Thursday, July 15, 2010

ဘယ်မှာလဲ ရွှေပြည်ရယ်......

0 comments

ရွှေမြန်မာနိုင်ငံကြီး သာယာဖို့ လိုအပ်တာ ဒီမိုကရေစီဆိုပါလား........။

နိုင်ငံရေး

ဒီမိုကရေစီဆိုတာ စနစ်တခုပါ။ စနစ်ပြောင်းရုံနဲ့ နိုင်ငံကောင်းမယ်ဆိုတဲ့ စကားကိုတော့ လက်မခံ တာ အမှန်ပဲ။ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ စနစ်မကောင်းတာလား... လူမကောင်းတာလား။ ဒါကို ဒီလို ဆိုမယ်ဆိုရင်တော့ စနစ်လည်း မကောင်း၊ လူလည်း မကောင်းဘူးလို့ ဆိုပါလိမ့်မယ်။ အာဏာရှင် စနစ်ဟာ မကောင်းဘူးပေါ့လေ။ ဒါပေမဲ့ ဒီမိုကရေစီဖြစ်လို့ရော နိုင်ငံကောင်းလာနိုင်ပါ့မလား။ ဒီမိုကရေစီဆိုတာ အလွယ် အရှင်းပြောရရင်တော့ ပြည်သူက ရွေးချယ်တင်မြှောက်တဲ့ ပြည်သူ့အစိုးရပေါ့နော်။ ပြည်သူကိုမှ မလေးစားဘဲ ပြည်သူကို ညံ့တယ်လို့ သတ်မှတ်ထားပြီး ပြည်သူ့အကျိုးအတွက် ဘ၀တွေ ပေးဆပ်တယ်ဆိုတာ သဘာဝ မကျပါဘူး။ ပြည်သူ့အကျိုးသာလိုလားမယ်ဆိုရင် ဘယ်နိုင်ငံရေးစနစ်မှာမဆို နိုင်ငံကို တိုးတတ်ဖွံ့ဖြိုးစေနိုင် ပါတယ်။လူကောင်းဖို့ အဓိကပါ။

ဒီလိုပြောလို့ ခင်ဗျားတို့ ဘာနိုင်ငံရေးအကြောင်းသိလို့လဲ လို့များ မေးမယ်ဆိုရင်.. ငြိမ်းချမ်းရေးလမ်းက ငြိမ်းချမ်းရေးအတွက်ပဲ သိတာပါ... ငြိမ်းချမ်းရေးအတွက်ဆိုလို့ ဘယ်က ငြိမ်းအဖွဲ့လဲလို့လည်း စောဒက မတတ်ပါနဲ့ဦး.. မြန်မာ့သွေးအစစ်၊ မြန်မာ့မာန်အစစ်နဲ့ မွေးဖွားကြီးပြင်းလာတဲ့ မြန်မာနွယ်ဖွားတွေပါ။ ရှင်းရှင်း လေးပဲ ပြောပါမယ်... မြန်မာပြည်သူ မြန်မာပြည်သားတွေပေါ့....

ဘာသာရေး

ထေရ၀ါဒ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံဆိုတဲ့ နိုင်ငံမှာ..... နိုင်ငံသားတွေဟာ မိမိတို့အတ္တ၊ မိမိတို့ဆန္ဒအတွက် ရှေ့တန်းတင်မယ်ဆိုရင် ထေရ၀ါဒ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံဆိုတဲ့ အမည်သညာ ပျောက်ကွယ်သွားပါလိမ့်မယ်. ကိုယ်လိုချင်တာရဖို့ နိုင်ငံကိုတောင် ဘာသာပြောင်းရပါစေဆိုတဲ့ စိတ်ထားနဲ့ နေသူတွေရှိသလို.... နိုင်ငံကနေ ဘာသာပျောက်ကွယ်အောင်လုပ်ချင်သူတွေကလည်း ရှိပါရဲ့။ အကြောင်းက ဗုဒ္ဓဘာသာကြောင့် နိုင်ငံမတိုးတတ် ရတာတဲ့။ တကယ်တော့ ထေရ၀ါဒ ဗုဒ္ဓဘာသာ မဟုတ်တဲ့နိုင်ငံတွေမှာ ဒီမိုကရေစီလို့ ပြောနေပါတယ်။ တိုး တတ်နေပါတယ်။ ဒါပေမဲ့ ရုပ်ပိုင်းဆိုင်ရာ တခုတည်းရဲ့ တိုးတတ်မှုတွေပဲရှိပြီး လူမှုရေးမပြေလည်မှုတွေတအား ကို ကြုံကြရတယ်။ လူတဦးရဲ့ အဓိက လိုအပ်ချက်ဟာ ရုပ်ပိုင်းဆိုင်ရာ တိုးတတ်မှုလား၊ စိတ်ပိုင်းဆိုင်ရာ အေးချမ်း မှုလား.. ဒါလေးတွေကို ရှင်းလင်းရပါမယ်။

