Monday, July 19, 2010

မမေ့ပါနိုင် ၁၉ ဂျူလိုင်

0 comments

၁၈၈၅က နိုဝင်ဘာလရဲ့ နောက်ဆုံးနေ့ရက်များဟာ မြန်မာ့ပဒေသရာဇ်နိုင်ငံတော်အတွက် နောက်ဆုံးနေ့ရက် တွေလို့ခေါ်ရင်လည်း မမှားနိုင်ပါဘူး။ လွန်စွာကြီးမြတ်တန်ခိုးထွားခဲ့တဲ့ နိုင်ငံတော်ကြီးတခု နယ်ချဲ့ကိုလိုနီတို့ လက်အောက်မှာ ကျရှုံးခဲ့ရတဲ့ ကာလပေါ့။ မြင်စိုင်းမင်းသားသတိုးမင်းရဲရှိန်က စပြီး လင်းပင်မင်းသားကြီး၊ သျှမ်းစော်ဘွားများနဲ့ ရွှေဂျိုးဖြုမင်းသား၊ ချင်းခေါင်းဆောင်တွေ ဦးဆောင်တော်လှန်ခဲ့ကြတဲ့ ကိုလိုနီနယ်ချဲ့ တော်လှန်ရေးကြီး စတင်ခဲ့ပါတယ်။

နယ်ချဲ့ အုပ်စိုးမှုကို တွန်းလှန်ခဲ့ရာမှာ တိုင်းရင်းသား ခေါင်းဆောင်မျိုးချစ် သူရဲကောင်း အမြောက် အများဟာ
ဆိုင်ရာ မိမိတို့ဒေသတွေအလိုက် လွတ်လပ်ရေးရဖို့အတွက် ရရာလက်နက်စွဲကိုင်လို့ တိုက်ပွဲဝင်ခဲ့ကြတယ်။

တော်လှန်ရေးကာလရဲ့ နေဝင်ချိန် လွတ်လပ်ရေး ရောင်ခြည်သန်းတော့မယ့်ကာလမှာ တနိုင်ငံလုံး အတိုင်း အတာနဲ့ လွတ်လပ်ရေးယူဖို့ ကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင်ကြီးတဦးပေါ်ထွက်လာတယ်။ သူဟာ အောင်ဆန်းတဲ့။ ကျောင်းသားဘဝက ကိုအောင်ဆန်း၊ တို့ဗမာအစည်းအရုံးက သခင်အောင်ဆန်း၊ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်အောင်ဆန်း၊ တပ်မတော် ဖခင် ဗိုလ်ချုပ် အောင်ဆန်း …. သူဟာ မြန်မာတနိုင်ငံလုံးရဲ့ လွတ်လပ်ရေးဖခင် ဖြစ်ခဲ့ပါတယ်။ သူနဲ့အတူ ကချင်၊ သျှမ်း၊ ချင်း၊ဗမာ၊မွန်၊ ရခိုင် စတဲ့ တိုင်းရင်းသားခေါင်းဆောင်တို့ ပူးပေါင်း ပါဝင်ခဲ့ကြတယ်။( ခြွင်းချက်အနေနဲ့ ကရင်တွေဟာတော့ မပါဝင်ခဲ့ပါဘူး။ )

ဦးအောင်ဆန်းဟာ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် လက်နက်ကိုင် တော်လှန်တိုက်ခိုက်တဲ့ အပြင် တနိုင်ငံလုံး အတိုင်းအတာနဲ့ လွတ်လပ်ရေးပန်းတိုင်ကို အရောက်လှမ်းနိုင်အောင် နိုင်ငံရေးနည်းဗျူဟာကိုပါ အသုံးပြုခဲ့တဲ့ ပထမဆုံးသော ခေါင်းဆောင်တယောက်ပါ။ သူတို့တွေ ပူးပေါင်းကြိုးပမ်းမှုရဲ့ ရလာဒ်ဟာ ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီ လ ၄ ရက်နေ့မှာ အဖြေထွက်ခဲ့ရပါတယ်.. ဒါပေမဲ့ သူတို့တွေဟာတော့…………………………….


