Monday, January 3, 2011

မြန်မာနိုင်ငံ၏ အနှစ်သာရ (၃)

0 comments
ပုဂံခေတ်မှာ ဗုဒ္ဓသာသနာတော် ပြန်လည် ထွန်းလင်းတောက်ပလာခဲ့တယ်။ ယခင် အရည်းကြီးတွေကို ကိုးကွယ် ခဲ့စဉ်က အမျိုးသမီးငယ်လေးတွေရဲ့ ပစ္စုပ္ပန်ဒုက္ခ ပန်းဦးလွှတ်ရခြင်းက ကင်းဝေးခဲ့တယ်။ ပထမမြန်မာနိုင်ငံတော် တခုလုံးရဲ့ ယခုဘဝ မိစ္ဆာဒိဌိအဖြစ်ကို ကာကွယ်ပေးနိုင်ခဲ့တဲ့အတွက် အနာဂတ်ကာလ အပါယ်ကျရမယ့် ဘေးကိုပါ ဖယ်ရှားပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် မြန်မာ့သမိုင်းမှာ အနော်ရထာမင်းကြီးဟာ အလေးအမြတ် အထားရဆုံး မင်းတြားကြီး ဖြစ်ရတာပါ။ သူ့ရဲ့ ကျေးဇူးတရားတွေဟာ မြန်မာနိုင်ငံတနိုင်ငံလုံးအပေါ်မှာ ကြီးမား ခဲ့ပါတယ်။ မွန်လူမျိုး ရှင်အရဟံ ဦးဆောင်တော်မူပြီး ထေရဝါဒ ဗုဒ္ဓသာသနာတော်ကို ပြန့်ပွားစေခဲ့လို့သာ အခုအချိန်မှာ ကျွန်မတို့ မြန်မာနိုင်ငံတွင်းက မျိုးနွယ်ဖွားတွေအနေနဲ့ ဗုဒ္ဓသာသနာတော်ဆိုတဲ့ အေးရိပ် အောက်မှာ ခိုလှုံခွင့်ရနေတာ မဟုတ်ပါလား။



ဗုဒ္ဓသာသနာတော်ဟာ သီလငါးဖြာပေါ်မှာ အုတ်မြစ်တည်ပြီး မေတ္တာတရားနဲ့ လွှမ်းခြုံထားတယ်။ ဘာဝနာ တရားနဲ့ အုပ်မိုးထားပြီး ဒါနတရားနဲ့ ကြမ်းခင်းထားတာဖြစ်ပါတယ်။ ဗုဒ္ဓသာသနာတော် တည်နေတဲ့ အိမ်၊ ရပ်ရွာ၊မြို့၊ နိုင်ငံ ဟာလဲ အဲဒီ့ တရားတွေကြောင့် စစ်မှန်သော အေးချမ်းမှု ရမှာ ဧကန်မလွဲပါ။ အဲဒီ့ ဗုဒ္ဓ သာသနာတော်ကြီးဟာ ကျွန်မတို့ မြန်မာနိုင်ငံမှာ ရှိနေပါပြီ။ ကျွန်မတို့ရဲ့ လိုအပ်ချက်ဟာ ဗုဒ္ဓသာသနာတော်ရဲ့ တကယ့် တရားစစ်စစ်တွေကို လိုက်နာ ကျင့်ကြံဖို့ပဲ ဖြစ်ပါတော့တယ်။ သာသနာတော်ကြီး တည်ရှိနေပြီး မလိုက်နာဘူးဆိုရင် အဲဒီ့ သာသနာရဲ့ တန်ဖိုးဟာ ကိုယ့်ကြောင့် ပျောက်ကွယ်သွားပါလိမ့်မယ်။ အခုကာလ အချိန်တွေကို ညွှန်းဆိုတာထက် အတိတ်ကာလ အချိန်တွေမှာ သာသနာတော်ရဲ့ အကျိုးတရားတွေကို ထုတ်နှုတ်ပေးချင်ပါတယ်။ မြန်မာနိုင်ငံ တနိုင်ငံလုံးဟာ နယ်ချဲ့အင်္ဂလိပ်တွေ မရောက်လာခင်အထိ ဗုဒ္ဓ သာသနာတော်ကို အထူးလေးစားလိုက်နာခဲ့ကြတဲ့ ဗုဒ္ဓသာသနာနွယ်ဝင် တွေနေထိုင်တဲ့ နိုင်ငံ ဖြစ်ပါတယ်။


တချိန်က သူခိုးမရှိတဲ့နိုင်ငံဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံဟာ အခုတော့ ညဘက် သူများမသိအောင် အိမ်ပေါ် တက်ခိုးခြင်းဖြင့် တနည်း၊ လေအေးပေးစက်ရှိတဲ့ အခန်းထဲ ကုလားထိုင်ကြီးပေါ်မှာ မိန့်မိန့်ကြီးထိုင်လို့ တသွယ်၊ ဈေးရောင်းဈေးဝယ်နည်းဖြင့် တဖုံ.. ခိုးနေကြပါပြီ။ ဒါဟာ ဗုဒ္ဓသာသနာ ညှိုးနွမ်းစပြုခဲ့ရတဲ့ နယ်ချဲ့အင်္ဂလိပ် လက်ထက်က အမွေအနှစ် တွေပါ။ အင်္ဂလိပ်တွေက လမ်းတွေ ဖောက်ပေးသွားတယ်ဆိုပြီး ကျေနပ်မနေကြပါနဲ့။ သူတို့စစ်ရေး သူတို့သွားလာရေး သူတို့ စီးပွားရေးအတွက်ပါ။ သူတို့ ချန်ပေးခဲ့တဲ့ အဲဒီ့လမ်းတွေ တံတားတွေ ဟာ သဘာဝဘေးအန္တရာယ်တွေကြောင့် ပျက်စီး သွားနိုင်တဲ့ မြင်ရတဲ့ အမွေအနှစ်တွေပါ။ ဒါပေမဲ့ မမြင်နိုင်တဲ့ အလွယ်တကူလဲ ပျက်စီးမသွားနိုင်တဲ့ ကိုယ်ကျင့်စရိုက် အယူအဆတွေ အများကြီး ကျန်ရစ်နေခဲ့တယ်။ ဒါတွေကို ဖယ်ရှားဖျက်ဆီးပစ်ကြရမှာပါ။ ကောင်းတာကိုယူ ဆိုးတာဖယ်ရှားရမယ်ဆိုတဲ့ သဘောပါပဲ။


မြန်မာလူမျိုးတို့ရဲ့ တိုးတက်ခဲ့ရခြင်းအစဟာ ဗုဒ္ဓသာသနာတော် မြန်မာနိုင်ငံမှာ နေလိုလလို ထွန်းလင်း တောက်ပနေချိန်မှာပါ။ ဒါကြောင့် ဗုဒ္ဓသာသနာတော်သာ မြန်မာနိုင်ငံတွင်းမှာ ပျက်သုဉ်းသွားမယ်ဆိုရင် မြန်မာနိုင်ငံဟာ ချက်ချင်း ဆုတ်ယုတ်သွားမှာ ဖြစ်ပါတယ်။

ကျွန်မရဲ့မိတ်ဆွေ တရားအားထုတ်နေတဲ့ အမေရိကန်နိုင်ငံသားတဦးက ပြောဖူးပါတယ်။ ငါမြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သိပ်မပူပန်ပါဘူး။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဟောကြားထားတဲ့ တရားတွေကို အားထုတ်နေတဲ့ ဆရာတော်ကြီးတွေနဲ့ သူတော်စင်တွေ အများကြီး ရှိနေလို့ပဲ။ သူတို့ရဲ့ မေတ္တာတရားကြောင့် နိုင်ငံဟာ စားစရာမဲ့ သောက်စရာမဲ့ ငါရောက်ခဲ့တဲ့ အာဖရိက က နိုင်ငံတွေ အဖြစ်ကို ဘယ်တော့မှ ရောက်မှာ မဟုတ်ဘူး။ အဲဒီ့သူတော်စင်တွေလိုသာ တနိုင်ငံလုံးက ပြည်သူတွေ ကျင့်ကြံနိုင်ကြမယ်ဆိုရင် နင်တို့ နိုင်ငံ အမြန်ဆုံး အေးချမ်းသွားလိမ့်မယ်။ ငါတို့နိုင်ငံ ဖွံ့ဖြိုးနေတာ အထင်မကြီးနဲ့။ အေးချမ်းပျော်ရွှင်တဲ့ ဘဝ မရှိဘူး။ နင်တို့နိုင်ငံမှာ အေးချမ်းစေတဲ့ တရားစစ်တွေ ရှိလျက်နဲ့ မိုက်မိုက်မဲမဲနဲ့ ပူလောင်မနေချင်ကြပါနဲ့" တဲ့။ အဲဒါသည် သာသနာတော်ရဲ့ အနှစ်သာရစစ်စစ်ကို ကွက်ကွက်ကွင်းကွင်းမြင်သာထင်သာခဲ့ပါတယ်။



အတိတ်သမိုင်းမှာ အာဇာနည် သူရဲကောင်းတွေဟာ သာသနာတော်ကို ထိပါးရင် မခံဘူးဟေ့ဆိုတဲ့ စိတ်ထား၊ အမျိုးကို ထိပါးရင် မခံဘူးဟေ့ ဆိုတဲ့ စိတ်ထားနဲ့ နယ်ချဲ့တွေကို တော်လှန် မောင်းထုတ်ခဲ့ပါတယ်။ ဒါဟာ မြန်မာ့ တော်လှန်ရေးရဲ့ အဓိက ရည်ရွယ်ရာ အမှန်ပါပဲ။ဒါကြောင့် ကိုလိုနီနယ်ချဲ့တွေကို တော်လှန်တိုက်ခိုက် မောင်းထုတ်ပေးခဲ့တဲ့ အာဇာနည်သူရဲကောင်းတွေနဲ့ စိတ်ထားဟာ မွန်မြတ်လှတယ်။ ကြီးကျယ်လှတယ်။ သူရဲကောင်းအဖြစ် မှတ်တမ်းတင်ထိုက်တယ်။ အခုလဲ ကျွန်မတို့တွေ သူတို့ကို စံနမူနာပြုထားကြတယ် မဟုတ်ပါလား။ ဒါကြောင့် သူတို့တော်လှန်တိုက်ခိုက် ယူပေးခဲ့တဲ့ လွတ်လပ်ရေးရဲ့ အဓိက အရာဖြစ်တဲ့ အမျိုး၊ ဘာသာ၊သာသနာတော်ကို စောင့်ရှောက်ဖို့ရာဟာ အင်မတန်မှ အရေးကြီး အရာရောက်လွန်း ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ အဓိက အနှစ်သာရ သာသနာတော်ကို စောင့်ရှောက်ဖို့ရာဟာ ကျွန်မတို့ မြန်မာတမျိုးသားသားလုံးရဲ့ တာဝန်စစ်စစ်ပဲ ဖြစ်ပါတယ်ရှင်။



(မင်းတြားကြီး - ပုဂံခေတ်မတိုင်မီ ကျောက်စာများတွင် သုံးနှုန်းပါသည်။ ကုန်းဘောင်ခေတ်တွင်မူ မင်းတုန်းမင်း အား မင်းတုန်းမင်းတရားကြီး၊ ဘဝရှင်မင်းတရားကြီး ဟု တြားအစား တရားဟု ပြောင်းလဲခေါ်ဆိုသည်။)



စောနန်းမွန်