် ရှိနေသေးသည်။ မြို့ကွက်၏ အလယ်ဗဟို နေရာလောက်တွင် အလျား ၁၇၀၀ ပေ၊ အနံ ၁၁၅၀ ပေခန့် ကျယ်ဝန်းသော ထောင့်မှန်စတုဂံပုံ နန်းတော်ရာဟောင်း နေရာတွေ့ရှိရသည်။ ကျန်ရှိသော ကျုံးအစိတ်အပိုင်းများ သည် ၃၅ ပေမှ အချို့နေရာများတွင် ပေ ၈၀ ခန့်အထိ ကျယ်ဝန်းသည်။ ရန်ကုန် - ပြည် ရထားလမ်းသည် မြို့ရိုး၏ အရှေ့တောင်ဖက်မှ ဖေါက်ထွင်း၍ မြို့ကို အလယ်မှ ကန့်လန့်ဖြတ် ဖြတ်သန်းသွားပြီး မြို့ရိုး၏ အနောက်မြောက်ဘက်မှ ဖေါက်ထွက်သွားသည်။ ၁၈၇၇တွင် ရန်ကုန် - ပြည် ရထားလမ်း ဖေါက်စဉ်က မြို့ရိုးရှိ အုတ်များကို သံလမ်းဖေါက်လုပ်ရာတွင် အင်္ဂလိပ်တို့က အသုံးပြုခဲ့စေသည်ဟု ဆိုသည်။

(၃) မြင်စိုင်းမြို့ဟောင်း
မြင်စိုင်းမြို့သည် အေဒီ ၁၃ ရာစုက မွန်ဂိုတို့ ဝင်ရောက်ဖျက်စီး၍ ပုဂံနိုင်ငံတော်ကြီးပျက်စီးချိန်တွင် နိုင်ငံကို ပြန်လည် စုစည်းခဲ့သော ရှမ်းညီနောင် သုံးဦး၏ အုပ်ချုပ်ရေး အချက်အခြာ ဖြစ်ခဲ့သည်။ ကာချင်းများနှင့် တရုတ်မှတ်တမ်းများအရ အလွန်ခိုင်ခံသော ကျုံးနှင့် မြို့ရိုးတို့ ရှိခဲ့ဟန် တူသည်။ သို့သော် ယခုအခါတွင် ကျုံးအစိတ်အပိုင်း အချို့သာ ကျန်ရှိသည်။ မြင်စိုင်းမြို့ဟောင်းသည် ကျောက်ဆည်မြို့၏ အရှေ့ဘက် ၆ မိုင်ခန့် အကွာတွင် ဝေဘူတောင်ခြေ၌ တည်ရှိသည်။ မြို့ကွက်မှာ ထောင့်မှန် စတုဂံပုံဖြစ်ပြီး အခြားမြို့ဟောင်းများနှင့် နှိုင်းယှဉ်ပါက အတော်အတန် သေးငယ်ကြောင်း တွေ့ရသည်။ ကျုံး၏ အလျားမှာ မြောက်ဘက်တွင် ၀.၅၈ မိုင်၊ တောင်ဘက်တွင် ၀.၆၅ မိုင်၊ အရှေ့ဘက်တွင် ၀.၃၈ မိုင်၊ အနောက်ဘက်တွင် ၀.၃၉ မိုင်ခန့်ရှိသည်။ မြင်စိုင်းမြို့ဟောင်းသည် ယခုအခါ ဗိဿနိုးမြို့ဟောင်း၊ သရေခေတ္တရာမြို့ဟောင်းတို့ ကဲ့သို ရှေးဟောင်းသုတေသနနယ်မြေအဖြစ် သတ်မှတ်ထိန်းသိမ်းထားခြင်းခံရသော နယ်မြေ မဟုတ်ဘဲ စက်မှုဇုန် ဧရိယာအတွင်းတွင် ကျရောက်လျက်ရှိသည်။ ကျုံးနှင့် စေတီ ပုထိုးအနည်းငယ် ကျန်ရှိပြီး အမှတ်(၁) စက်မှုဝန်ကြီးဌာနနှင့် ကုမ္ပဏီအချို့က စေတီများကို ပြုပြင်လျက်ရှိသည်။ ယနေ့အခါတွင် မြင်စိုင်းမြို့ဟောင်း ဧရိယာအနီးတဝိုက်တွင် မြင်စိုင်းဟူသော အမည်နှင့် မြို့သော်လည်ကောင်း၊ ရွာသော်လည်ကောင်း မကျန်ရှိတော့ဘဲ ပို၍ ဝမ်းနည်းဖွယ်ကောင်းသည်မှာ ဒေသခံများသည် မြင်စိုင်းကို မသိရှိဟုဆိုသည်။ ၁၃ ရာစုက မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများ၏ မြို့တော်ဖြစ်ခဲ့ပြီး မြို့ငယ်လေး တစ်မြို့ဖြစ်သော်လည်း မွန်ဂိုတပ်မတော်ကြီးကို တွန်းလှန်နိုင်ခဲ့သော၊ တာဝတိံသာ နတ်ရွာလော ဟုတင်စားခဲ့ရသော မြင်စိုင်းရွှေပြည် ကို ရှေးဟောင်းယဉ်ကျေးမှု နယ်မြေတစ်ခု အဖြစ် သတ်မှတ်ထိန်းသိမ်းသင့် ပါသည်။


(၄) အင်းဝမြို့ဟောင်း
အင်းဝမြို့သည် ၁၄ ရာစုတွင် စတင်တည်ထားခဲ့ပြီး မြန်မာ့ သမိုင်းတွင် အလွန်ထင်ရှားခဲ့သော မြို့ဖြစ်သည်။ မင်းဆက်ပေါင်း ၃ ဆက် မြို့တော် အဖြစ်နန်းစိုက်ခဲ့သည်။ အေဒီ ၁၃၆၅ မှ ၁၅၅၄ အထိ ပထမ အင်းဝ မင်းဆက်သည် အင်းဝကို ဗဟို၍ အထက်မြန်မာနိုင်ငံကိုလည်းကောင်း၊ အေဒီ ၁၆၀၀ မှ ၁၇၅၂ အထိ ညောင်ရမ်းမင်းဆက် ခေါ် ဒုတိယအင်းဝ မင်းဆက်သည် အင်းဝကို ဗဟိုပြု၍ မြန်မာတနိုင်ငံလုံး (၁၇၂၅ အထိ ဇင်းမယ် နယ်လည်း ပါဝင်သည်) ကိုလည်ကောင်း အုပ်စိုးခဲ့သည်။ ကုန်းဘောင်မင်းဆက်တွင် အင်းဝကို မင်းနေပြည်တော် အဖြစ် နှစ်ကြိမ် သတ်မှတ်၍ စိုးစံခဲ့ကြောင်း တွေ့ရသည်။ ဆင်ဖြူရှင် မင်းသည် အေဒီ ၁၇၆၅တွင် မြို့တော်ကို စစ်ကိုင်းမှ အင်းဝသို့ပြောင်းရွှေ့နန်းစိုက်ခဲ့သည်။ ဘိုးတော်ဘုရားသည် အေဒီ ၁၇၈၃ တွင် ဟူရားဗေဒင်ပညာရှင်တို့၏ အကြံပေးချက်အရ အင်းဝမြို့ကို ရေလွှမ်းဖျက်စီးပစ် လိုက်ပြီးနောက် အမရပူရမြို့တော်သစ်တည်ဆောက်ပြောင်းရွှေ့ခဲ့သည်။ ဘကြီးတော်မင်းသည် အေဒီ ၁၈၂၃ တွင် ရတနာပူရ အင်းဝမြို့နန်းကို ပြန်လည် တည်ဆောက်၍ မြို့တော်အဖြစ် ပြန်လည် စိုးစံခဲ့သည်။ သို့သော် သာယာဝတီမင်း လက်ထက် ၁၈၄၁ ခုနှစ်တွင် မြို့တော်ကို အမရပူရသို့ ပြန်လည် ပြောင်းရွှေ့ခဲ့သည်။ ထိုအချိန်မှ စ၍ အင်းဝမြို့သည် မြို့တော်ဟောင်း ဖြစ်သွားပြီး ယနေ့အချိန်တွင်မူ ကျောက်ဆည်ခရိုင်အတွင်းတွင် မြို့ငယ်လေး တစ်မြို့အဖြစ် ရွာငယ် (၁၁) ရွာခြံရံ၍ တည်ရှိသည်။ ဘုရားပုထိုး၊ စေတီအမြောက်အများကျန်ရှိပြီး မြို့ရိုးအစိတ်အပိုင်းအချို့နှင့် ကျုံးအစိတ်အပိုင်းများလည်း ကျန်ရှိသည်။ မြို့ကွက်မှာ ထောင့်မှန်စတုဂံပုံရှိပြီး မြို့ရိုးအလျားမှာ မြောက်ဘက်တွင် ၀.၈၆ မိုင်၊ တောင်ဘက်တွင် ဝ.၈၄ မိုင်၊ အနောက်ဘက်တွင် ၀.၅၀ မိုင်၊ အရှေ့ဘက်တွင် ၀.၄၇ မိုင်ခန့် ရှိသည်။ ကျုံးသည် ပေ ၁၀၀ ခန့်မှ အချို့နေရာများတွင် ပေ ၂၅၀ ခန့်ထိ ကျယ်ဝန်းသည်။ ယနေ့အခါတွင်မူ အင်းဝမြို့သည် ကမ္ဘာလှည့်ခရီးသွားများနှင့် ပြည်တွင်း ဘုရားဖူးများ၏ လာရောက် လေ့လာလည်ပတ်ရာ နေရာ တစ်ခုဖြစ်သည်။