၁၉၄၇ ------------- ဂျူလိုင်လ ၁၉ ရက်နေ့

မြန်မာတမျိုးသားလုံးရဲ့ ရင်တွင်းကို ပူလောင်စေခဲ့တဲ့နေ့ …. မြန်မာတည်သရွေ့ ဘယ်တော့မှ မမေ့နိုင်တဲ့နေ့.. ဒီနေ့ဟာ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်(၉)ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့နေ့ပါ။ နိုင်ငံအပေါ် လွန် စွာ ကျေးဇူးကြီးမားတဲ့ တပ်မတော်ကို တည်ထောင်ပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း(သခင်အောင်ဆန်း) နှင့် တကွ သော အာဇာနည်ကြီးများ ကျဆုံးခဲ့ရတဲ့ ဒီနေ့ဟာ မြန်မာအမျိုးသားထုအတွက်သာမက ကမ္ဘာအတွက်ပါ ဝမ်းနည်းဖွယ်နေ့တနေ့ဖြစ်ကြောင်း ကို မဟတ္တမဂန္ဓီက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ကျဆုံးခဲ့တဲ့ အာဇာနည် (၉)ဦးဟာတော့

ဗိုလ်ချုပ်အောင်ဆန်း - ၁၉၁၅ ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် မကွေးတိုင်း၊ မကွေးခရိုင်၊ နတ်မောက်မြို့္ပ၌ မွေးဖွားခဲ့သည်။ မိဘများမှာ ရှေ့နေဦးဖာနှင့် ဒေါ်စုဖြစ်သည်။ ငယ်နာမည်မှာ မောင်ထိန်လင်းဖြစ်သည်။ ၁၉၃၇ ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အတွင်းရေးမှူးဘဝမှ စတင်၍ နိုင်ငံရေးလောကထဲသို့ ဝင်ရောက်လာခဲ့ပြီး BIA (Burma Independence Army) ကို ထူထောင်ခဲ့သော မြန်မာ့တပ်မတော်ဧ။် ဖခင်ပင် ဖြစ်သည်။ ၁၉၄၇ တွင် ဝန်ကြီးချုပ်အဖြစ် နိုင်ငံ့တာဝန်ကို ထမ်းဆောင်ခဲ့သည်။

ဦးဘဝင်း - ၁၉၀၁ ခုနှစ် ဂျွန်လ ၁၁ရက်တွင် မွေးဖွားခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း၏ အစ်ကိုကြီးဖြစ်သည်။ ဖဆပလ ဖွဲ့စည်းချိန်တွင် ရေနံချောင်း ဖဆပလ ဥက္ကဌ အနေဖြင့် နိုင်ငံရေးလောကသို့စတင်ရောက်ရှိခဲ့သည်။ ၁၉၄၇ တွင် ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအဖြစ် နိုင်ငံ့တာဝန်ကို ထမ်းဆောင်ခဲ့သည်။

သခင်မြ- ၁၈၉၇ အောက်တိုဘာ ၇ ရက်တွင် ပြည်ခရိုင်၊ ထုံးဘိုမြို့၌ မွေးဖွားခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် ဗတလစ (ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားအစည်းအရုံး) တွင် ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၇ ၌ ပြည်ထဲရေး ဝန်ကြီးအဖြစ် နိုင်ငံ့တာဝန်ကို ထမ်းဆောင်ခဲ့သည်။

မန်းဘခိုင် - ၁၉၀၃ အောက်တိုဘာ ၁၆ ရက်နေ့တွင် ဟင်္သာတခရိုင်၊ ယုန်တလင်းရွာ၌ မွေးဖွားခဲ့သည်။ ၁၉၃၇ တွင် မအူပင် မြောက်ပိုင်း ကြားရွေးကောက်ပွဲတွင် ပြိုင်ဘက်မရှိ အမတ်အဖြစ် ရွေးချယ်ခံရသည်။ ကရင်-ဗမာ ချစ်ကြည်ရေးအတွက် အထူးကြိုးပမ်းခဲ့သည်။ ၁၉၄၄ ခုနှစ်တွင် ယုန်တလင်းရွာကို အခြေခံ၍ ဖက်ဆစ် ဂျပန်ကို တွန်းလှန်ခဲ့သည်။ ၁၉၄၆ စက်တင်ဘာလတွင် စက်မှုလက်မှုနှင့် အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးအဖြစ် နိုင်ငံ့ တာဝန်ကို ထမ်းဆောင်ခဲ့သည်။

ဒီးဒုတ်ဦးဘချို - ၁၉၈၃ ဧပြီ ၂၃ ရက်နေ့တွင် မြောင်းမြမြို့၌ မွေးဖွားခဲ့သည်။ ၁၉၂၀ ကျောင်းသားသပိတ်တွင် အမျိုးသားကောလိပ် ကျောင်းဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၂၅ တွင် ဒီးဒုတ်ဂျာနယ်ကို ထုတ်ဝေခဲ့သည်။ တိုင်းပြုပြည်ပြု လွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေး ကော်မတီဝင်အဖြစ် နိုင်ငံ့တာဝန်ကို ထမ်း ဆောင်ခဲ့သည်။

စောဝ်စံထွန်း - မိုင်းပွန် စော်ဘွားကြီး စပ်ခွန်ထီးနှင့် မြောက်နန်းဆောင် မဟာဒေဝီ နန်းစိန်ဥ တို့၏ သား စပ်စံထွန်းသည် ၁၉ဝ၇ မေလ ၃၁ ရက်နေ့ဖွား ဖြစ်သည်၊ ၁၉၂၈ ခုတွင် စော်ဘွား အဖြစ် ခံယူ လိုက်၍ မိုင်းပွန် စော်ဘွားကြီး ဖြစ်လာသည်။ ၁၉၂၀-၀ါဆိုလဆန်း ၁၁-ရက်နေ့တွင် အခမ်းအနား ဖြင့်စော်ဘွား ရာထူးဆက်ခံရ သည်မှ မိုင်းပွန်စော်ဘွားဟု အမည်တွင် လေတော့သည်၊ တောင်တန်းနှင့် မြေပြန့် သွေးခွဲ၍ အုပ်ချုပ် သည်ကို မလိုလား၍ မြေပြန့်နှင့် တောင်တန်း စည်းလုံး ညီညွတ်ရေး အတွက် လုံးပမ်းခဲ့သူ ဖြစ်သည်။ တောင်တန်း ဒေသရေးရာ ဝန်ကြီး အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး တိုင်းပြု ပြည်ပြု လွှတ်တော်၏ ပြည်ထောင်စုနှင့် ပြည်နယ် ဆိုင်ရာ ဆပ်ကော်မတီ၊ လူနည်းစု ဆိုင်ရာဆပ်ကော်မတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး ကော်မတီ များတွင် အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။

ဦးရာဇတ် - ၁၈၉၈ ဇန်နဝါရီလ ၂၀ရက်နေ့တွင် မိတ္ထီလာမြို့၌ မွေးဖွားခဲ့သည်။ ၁၉၂၀တွင် ရန်ကုန်ကောလိပ် သပိတ်မှောက်ကျောင်းသားဖြစ်ခဲ့သည်။ ၁၉၂၁ တွင် မန္တလေး ဗဟိုအမျိုးသား အထက်တန်းကျောင်းကို ဖွင့်လှစ် ခဲ့သည်။ ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာန ဝန်ကြီးအဖြစ် နိုင်ငံ့တာဝန်ကို ထမ်းဆောင်ခဲ့သည်။

ဦးအုန်းမောင် - ၁၉၁၃ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မင်းဘူးမြို့၌ မွေးဖွားခဲ့သည်။ ၁၉၄၇ တွင် မြစ်ကြီးနား အရေးပိုင်အဖြစ် ပြည်နယ်စည်းရုံးရေး တာဝန်များကို ထမ်းဆောင်ခဲ့သည်။ လမ်းပန်းဆက်သွယ်ရေးနှင့် သယ် ယူပို့ဆောင်ရေးဌာန အတွင်းဝန်အဖြစ် ခန့်အပ်ခံခဲ့ရသည်။

ရဲဘော်လေးကိုထွေး - ၁၉၂၉ တွင် မန္တလေးမြို့ တောင်ပြင် သိပ္ပံရပ်၌ မွေးဖွားခဲ့သည်။ ၁၉၄၇ တွင် ပညာရေး ဝန်ကြီး ဦးရာဇတ်ဧ။် သက်တော်စောင့်အဖြစ် ခန့်အပ်ခံရသည်။ (လုပ်ကြံခံရ၍ သေဆုံးချိန်တွင် အသက် ၁၈ နှစ်သာ ရှိသေးသည်။

အာဇာနည်နေ့မှာ သားနှစ်ဦးကို တပြိုင်နက် ဆုံးရှုံးခဲ့ရသူကတော့ ဦးဘဝင်းနဲ့ ဦးအောင်ဆန်းတို့ရဲ့ မိခင် အမေစု(ဒေါ်စု) ပဲ ဖြစ်ပါတယ်။ အာဇာနည်နေ့အမှတ်တရအနေနဲ့ အမေစုပြောခဲ့တဲ့ စကားလေးကို ထပ်မံ ဖော်ပြလိုပါတယ်။

“ကျူပ်သားဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ဒီလိုသတ္တိကြောင်တဲ့ အမှုမျိုးကို ငယ်ငယ်ရွယ်ရွယ်ကလေးဘ၀ ကပင် ရှုတ်ချခဲ့တဲ့လူ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်က မျိုးချစ်ခေါင်းဆောင်ကြီး ဦးစောကို မသမာသူတို့ ချောင်း မြောင်းပြီး သေနတ်နဲ့ပစ်စဉ်က ဗိုလ်ချုပ်ကိုယ်တိုင် အများကြီး ကဲ့ရဲ့ ရှုတ်ချတဲ့စကားတွေကို ပြောခဲ့ပါတယ်။ ဟိုတုန်းက ဗိုလ်ချုပ်ဟာ နယ်လှည့်ရင်း ကျုပ်ထံဝင်ပြီး ကန်တော့သွားတယ်။ အဲဒီ့တုန်းက ကျုပ်က စိုးရိမ်လွန်း လို့ ‘ သားရယ်… လူဆိုတာ အထက်ရောက်နေရင် သူတပါးက မနာလိုလို့ မကောင်းကြံစည်တာမျိုး ခံရတတ် တယ်။ အစစအရာရာ သတိထားပါသားရယ်’ လို့ ပြောမိပါတယ်။ ဒီတော့ ကျုပ်သားက --- ဒါကတော့ ဘုရား တောင် အတိုက်အခံရှိသေးတာပဲ။ ကိုယ်ကသာ လမ်းမှန်ကနေပြီး မှန်တဲ့အလုပ်ကို လက်ကိုင်ထားရင် ဘာမှ ကြောက်စရာမလိုပါဘူး အမေရယ်။ မစိုးရိမ်ပါနဲ့။ စစ်တိုက်နေတုန်းကတောင် မသေခဲ့သေးတာ။ အခု တိုင်းပြည်နဲ့ လူထုဟာ အရင်လို မဟုတ်တော့ပါဘူး။ အကောင်းအဆိုး ဝေဖန်တတ်ပါပြီလို့ အားရ ပါးရ ရယ်ရယ်မောမောနဲ့ ပြောသွားခဲ့ပါတယ်။

အခုတော့ ကျုပ်သား ကိုအောင်ဆန်းဟာ သူအလွန် မုန်းတီးရွံရှာတဲ့ လုပ်ကြံနည်းကြောင့် ကွယ်လွန်သွားရရှာပြီ။ ကျုပ်မှာချင်တာကတော့ သူ့ကို လေးစားကြသလို ခေါင်းဆောင်မျာဲး့ ညွှန်ကြားချက်ကို ပြည်သူလူထုက ယုံယုံ ကြည်ကြည် လေးလေးစားစားနဲ့ လိုက်နာပြီး မိမိတို့လိုလားတဲ့ခရီးကို ရောက်အောင် ဆောင်ရွက်ကြဖို့ပါပဲ။ အဲဒီလို ဆောင်ရွက်လို့ ရည်ရွယ်ချက်ကိုရောက်ကြပြီဆိုရင် အဒေါ့်မှာ ခံစားရတဲ့ သားနှစ်ယောက်ဆုံးရတဲ့ အပူ မီးဟာ ငြိမ်းတန်သလောက် ငြိမ်းပါလိမ့်မယ်…။”

အမေစုရဲ့ ပြည်ချစ်သားနှစ်ယောက် ဆုံးရှုံးခဲ့ရတဲ့ အပူမီးကို မြန်မာပြည်သူတွေ ငြှိမ်းပေးခဲ့ပြီလား။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ယုံကြည်ထိုက်တဲ့ ပြည်သူလူထုဖြစ်ကြပြီလား။ အမိမြေကို ချစ်တယ်ဆိုသူ အားလုံးဟာ ကိုယ့်ကိုကိုယ် ပြန်သုံးသပ် စဉ်းစားဖို့ အချိန်တန်လာပါပြီ။ ဗိုလ်ချုပ်ကို ချစ်ရင် တိုင်းပြည်ကို ချစ်ရင် ဘာတွေ ဘယ်ဟာအရေးအကြီးလဲဆိုတာ....။ တိုင်းပြည်နိုင်ငံအတွက် အများကြီးပေးဆပ်ခဲ့ပြီး ဘာတခုမှ မယူသွားနိုင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ မြန်မာ့လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ခဲ့ကြသူ သူရဲကောင်းအားလုံးတို့အား ကျွန်ုပ်တို့ ပြုသမျှ ကုသိုလ်ကောင်းမှုတို့အား အမျှဝေရင်း ကျေးဇူးရှင်ကြီးများ ဖြစ်စေချင်တဲ့ တိုင်းပြည်အဖြစ် နောက် ဆယ်စုနှစ် ၂ ခုအတွင်း ဖြစ်ရပါမယ်ဆိုတဲ့ ကတိအထူးကို ပေးလိုက် ပါတယ်။

နေသူရိန်




0 comments: