Wednesday, October 13, 2010

လွတ်လွတ်လပ်လပ်ပေးရမှာလား။

3 comments

ရွေးကောက်ပွဲကြီး စတော့မယ်။

သိပ်ကို စိတ်လှုပ်ရှားရတဲ့ အရာကြီးပါပဲ။ မကြာခင်မှာ မဲပေးရတော့မယ်။ အဲဒီ့နေ့ရောက်ဖို့အတွက် သိပ်ကို မျှော်လင့်ခဲ့ရသလို ကြောက်လဲ ကြောက်လန့်နေမိတယ်။ မျှော်လင့်ရတာကတော့ အားလုံးလိုချင်တဲ့ အပြောင်း အလဲ။ ကြောက်နေရတာတော့ အချက်နှစ်ခု ရှိတယ်။ အမျိုးမျိုးသော ဆန္ဒတွေနဲ့ ပြည်သူတွေ အများစုရှိနေတဲ့ မဲရုံတွေမှာ ဖောက်ခွဲမှုတွေ ဖြစ်လာမှာပါ။ (ဘယ်သူတွေကပဲ များသောအားဖြင့် လုပ်တတ်ကြ တယ်.. ဘယ်လို သတင်းကို အလှည့်အပြောင်းလုပ်တတ်တယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။) နောက်ထပ်တခုကတော့ မဲပေးရမှာတော့ ဟုတ်ပါပြီ။ ပြည်သူတွေကလဲ အကောင်းဆုံးရွေးချယ်ဖို့ စိတ်ဆုံးဖြတ်ပြီးပါပြီ။ ဘယ်သူ့ကို ရွေးရမယ်မှန်းလဲ သိနေပါပြီ။ ဒါပေမဲ့ လွတ်လွတ်လပ်လပ်ရော မဲပေးခွင့် ရမှာလား? နိုဝင်ဘာ (၇) ရက်နေ့ဟာ နိုင်ငံတော်အတွက် အလှည့်အပြောင်းတခုဖြစ်သလို ကျွန်မတို့ ပြည်သူတွေ မညံ့ဘူးဆိုတာ ပြသရမယ့် နေ့ရက်ပါ။ အာဏာရှင်လက်အောက်မှာ နှစ်ပေါင်း ၂၀ ကျော် နေခဲ့ရတာဟာ ပြည်သူတွေက နိုင်ငံရေး စိတ်ဝင်စားမှု မရှိတာကြောင့်နဲ့၊ သူတို့ကို ဦးဆောင်တယ်ဆိုပြီး နာမည် ခံထားသူတွေရဲ့ ညံ့ဖျင်းမှုတွေကြောင့် ပါ။ ပြည်သူတွေမှာ အဲဒီ့ဦးဆောင်သူဆိုသူတွေကို ဖယ်ထုတ်ပြီး မိမိကိုယ်ကို ဦးဆောင်နိုင်တဲ့ စွမ်းအားရှိပါတယ်။ နှစ် (၂၀)ကျော်ဆိုတဲ့ တော်လှန်ရေးဟာ ပြည်သူတွေရဲ့ တော်လှန်ရေး မဟုတ်ခဲ့တဲ့အတွက် ရှုံးနိမ့်နေခဲ့တာပါ။ ပြည်သူတွေဟာ (၈၈၈၈) ရဲ့ အနိဌာရုံတွေကြောင့် တော်လှန်ရေး ဆိုတာကြီးကို စိတ်ပျက်နေကြသူတွေ...။ စစ်တပ်ကလဲ သေနတ်နဲ့ ပစ်သတ်တယ်။ တဖက်ကလဲ ခေါင်းဖြတ်သတ်တယ်။ ဒါတွေကို ကျွန်မတို့တွေ ကြောက်လန့်လွန်းပါပြီ။ ဒါကြောင့် ဒီတကြိမ်တော့ ပြည်သူတွေ ကို အဲလိုမလုပ်နဲ့.. ကောင်းလာမှာ မဟုတ်ဘူး.. ငါတို့ပြောသလိုလုပ်.... မဟုတ်ရင် ဆုံးရှုံးမှုတွေ အများကြီးနဲ့ ကြုံရလိမ့်မယ်။ ငါတို့က မင်းတို့ထက် ပိုသိပါတယ်။ ငါတို့က တော်လှန်ရေးလုပ်လာတာ.. ဘယ်နိုင်ငံက ဘယ်နိုင်ငံရေးစာပေတွေကို ဖတ်ပြီး ဘယ်လိုလေ့လာထားတာ။ ဘယ်နိုင်ငံက ဘယ်လိုအတွေ့အကြုံတွေ ရှိထားတာ.. ဆိုတဲ့စကားတွေကို ရပ်လိုက်ဖို့ ပြည်သူတယောက်အနေနဲ့ပဲ တောင်းပန်ပါတယ်။

ပြည်သူတွေကိုယ်တိုင် ဒီတကြိမ်တော့ ရွေးချယ်ခွင့် ရှိပါရစေ။ ဆန္ဒပြရင် ပြည်သူတွေ သေနတ်နဲ့ ပစ်ခံရမယ်။ ရိုက်နှက်ခံရမယ်။ စစ်တပ်က လုပ်ဦးမှာပါပဲ။ ဒါပေမဲ့ ရွေးကောက်ပွဲမှာ မဲပေးလို့ လွတ်လပ်စွာ ပေးခွင့်မရဘူး ဆိုရင် အခုခေတ်ကာလဟာ သတင်းအမှောင်ချလို့ရမယ့်ခေတ်မဟုတ်ပါဘူး။ ဆန္ဒပြလို့ လူတွေ အရင်သေပြီးမှ ကမ္ဘာ့ကုလသမဂ္ဂကို အသနားခံပြီး ပိုက်ဆံတွေ လိမ်သုံးကြဦးမလို့လား။ မဲတွေ လွတ်လပ်စွာပေးခွင့်မရှိဘူးဆိုရင် သူတို့ပြဌာန်းထားတဲ့ ဥပဒေကိုလဲ သူတို့ချိုးဖောက်ပြီ။ နိုင်ငံတကာကို အားကိုးချင်ကြတဲ့လူတွေကလဲ အဲဒီ့အချိန် မှာ နိုင်ငံတကာကို စွက်ဖက်ခွင့်ပေးလို့ရတဲ့အချိန်ဖြစ်ပါပြီ။ ၁၉၉၀ တုန်းကလဲ ရွေးကောက်ပွဲလုပ်ပေးမယ်ဆိုပြီး ရလာဒ်ကို အကောင်အထည်ဖော်မပေးခဲ့ဘူး။ ဒီ့အတွက် ၂၀၁၀ကိုလဲ မယုံဘူးဆိုတာဟာ သိပ်ပြီး လက်တွေ့ မဆန်သေးပါဘူး။ အခုရွေးကောက်ပွဲရလာဒ်ကို အကောင်အထည်ဖော်ပေးမှာပါ။ ၂၅ ရာခိုင်နှုန်းကိုင်ထားပြီး ဖြစ်တာမို့ သူတို့တွေ မကြောက်ကြပါဘူး။ အလုပ်တူတူတွဲလုပ်တဲ့အခါကျမှ ပြည်သူ့သားတွေဖြစ်တဲ့ ၂၅ ရာခိုင်နှုန်းကို စည်းရုံးယူလို့ရပါတယ်။ အခုအချိန် ဘာလို့ ပြည်သူ့သားတွေဖြစ်တဲ့ စစ်သားတွေ ဆိုးသွမ်းနေလဲဆိုတော့ တရားခံဟာ သူတို့ကို သတ္တဝါဆိုးကြီးတွေလို အမြဲကြည့်နေတဲ့မျက်လုံးတွေကြောင့်လို့ ကျွန်မ မြင်ပါတယ်။ လိမ္မာချင်တောင် ငါ့ကို ယုံမှာ မဟုတ်ပါဘူးဆိုပြီး ဆက်ဆိုးသွမ်းနေသူတွေ အများကြီးပါ။ ဒါပေမဲ့ ၁၉၉၀ ရွေးကောက်ပွဲလို အာဏာကိုယ့်လက်ထဲ မရောက်သေးဘဲ လက်ရှိအာဏာပိုင်တွေကို တရားစွဲမယ် ဆိုတဲ့ လုပ်ရပ်မျိုးဟာ အင်မတန်မှ ထိတ်လန့်စရာ ကောင်းတဲ့ မဆင်မခြင်လုပ်ရပ်ပါပဲ။ အဲဒီ့လို လုပ်ရပ်မျိုးကိုတော့ လွှတ်တော်မှာ ပါလာမယ့် အတိုက်အခံပါတီတိုင်း အတုယူဆင်ခြင်ရပါလိမ့်မယ်။

အဓိက ကျွန်မပြောချင်တဲ့ ကိစ္စရပ်ကတော့ လွတ်လပ်စွာမဲပေးခွင့်ဟာ ပြည်သူတွေနဲ့ ပြည်သူတွေ ပြုလုပ်နိုင်ကြောင်း အသိပေးသူတွေရဲ့ လက်ထဲမှာ ရှိပါတယ်။ မဲရုံတွေမှာ ပြည်သူတွေထဲက အချို့ သွားရောက် စောင့်ကြည့်ပေးမယ်ဆိုရင်... အထူးသဖြင့် ဒီနေရာမှာ အားကိုးရမှာ NLD ပါတီရဲ့ လူငယ်တွေပါ။ ပါတီအနေနဲ့ ရွေးကောက်ပွဲကို မထောက်ခံပေမဲ့ လျစ်လျူမရှုဘူးဆိုရင်ပေါ့။ ပြည်သူတွေ... ငါတို့ကို မထောက်ခံတော့ရင် မင်းတို့အတွက် ဘာမှ မလုပ်ပေးနိုင်တော့ဘူးဆိုတဲ့ စိတ်ထားမျိုးတော့ NLD လူငယ်တွေမှာ မရှိလောက်ပါဘူး။ ပြည်သူ့အကျိုးကို ပြည်သူတွေဆန္ဒနဲ့ ရွေးချယ်လိုက်တဲ့ အလုပ်တခုမှာ ကူညီပေးဖို့အတွက် ဒီနေရာကနေပဲ မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်မတို့ ပြည်သူတွေကို NLD လူငယ်တွေနဲ့ တကွ အခြားပြည်သူ့အကျိုးကို ထမ်းရွက်ချင်တဲ့ လူငယ်၊ လူလတ်၊ လူကြီး တွေက ပြည်သူတွေ လွတ်လပ်စွာမဲပေးနိုင်ဖို့ မဲရုံတွေရဲ့ တရားမျှတမှု မမျှတမှုတို့ကို ကြည့်ရှုပေးစေလိုပါတယ်။ စစ်အစိုးရကဖြစ်ဖြစ်၊ အခြားပါတီတခုကပဲဖြစ်ဖြစ်... မမျှမတ လုပ်ပြီဆိုရင် တိုင်ကြားဖို့အတွက် မှတ်သားထားကြပြီး နိုင်ငံတော်ရဲ့ စစ်မှန်တဲ့အပြောင်းအလဲ ဖြစ်ရအောင် လုပ်ဆောင်ကြပါစို့...။ ကျွန်မတို့မလုပ်ဘဲ အချင်းချင်း လက်မခံဘူး လက်ခံတယ် ငြင်းခုံနေရင်းနဲ့ တိုင်းပြည်ချောက်ထဲ ကျသွားပါလိမ့်မယ်။ လက်ခံခံ မခံခံ... ပြီးမြောက်အောင် ပြုလုပ်မယ့်ရွေးကောက်ပွဲမှာ နိုင်ငံသားတိုင်း လွတ်လွတ်လပ်လပ်မဲပေးခွင့်ရတဲ၊့ နိုင်ငံသားတွေ ရင်ထဲကနေ အစစ်အမှန်ရွေးချယ်လိုက်တဲ့ ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေအတွက် ကျွန်မတို့ ကူညီမှ မြန်မာနိုင်ငံသားဖြစ်ရကျိုး နပ်မယ်လို့ ယုံကြည်ပါတယ်။


စောနန်းမွန်

3 comments:

  • October 14, 2010 at 1:08 AM

    အတိုင်းအတာ တစ်ခုတော့ လွတ်လပ်မှုရှိမယ်လို့ မျှော်လင့်ပါတယ်၊ အပြည့်အဝတော့ မဖြစ်နိုင်ပါဘူး၊ အထူးသဖြင့် မြို့ပြနဲ့ အလှမ်းဝေးတဲ့ ကျေးလက်ဒေသ တွေကို စိတ်မချပါဘူး၊ ခက်တာက ကျွန်တော်တို့ နိုင်ငံရဲ့ လူဦးရေ အများစုဟာလည်း ကျေးလက်ဒေသ မှာ နေထိုင်သူတွေပါ၊ စဉ်းစားစရာပါပဲ၊ မြို့ပြဒေသ တွေမှာတော့ အတော်လေး Free and Fair ဖြစ်အောင် လုပ်ပြကြပါလိမ့်မယ်။

    အများစု လက်ခံနိုင်လောက်တဲ့ အတိုင်းအတာ မဖြစ်ခဲ့ရင် အပြောင်းအလဲတွေ ဖြစ်သွားနိုင်တယ်ဆိုတာ သူတို့လည်း သဘောပေါက်ပါတယ်။

  • October 14, 2010 at 2:56 AM
    Anonymous :

    (၁) ဒီရွေးကေါက်ပွဲဟါ၉၀လိုဘဲဖြစ်သွါးမယ်ဆိုတဲ့သူတွေဟါ နိုင်ငံရေးအသိအမြင်တွင်မကဘူုး သါမန်အဆင့်ဥာဏ်ရေဥာဏ်သွေး မရှိသူတွေလို့သတ်မှတ်နိုင်ပါတယ်။ အကြောင်းက ၉၀ ဖြစ်ခဲ့တဲ့ဟါစစ်စစ်ပေါက်ပေါက်လိုက်ကြည့်ရင် သိပါလိမ့်မယ်။ အခြေခံဥပဒေဆွဲဘို့နဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် ရေးမထါးတဲ့ညှိနှိုင်းမှု့တွေလုပ်ဘို့ လမ်းကြောင်းပါ။ သို့သော်ထိပ်တိုက်ရင်ဆိုင်ရေးနဲ့အကြွင်းမဲ့အါဏါရရေးသါအဓိကထါးခဲ့တဲ့အတွက် နောက်မသိမသါကေါ သိသိသါသါကေါတပ်မတော်ရဲ့ရပ်တည်မှု့နဲ့တါဝန်ရှိသူ
    များကိုခြိမ်းခြောက်မှု့များက ယနေ့ဇတ်လမ်းကိုပို့ပေးတါဖြစ်ပါတယ်။
    (၂)ငါအန်အယ်ဒီဆိုပြီးကြွစေါင်းစေါင်းနဲ့မထိလေးစါးလုပ်တဲ့ဇတ်လမ်းတွေလဲအတော်များခဲ့ပါတယ်။ သက်ဆိုင်သူများသိပါလိမ့်မယ်။ အဲဒီလိုလူတွေများအါဏါရသွါးရင်လက်ရှိစစ်တပ်ထက်ပိုဆိုးမယ်လို့ကြုံခဲ့ရတဲ့ခံစါးမှု့လေးများရှိကြသူအတော်များပါတယ်။
    (၃) လက်နက်ကိုင်သူပုန်များရဲံပြသနာကိုဘယ်လိုဖြေရှင်းမလဲဆိုတဲ့ပြသနာနဲ့တိုင်းပြည်ပြိုကွဲရေးအက်ကြောင်းဖော်နေတါကလဲပြသနာအခြေခံထဲမှာပါပါတယ်။
    (၄)ယခု၂၀နှစ်ကျော်ကါလ။ဖွဲ့စည်းပုံကိုစံနစ်တကျြေ
    ငြာပြီးပြီ။ ဘယ်လိုရှေ့ဆက်မယ်ဆိုတါလဲနိုင်ငံတကါကသိနေပြီ။ တပ်မတော်မှာလဲအတော်လေးအမြင်ရှိတဲ့အင်အါးတရပ်ရှိနေပြီး နိုင်ငံကိုတဘက်သတ်ဇတ်လမ်းနဲ့သွါးလို့မရဘူးဆိုတါ
    လက်ခံနေကြပြီ။
    (၅)မတရားလုပ်မယ်ဆိုတါလဲခန့်မှန်းချက်ဘဲ သင့်တင့်လျောက်ပတ်တဲ့အခင်းအကျင်းနဲ့နိုင်ငံရေးပြုပြင်ပြောင်လွဲမှု့တွေလုပ်နိုင်ပြီးတဆင့်ထက်တဆင့်ဆက်တက်နိုင်မယ်ဆိုတါလဲခန့်မှန်းချက်ဘဲ။ ပကတိအနေအထါးနဲ့ဖြစ်နိုင်ချေကိုသုံးသတ်ရင်ဘယ်ခန့်မှန်းချက်ကအမှန်ဖြစ်ဘို့နီးစပ်သလဲ။ စဉ်းစါးတတ်ရင်သိကြမှာပါ။
    (၆) အကြမ်းဖက်မှု့တွေလုပ်မယ်ဆိုတါတွက်ထါးရမှာပါ။ အန်အယ်ဒီလက်ကျန်အမါအင်အါးစုနဲ့ယေါင်ဝါးဝါးတချို့
    တွေရဲ့အဆက်အသွယ်လမ်းကြောင်းကိုစေါင့်ကြည့်ဘို့လိုပါလိမ့်မယ်။ ငွေကြေးဆိုင်ရာလှုပ်ရှားမှု့ရှိတယ်လို့ကြားနေရပါတယ်။
    (၇)ခြုံပြောရရင်တေါ့စစ်တပ်ဟါအါဏါအခြေခံတည်ဆေါက်ပြီးအခွင့်ထူးခံဥာဉ်ဝင်ခဲ့တါအမှန်ဘဲ။အဲဒီလိုစစ်တပ်ဖြစ်ရတဲ့လမ်းကြောင်းပြန်ကြည့်ရင် မြန်မါနိုင်ငံရဲ့ပြည်တွင်းသေါင်းကျန်းမှု့နဲ့နိုင်ငံရေးဦးဆေါင်မှု့ တပ်လေ့ကျင့်မှု့နဲ့စီးပွါးရေးတွေတွေ့ရမယ်။ အကြွင်းမဲ့အါဏါဟါအပျက်ဆီးစေဆုံးဖြစ်တယ်ဆိုတါငြင်းမရဘူး။ စစ်တပ်ဆိုတါအရိုက်ကြမ်းတဲ့မျက်နှာပေါက်ဆိုးတဲ့ ခက်ထန်တဲ့စည်းကမ်းနဲ့အမိန့်ကိုအရေးထါးတဲ့ငါမှန်တယ်ငါကဆရာဆိုတဲ့ကျောင်းဆရာ။အုပ်ချုပ်ရေးမှူး။ တဘက်က ပြုံးပြုံးနဲ့ရရင်တွယ်မဲ့ ညီညီညွတ်ညွတ်မနေနိုင်တဲ့ယေဘုံယျအါးဖြင့်အရည်အချင်းညံ့ဖြင်းတဲ့ သူ။ ကြားထဲကတေါ့ကျောင်းသါးကျောင်းသူတွေပေါ့။
    ပေါ်လါမဲ့လွှတ်တော်နဲ့နိုင်ငံရေးအခင်းအကျင်းအနေအထါး။နောက်စီးပွါးရေးအခြေအနေနဲ့ပြည်တွင်းသေါင်းကျန်းမှု့အမြစ်ပြုတ်ခြင်းတွေဟါ တိုင်းပြည်ကိုကေါင်းတဲ့လမ်းကြောင်းပေါ်ပို့ပေးမယ်လို့ယူဆတယ်။
    သါမန်လူသါး

  • October 14, 2010 at 10:46 AM
    Anonymous :

    ဒီဘလော့က နအဖ အလိုကျ လိုက်ရေးနတဲ့ဘလော့ဘဲ။
    ပြည်သူတွေရဲ့ ပကတိ ခံစားချက်နဲ့ ဝေးလွန်းပြီး စစ်တပ်နဲ့ နီးစပ်လွန်းတယ်။ စစ်တပ်ဘက်ကို ပင်းလွန်းတယ်။ မအောင်မြင်နိုင်ဘူး။
    နောက်လာဖတ်စရာ မလိုတော့ဘူး။ တာ့ တာ . .