3 comments:

  • July 29, 2010 at 9:16 AM
    စောနန်းမွန် :

    ဗဟုသုတရစရာကို အချိန်ပေးရေးသားပေးလို့ ကျေးဇူး တင်ပါတယ် ကိုသူရိန်ရေ..

  • July 30, 2010 at 7:33 PM
    Anonymous :

့မြန်မါရာဇ၀င်ကိုတိတိကျကျရှိစေချင်ပါတယ်။နောင်လါနောက်သါးတွေ သမိုင်းအစစ်အမှန်ကိုအတတ်နိုင်ဆုံးအမှန်ဆုံးသိဘို့ ဒို့တွေရဲ့နှစ်ထေါင်ချီတဲ့မြို့ပြနိုင်ငံတည်ထေါင်မှု့တွေ ယဉ်ကျေးမှု့တွေကို အထေါက်အထါးအတိအကျနဲ့တတ်နိုင်သလေါက်ဖော်ထုတ်နိုင်ကြပါစေလို့ဆန်ဒပြုပါတယ်။
    ခရီးထွက်တဲ့အချိန်ရှေးဟေါင်းမြို့တွေ အစိတ်အပိုင်းတွေမြင်ရတိုင်း ဒို့နိုင်ငံကိုယ့်တန်ဘိုးရှိတဲ့အမွေတွေကိုစံနစ်တကျ မထိမ်းကြပါလါးဆိုတဲ့ဝမ်းနဲစိတ်ရှိခဲ့ဘူးတယ်။ သမိုင်းဆိုလဲနိုင်ငံခြားသါးနဲ့လက်ဝဲအယူအဆတွေရဲ့လက်ရာကများတယ်။ စံနစ်တကျနဲ့အထေါက်အထါးတွေဖော်ကြရေးကြ လူသိများအေါင်လုပ်ဘို့သင့်ပါပြီ။ တရုပ်သံမှတ်တမ်းကနေ ဟန်လင်းကြီးအကြောင်းတစေ့တစေါင်းဖတ်မိခဲ့ရဘူးတယ်။ ဆက်လက်ဖောထုတ်နိုင်ကြပါစေ။
    သါမန်လူသါး

  • February 27, 2022 at 12:38 AM

    New Jersey casino gets ready for legal gambling - CBS News
    ATLANTIC 안전한바카라사이트 CITY, N.J. — A casino in New 강원랜드여자 Jersey will be able to open 먹튀 신고 its first in-person sportsbook in 엠비 션 주소 New Jersey this week. pci 슬롯