အချင်းချင်းပါ

တော်တော်ကို စိတ်မကောင်းစရာပါ။ တချိန်က ဗိုလ်ချုပ်အောင်ဆန်းတို့ တော်လှန်ရေးလုပ်ခဲ့တာဟာ တိုင်း တပါးသားတွေကိုပါ။ တိုင်းတပါးသားတွေကို နိုင်ငံကနေ နှင်ထုတ်ဖို့ တိုင်းရင်းသားတွေ စုပေါင်းပြီး တိုက်ထုတ် နှိမ်နင်းခဲ့ကြပါတယ်။ ဒါပေမဲ့ ကိုယ့်လူမျိုးအချင်းချင်းရဲ့ ပြဿနာကို ကိုယ့်အချင်းချင်း မဖြေရှင်းဘဲ နိုင်ငံတကာမှာ ထုတ်ပြနိုင်ဖို့ အင်္ဂလိပ်စာ အသည်းအသန်သင်ကြတာမျိုးကတော့ ၀မ်းနည်းစရာ။ အပေါ်ယံအရ ကမ္ဘာ့အလယ် ဂုဏ်မတင့်တာ အစိုးရကြောင့်လို့ ပြောလို့ရပါမည်။ အမှန်တကယ် လေ့လာမည်ဆိုရင် လူမျိုးအချင်းချင်း ရန်ဖြစ် တိုက်ခိုက်နေမှုများကြောင့်သာလျှင်ဖြစ်ပါမည်။ ဖြစ်သင့်ဖြစ်ထိုက်သည့် နည်းလမ်းများရှိပါလျက် အပြတ်အသတ် အနိုင်လိုချင်သော လောဘကြောင့် မြန်မာနိုင်ငံ ဆုတ်ယုတ်ရပါတယ်။ မုန်းအားကြီးတဲ့ ဒေါသတို့ကြောင့် မြန်မာ နိုင်ငံဆုတ်ယုတ်ရပါတယ်။

ခေါင်းဆောင်

မြန်မာဆိုတာ အနောက်တိုင်းနိုင်ငံမဟုတ်တဲ့အတွက် အနောက်ကို လွန်စွာ အတုယူလို့ မရပါဘူး။ ခေါင်းဆောင် အဖြစ်တင်မြှောက်ရာမှာ ဖြစ်သင့်ဖြစ်ထိုက် ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းထဲမှာ တခုအပါအ၀င် မဖြစ်မနေ အရာဟာ မြန်မာပြည်သူနဲ့ တသားတည်းရှိနေတဲ့ မြန်မာနိုင်ငံသား၊ မြန်မာတိုင်းရင်းသား လူမျိုး စစ်စစ် ခေါင်းဆောင် တယောက်ယောက်ပါ။ ဒါမှပဲ တိုင်းရင်းသားပြည်သူ၊အစိုးရ၊တပ်မတော် ဒီသုံးရပ်ဟာ ညီမျှတော့ မပေါ့။ ဒါကြောင့် တိုင်းရင်းသားလူမျိုးစုကို ခေါင်းဆောင်နိုင်မယ့် ခေါင်းဆောင်ဖြစ်သင့်သူ ဒီနေ့ ဒီအချိန်အထိ မပေါ်ပေါက်သေးဘူးဆိုတာ သိသာပါပြီ။

ဘာလုပ်မလဲ

ခေါင်းဆောင်ရှိမှ မဟုတ်ဘဲ တိုင်းရင်းသားပြည်သူတရပ်လုံးသာ အမှန်တကယ် စိတ်ထားကောင်းလေးမွေးမယ် ဆိုရင် မြန်မာနိုင်ငံဟာ ရွှေပြည်ဖြစ်လာမှာပါ။ ဒီလိုမှ မဟုတ်ဘဲ ဂဏာန်းတွေလို သွားလာကျင့်ကြံနေသမျှ အမိမြေဟာ ဘာကြီးပဲ ဖြစ်ဖြစ် ရုပ်ပိုင်းသာ တိုးတတ်ပြီး စိတ်ဓါတ်တွေ အောက်တန်းကျလို့ ရွှေပြည်မဟုတ်ဘဲ ဗိုလ်ချုပ်ပြောတဲ့နိုင်ငံဖြစ်သွားပါလိမ့်မယ်။ ယိုးဒယားဘယ်လိုပဲ မြန်မာထက် သာနေပါစေ.. ယိုးဒယားက စိတ်ပိုင်း ဆိုင်ရာ တော်တော်လေး ဆုတ်ယုတ်တဲ့ နိုင်ငံတနိုင်ငံပါ။ အပျော်ရှာချင်တဲ့ ယောက်ျားသားတို့ အလာအများဆုံး နိုင်ငံပေါ့။ ဒါပေမဲ့ အဲဒီ့နိုင်ငံရဲ့ အဲဒီ့နေရာကို သွားကြည့်တဲ့အခါ တွေ့ရတာက မြန်မာမလေးတွေ.....................။

တယောက်နဲ့တယောက် ရန်ဖြစ် ငြင်းခုံနေတာနဲ့ တဖက်ကလည်း ပြည်သူပိုင် သယံဇာတတွေကို ရောင်းစား တယ်။ တဖက်ကလည်း မိမိတို့နိုင်ငံနဲ့ လူမျိုးရဲ့ သိက္ခာကို ဒေါ်လာနဲ့ရောင်းစား.... ဒီလိုဒီလို ရောင်းစားအမြတ် ထုတ်နေတဲ့ကြားမှာ ပြည်သူလူထုတွေ ဒုက္ခရောက်ရတယ်။ အဆိုးဆုံးကတော့ အစိုးရကို တချက်ကလေးမှ မထိခိုက်ဘဲ ပြည်သူကိုသာ ဒုက္ခရောက်စေခဲ့တဲ့ စီးပွားရေးပိတ်ဆို့မှု။ လုပ်သူတွေများရှိရင် ပြောပြကြပါ.. စီးပွား တွေ ပိတ်ဆို့လိုက်လို့ သင်တို့ရဲ့ ရန်သူလို့ အမည်တပ်ထားတဲ့ စစ်အစိုးရ ဘာများ ဒုက္ခကြီး ရောက်သွားပါသ လဲ။ အသိစိတ်လေးနဲ့ ပြန်စဉ်းစားမယ်ဆိုရင် အကောင်းဆုံးလမ်းဟာ ပြည်သူရဲ့ အသိဉာဏ်ဖွံ့ဖြိုးစေမယ့် ပညာ ရေးစောင့်ရှောက်မှု၊ ပြည်သူကို သက်ရှည်ကျန်းမာစေမယ့် ကျန်းမာရေးစောင့်ရှောက်မှု၊ ပြည်သူကို စိတ်ချမ်း သာစေမယ့် ဘာသာရေးစောင့်ရှောက်မှု၊ ပြည်သူကို ကြီးပွားစေမယ့် စီးပွားရေးလမ်းစရှာပေးမှုတွေ၊ နဲ့ ပြည်သူ တွေကို ဘက်စုံ ဖွံ့ဖြိုးတိုးတတ်စေမယ့် လူမှုရေးစောင့်ရှောက်မှုတွေ... ဒါတွေက အဓိက ပါ။

နိုင်ငံကိုချစ်တယ်ဆိုတာ

နိုင်ငံကိုချစ်တယ်ဆိုတာ နိုင်ငံရဲ့အနေအထားပေါ်မှာ လိုက်ပြီး လိုအပ်ချက်ကို ဖြည့်ဆည်းတတ်တာ.. ကိုယ် ဖြည့်ဆည်းတာသည်လည်း လက်တွေ့အကျိုးရှိတာပါ။ မဟုတ်ရင်တော့ ကိုယ့်အတ္တအတွက် ကိုယ်လိုချင်တာ ရဖို့ အတွက် နိုင်ငံအတွက်ဆိုတာမျိုး အမည်တပ်တာကတော့ နိုင်ငံကို ချစ်တယ်လို့ မမည်ပါဘူး။

အားလုံးပဲ ရွှေပြည်ကို အရောက်လှမ်းဖို့ စိတ်ဓါတ်လေးတွေ ပြုပြင်ကြစို့ရယ်။

ငြိမ်းချမ်းရေးလမ်း အဖွဲ့သားများ

0 comments: