Tuesday, October 12, 2010

မြန်မာနိုင်ငံနှင့် ရွေးကောက်ပွဲ (၂)

9 comments

အခု ၂၀၁၀ ရွေးကောက်ပွဲမှာ လွှတ်တော် အသီးသီးမှာ ဝင်ပြိုင်မယ့် ပါတီ အသီးသီးက ကိုယ်စားလှယ်လောင်း အရေအတွက်ပေါ် မူတည်ပြီး ခန့်မှန်းထားတဲ့ အချက်အလက် တချို့ထွက်ပေါ်လာ ပါတယ်။ ဒီအချက် အလက် တွေကို တင်ပြလိုက်ပါတယ်။ အချက်အလက်တွေကို "မြန်မာ ရွေးကောက်ပွဲ သတင်းအချက်အလက်" ရဲ့ facebook စာမျက်နှာကနေ ရပါတယ်။

ပထမဆုံးတင်ပြချင်တာက အမျိုးသားလွှတ်တော်မှာ ဝင်ပြိုင်ကြတဲ့ ပါတီနဲ့ တသီးပုဂ္ဂလတွေရဲ့ အခြေအနေပါ။ အမျိုးသားလွှတ်တော်မှာ ရွေးကောက်ခံ ကိုယ်စားလှယ်တွေ အတွက် (၁၆၈)နေရာ ရှိပါတယ်။ မဲဆန္ဒနယ် အားလုံးမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ပြီးတော့ ဝင်ပြိုင်တဲ့ ပါတီအလိုက် အင်အားကတော့ ပုံမှာ မြင်တွေ့ရတဲ့ အတိုင်း ဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီ (USDP)က (၁၅၉) နေရာနဲ့ အင်အား အများဆုံး ဝင်ပြိုင်တာကို တွေ့ရပါတယ်။ ပြည်ခိုင်ဖြိုးက ဝင်မပြိုင်တဲ့ (၉)နေရာကလည်း သူ့ရဲ့ မဟာမိတ် ပါတီတွေ ပြိုင်ပါလိမ့်မယ်။ လက်ရှိ သိရတဲ့ အနေအထားအရ ပြည်ခိုင်ဖြိုးနဲ့ မဟာမိတ် ပြုထားကြောင်း သိရတာဟာ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ [ကချင်ပြည်နယ်](စဒက) (UDPKS) နဲ့ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ တို့ဖြစ်ပါတယ်။ USDP နဲ့ မဟာမိတ် ပြုထားတဲ့ အခြားပါတီများနဲ့ တသီးပုဂ္ဂလများလည်း ရှိနိုင်ပါသေးတယ်။ တစညပါတီ (NUP) ကလည်း (၁၅၁)နေရာ ဝင်ပြိုင်နိုင်တာ တွေ့ရပါတယ်။ USDP နဲ့ NUP မဟုတ်တဲ့ အခြားပါတီများနဲ့ တသီးပုဂ္ဂလများကတော့ စုစုပေါင်း (၁၇၁)ဦး ဝင်ပြိုင်ပါမယ်။ ဒါပေမယ့် သူတို့ကြားမှာ မဲဆန္ဒနယ် ထပ် နေတာတွေ အများအပြား ရှိတဲ့ အတွက် နေရာတချို့မှာ USDP (သို့မဟုတ်) NUP ကကိုယ်စားလှယ်လောင်းပဲ တက်လာမယ့် အနေ အထားပါ။ ဒီမိုကရေစီပါတီတွေ ပြိုင်သမျှ အနိုင်ရခဲ့မယ် ဆိုရင် ရွေးကောက်ပွဲ အပြီး အမျိုးသား လွှတ်တော်မှာ အခုလို မြင်တွေ့ရပါမယ်။















USDP ကပြိုင်ဘက်မရှိ အနိုင်ရလို့ လွှတ်တော်ထဲမှာ နေရာရပြီးသားက ၂ ရာခိုင်နှုန်း ရှိပါတယ်။ USDP နဲ့ NUP နှစ်ခုတည်း ပြိုင်ရပြီး တဖွဲ့ဖွဲ့ တက်လာမှာက ၂၀ ရာခိုင်နှုန်း ရှိပါတယ်။ ဒါပေမယ့် ဒီမိုကရေစီ ဘက်တော်သားတွေသာ ပြိုင်သမျှ အနိုင်ရခဲ့မယ်ဆိုရင် လွှတ်တော်ထဲမယ် ၅၃ ရာခိုင်နှုန်းတောင် အနိုင်ရနိုင်တာမို့ USDP နဲ့ NUP အမတ်တွေဟာ စစ်တပ်ကလာမယ့် ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ ပေါင်းရင်တောင် ၄၇ ရာခိုင်နှုန်းပဲ ရှိတာတွေ့ရပါတယ်။ ဒီအတိုင်းသာ ဖြစ်ခဲ့ရင် ရွေးကောက်ပွဲ အပြီး အမျိုးသား လွှတ်တော်မှာ တိုင်းရင်းသားတွေရဲ့ အသံ၊ ဒီမိုကရေစီအသံတွေ ကြားရဖွယ်ရှိပြီး အကောင်းမြင်နိုင်စရာ ရှိနေပါတယ်။ ဒါပေမယ့် ပါတီအသစ်တွေရဲ့ ငွေကြေးမပြည့်စုံမှု၊ အချိန်မလုံလောက်မှု၊ ကော်မရှင်မှ ကန့်သတ်မှု၊ USDP ရဲ့ အာဏာနဲ့ငွေ သုံးပြီး မဲဆွယ်မှု၊ ပြည်သူလူထုရဲ့ အကြောက်တရားလွှမ်းမိုးနေမှု၊ စသဖြင့် အကြောင်း အမျိုးမျိုးကြောင့် ဒီမိုကရေစီဘက်တော်သားတွေဟာ ပြိုင်သမျှ ရာနှုန်းပြည့် အနိုင်ရပီး လွှတ်တော်ထဲမှာ ၅၃ ရာခိုင်နှုန်းတောင် ရရှိလိမ့်မယ်လို့ မမျှော်လင့်ပါဘူး။ ဒါပေမယ့် တတ်နိုင်အမျှ ဒီမိုကရေစီ ပါတီတွေ လွှတ်တော်ထဲ များများရောက်အောင် တွန်းရပါလိမ့်မယ်။ ပြည်သူလူထုကို အကြောက်တရားကင်းကင်းနဲ့ လွတ်လွတ်လပ်လပ် မဲပေးနိုင်ကြောင်း၊ ရွေးကောက်ပွဲမှာ မတရားပြုမှုရင် တိုင်တန်း အရေးယူလို့ ရကြောင်း၊ တပ်မတော်သားများ အပါအဝင် ဝန်ထမ်းများ အားလုံး ကြိုက်နှစ်သက်ရာ လွတ်လွတ်လပ်လပ် လျှို့ဝှက် မဲပေးရမှာ ဖြစ်ကြောင်း၊ ပြည်သူတွေ နားလည်လာအောင် ကိုယ့်နီးစပ်ရာက စလို့ စည်းရုံးတိုက်တွန်း ကြရပါမယ်။ ပါတီတွေက မဲရုံတွေမှာ စောင့်ကြည့်ဖို့ ကိုယ်စားလှယ် မထားနိုင်ရင် မဲရုံကိုယ်စားလှယ် အဖြစ် ဆောင်ရွက်ပေးတာမျိုးကစလို့ ရွေးကောက်ပွဲ ဖြစ်စဉ် တခုလုံးမှာ မတရားမှုတွေကို စောင့်ကြည့်ပြီး အကယ်၍ ဥပဒေနဲ့ အညီ စည်းရုံးခြင်း မရှိခဲ့တဲ့ ကိုယ်စားလှယ်လောင်း တယောက် အနိုင်ရသွားတယ်ဆိုရင် တခြား ပါတီ တွေက တိုင်ကြားနိုင်အောင် ပါဝင်ပူးပေါင်း ကူညီပေးတဲ့ အထိ လုပ်ကြရပါလိမ့်မယ်။ ဒါမှသာ နိုင်ငံတော်က အရေးကြီးတဲ့ အချိန်တစ်ခုကို ဖြတ်သန်းနေချိန်မှာ ကျွန်တော်တို့ ခေတ်ရဲ့ သမိုင်းတာဝန်ကို ကျွန်တော်တို့ ကျေပွန်ပါလိမ့်မယ်။ ရွေးကောက်ပွဲက မည်သည့် ရလဒ် ထွက်ပေါ်လာသည် ဖြစ်စေ အဲဒီ့ ရလဒ်ရဲ့ ဆိုးမွေကောင်းမွေကို ခံစားရမှာ ပြည်တွင်းက ပြည်သူလူထုပဲ ဖြစ်တယ် ဆိုတာကို သတိပေးလိုပါတယ်။ တပါတီစနစ်နဲ့ အာဏာရှင်စနစ်အောက်မှာ ဆယ်စုနှစ် ၅ ခုခန့် နေလာရတဲ့ ပြည်သူတွေ အတွက် အကြောက်တရားလွှမ်းမိုးနေပြီး မိမိဆန္ဒအတိုင်း လွတ်လွတ်လပ်လပ် မဲပေးဖို့ကို တွေဝေနေကြ၊ ကြောက်လန့်နေကြဦးမှာပါ။ အဲဒါကို အသုံးချပြီး ခြိမ်းခြောက်မဲဆွယ်မှုတွေ ရှိနေသလို၊ ငွေကြေးအသုံးပြုပြီး မဲဝယ်တာတွေလည်း ရှိပါလိမ့်မယ်။ ဒါပေမယ့် ပြည်သူလူထု ရွေးချယ်မှု မှန်ကန်အောင် တတ်နိုင်သမျှ တိုက်တွန်းကြရပါလိမ့်မယ်။ ကျွန်တော်တို့မှာ အမျိုးသား လွှတ်တော်ထဲ ၅၃ ရာခိုင်နှုန်းလောက် ရောက်သွားနိုင်တဲ့ အခွင့်အရေး ရှိနေပါတယ်။ အကုန်မရောက်ပေမယ့် ဒီမိုကရေစီ ဘက်တော်သားတွေ များနိုင်သမျှ များများ ရောက်သွားရင် လွှတ်တော်မှာ လုပ်ချင်တိုင်း လုပ်လို့မရတဲ့ အနေအထား တရပ်၊ ထိန်းညှိပေးနိုင်တဲ့ အခြေအနေ တရပ်ဖြစ်သွား ပါလိမ့်မယ်။

ဆက်လက်ပြီး ပြည်သူ့လွှတ်တော် အတွက် ကိုယ်စားလှယ်လောင်းဝင်ရောက်ယှဉ်ပြိုင်မှု အနေအထားကို တင်ပြချင်ပါတယ်။














ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် စုစုပေါင်း (၃၃၀) ရှိပါတယ်။ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မဲဆန္ဒနယ် (၄)ခုရှိတဲ့ အတွက် (၃၂၆) နေရာ အတွက် ပြိုင်ကြမှာပါ။ USDP က (၃၁၇) ယောက်နဲ့ အများဆုံး၊ NUP က (၂၉၅) ယောက်နဲ့ ဒုတိယ ဖြစ်ပါတယ်။ USDP နဲ့ NUP မဟုတ်တဲ့ ပါတီတွေနဲ့ တသီးပုဂ္ဂလတွေ ပြိုင်သမျှ အနိုင်ရခဲ့ရင် ရွေးကောက်ပွဲ အပြီး ပြည်သူ့လွှတ်တော်ကို အခုလို မြင်ရပါလိမ့်မယ်။
















ပြည်သူ့လွှတ်တော်မှာတော့ ပြိုင်ဘက်မရှိ အနိုင်ရမယ့် မဲဆန္ဒနယ် မရှိတာ တွေ့ရတယ်၊ အနည်းဆုံး USDP ကိုယ်စားလှယ် တယောက်နဲ့ NUP ကိုယ်စားလှယ် တစ်ယောက် ပြိုင်ရမှာပါ။ ဒီမိုကရေစီ ဘက်တော်သားတွေ အနေနဲ့ ပြိုင်သမျှ မဲဆန္ဒနယ်တွေမှာ အနိုင်ရမှသာ လွှတ်တော်မှာ သူတို့ အင်အားကို ထိန်းညှိနိုင်မယ့် အနေအထားကို တွေ့ရပါတယ်။ ပြည်သူ့လွှတ်တော်မှာ ၃၆ ရာခိုင်နှုန်းဆိုတဲ့ အင်အားဟာ မသေးလှပါဘူး။ တဘက်မှာလည်း USDP နဲ့ NUP ဆိုတာ တပါတီတည်းလည်း မဟုတ်၊ မဟာမိတ်တွေလည်း မဟုတ်တာ တွေ့ရပါတယ်။ ဆိုလိုတာက အချိန်နဲ့ငွေ အခက်အခဲတွေ အများကြီးကြားထဲက ဝင်ပြိုင်ရတဲ့ ဒီရွေးကောက်ပွဲမှာတောင် ကျွန်တော်တို့တွေ မှန်မှန်ကန်ကန် ရွေးချယ်မှု ပြုနိုင်မယ် ဆိုရင် လွှတ်တော်ထဲရောက်သွားမယ့် အင်အားဟာ မဖြစ်စလောက်ကလေး မဟုတ်ဘူး ဆိုတာပါပဲ။ စစ်တပ်နဲ့ ပြည်ခိုင်ဖြိုးတွေ၊ မဆလဟောင်းတွေ ကြီးစိုးထားတဲ့ လွှတ်တော်မှာ ဒီမိုကရေစီ သမားတွေက နေရာလေး ၄၊ ၅၊ ၁၀ ယောက်လောက်နဲ့ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ အယူအဆတွေ ရှိခဲ့ပါတယ်။ အခုတော့ ပြည်သူတွေ ရွေးချယ်မှု မှန်ကန်ရင် ဒီမိုကရေစီသမားတွေ အင်အား ရာကျော် လွှတ်တော်ထဲ ရောက်သွားမယ့် အခွင့်အရေး ရှိနေပါပီ။

ဒီရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း စာရင်းတင်ဖို့ အချိန်ကို နည်းနည်းလေးတိုးပေးလိုက်ရုံနဲ့တင် ဝင်ပြိုင်မယ့် ဒီမိုကရေစီပါတီတွေဘက်က ကိုယ်စားလှယ်လောင်းတွေ ဒီ့ထက် ထပ်တိုးလာနိုင်တဲ့ အခြေအနေ ရှိခဲ့ပါတယ်။ နောက် တကြိမ်ရွေးကောက်ပွဲမှာ ဒီမိုကရေစီအင်အားစုတွေ အခုထက်ပိုပြီး အားကောင်းလာမယ်ဆိုတာ သံသယ ဖြစ်ဖွယ်မရှိပါဘူး။ တခုတောင်းဆို ချင်တာက ဒီမိုကရေစီပါတီတွေ အနေနဲ့ ရွေးကောက်ပွဲ မတိုင်ခင်မှာ အချင်းချင်း ဝေဖန် ပုတ်ခတ်ပြီး မညီမညွတ်ဖြစ်မယ့် ကိစ္စမျိုးတွေ ရှောင်ရှားပါ။ ရွေးကောက်ပွဲ အပြီး လွှတ်တော်မှာလည်း စုစုစည်းစည်းနဲ့ အင်အားစုတစ်ရပ် အဖြစ် ခိုင်ခိုင်မာမာ ရပ်တည်သွားပြီး ရွေးကောက်ပွဲလွန် နိုင်ငံရေး အခင်းအကျင်းကို ရင်ဆိုင်ကြပါလို့ တောင်းဆိုလိုက်ရပါတယ်။ အမျှော်အမြင်ကြီးကြီးနဲ့ ညီညွတ်ရေးကိုသာ ခိုင်မာအောင် တည်ဆောက်ကြပါ။ ကျွန်တော်တို့ အနေနဲ့ကတော့ ဒီရွေးကောက်ပွဲမှာ ပြည်သူတွေ မဲဆန္ဒကိုယ်တိုင် သွားပေးကြအောင်၊ ကြိုက်နှစ်သက်တဲ့ ကိုယ်စားလှယ်လောင်းကို ရဲရဲဝံ့ဝံ့ မဲပေးရဲအောင်၊ ရေတို အကျိုးစီးပွားပဲကို ကြည့်ပီး မဲပေးမမှားအောင် တတ်နိုင်တဲ့ဘက်က လှုံ့ဆော်သွားမယ်။ ဒီလို ပြည်သူတွေ မနစ်နာ စေဘဲ မိမိဆန္ဒကို လွတ်လွတ်လပ်လပ် ထုတ်ဖေါ်နိုင်အောင် ကူညီလှုပ်ရှားခြင်းသည် သာလျှင် ပြည်သူ့အတွက် လက်တွေ့အကျိုးရှိမယ့် နိုင်ငံရေးလို့ ခံယူထားပါကြောင်းဗျာ။
လေးစားစွာဖြင့်

ငြိမ်းချမ်းရေးလမ်း အဖွဲ့သားများ

9 comments:

  • October 12, 2010 at 4:02 PM
    Anonymous :

့မြန်မါ့နိုင်ငံရေးဟါအကွဲံအပြဲနဲ့ပြည့်နေတဲ့သမိုင်းဘဲလျောက်ခဲ့တယ်။မြန်မါတွေအချင်းချင်းသဘေါထါးကြီးစွါနဲ့အမျိုးသါးနိုင်ငံရေးကိုဦးတည်ဘို့လူကေါင်းနိုင်ငံရေးသမါးများများရှိဘို့လိုအပ်ပါတယ်။ ကိုယ်လက်လှမ်းမီသလေါက်တိုက်တွန်း အါးပေးပြီးရွေးချယ်မှု့မှန်ကန်အေါင်ကြိုးစါးကြပါ။အခြေခံခိုင်သွါးမှသါလျင်နောက်၁၀နှစ်မြန်မါနိုင်ငံမှာထူးခြားတဲ့အကျိုးအမြတ်အသီးအပွင့်တွေခံစါးရမယ်ဖြစ်ပါတယ်။ မဲမထည့်ဘို့ဆော်အော်နေတဲ့တိုင်းပြည်ကေါင်းမှာမမြင်လိုတဲ့ ဒီမိုအသနားခံလက်ဖြန့်ဇတ်ဆက်လက်လုပ်စါးဘို့ကြံနေကြသူများရဲ့ထိုးဇတ်ထဲမ၀င်မိကြအေါင်လက်လှမ်းမီသမျှကြိုးစါးကြရန်လိုအပ်ပါတယ်။ တိုက်ပွဲမပါရင်ဒီမိုမရဘူးဆိုတဲ့အနီလက်ကျန်အန်အယ်ဒီကိုရံနေတယ်ဆိုတဲ့သူများ မြန်မါပြည်လွတ်လပ်ရေးကိုအတုအယေါင်ဆိုပြီးတိုင်းဖျက်ပြည်ဖျက်တက်ညီလက်ညီလုပ်ခဲ့တါသမိုင်းမှာမပျောက်ပါဘူး။ မြန်မါအများစုအကင်းပါးကြပါတယ် ဦးဆေါင်မှု့ကေါင်းကေါင်းနဲ့ထိမ်းကြောင်းမှု့မှန်မှန်ပေးနိုင်တဲ့အစိုးရတရပ်ရှိလါတါနဲ့မြန်မါပြည်ကြီးပွါးပါပြီ။
    သါမန်လူသါး

  • October 12, 2010 at 4:13 PM

    ( တခုတောင်းဆို ချင်တာက ဒီမိုကရေစီပါတီတွေ အနေနဲ့ ရွေးကောက်ပွဲ မတိုင်ခင်မှာ အချင်းချင်း ဝေဖန် ပုတ်ခတ်ပြီး မညီမညွတ်ဖြစ်မယ့် ကိစ္စမျိုးတွေ ရှောင်ရှားပါ။ ရွေးကောက်ပွဲ အပြီး လွှတ်တော်မှာလည်း စုစုစည်းစည်းနဲ့ အင်အားစုတစ်ရပ် အဖြစ် ခိုင်ခိုင်မာမာ ရပ်တည်သွားပြီး ရွေးကောက်ပွဲလွန် နိုင်ငံရေး အခင်းအကျင်းကို ရင်ဆိုင်ကြပါလို့ တောင်းဆိုလိုက်ရပါတယ်။ )

    ဟုတ်ပါတယ်ဗျာ အဲဒီလိုဖြစ်စေချင်လို့လည်း မဲပေးမယ်လို့ ဆုံးဖြတ်ထားတာပါ။

    အရင်ဆုံး NLD မဝင်တော့ဘူးဆိုတော့ စိတ်ပျက် မိပါတယ်။

    တစ်ခါ NDF ပေါ်လာတော့လည်း အားတက်မိပါတယ်။

    သိပ်မကြာပါဘူး NDF ခေါင်းဆောင်ပိုင်း မကြေမလည် ဖြစ်ပြန်တော့ စိတ်ပျက်မိပြန်ပါရော။

    ဒီမိုကရေစီပါတီတွေ မိတ်ဆွေဖွဲ့ကြပြီ ဆိုတော့တစ်ခါ ဝမ်းသာမိပြန်ပါတယ်။

    လာပြန်ပြီ မိတ်ဆွေပါတီအတွင်း သဘောထား ကွဲပြန်ပြီဆိုတော့။

    ဘယ်လိုလဲဗျာ ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံရေး အခင်းအကျင်းကို စောင့်ကြည့်ရတာ ရိုလာကိုစတာ စီးနေရသလို ရင်ခုန်လှပါတယ်။ ရှေ့ရေးအတွက်လည်း ရင်လေးလှပါတယ်။ ပြည်သူတွေကို နှလုံးရောဂါ ဖြစ်အောင် မလုပ်ကြပါနဲ့။

    ဒီလိုအချိန်မျိုးမှာမှ ကိုယ့်အဖွဲ့အစည်းအတွင်း ကိုယ်ပါတီအတွင်း စည်းလုံးညီညွတ်မှုကို မထိန်းသိမ်းနိုင်ကြရင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့ ဘယ်လိုလုပ်ကြမှာလဲ။
    အကွဲအပြဲတွေကို စိတ်ပျက်လှပါပြီဗျာ။

    ပင်းယဦး

  • October 12, 2010 at 7:13 PM
    Anonymous :

    စစ်တပ်လဲကွဲတာဘဲ။
    လူပျက်ကလေးမောင်ခင်ညွန့် တယောက် သူလုပ်တဲ့ ရိုဒ်မက်ရွေးကောက်ပွဲ သူတောင်မကြည့်သွားလိုက်ရဘူး။ မဲလေးတောင်မပေးလိုက်ရဘူး။ ထောင်ဒဏ်အနှစ် ၄၀ ဆိုလား ၄၀၀ ဆိုလား ဟား ဟား ဟား

  • October 12, 2010 at 8:53 PM
    Anonymous :

    စစ်တပ်ကွဲလား နိုင်ငံရေးသမားတွေကွဲလား..
    နှစ် ၂၀ ကျော်တဲ့အထိ အနိုင်ရသူတွေဟာ စည်းလုံးသူတွေပေါ့.. မစည်းလုံးရင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ နှစ်၂၀ကျော်က သက်သေခံနေတယ်..

  • October 12, 2010 at 11:09 PM

    ကျွန်တော်ကတော့အဓိကတိုင်းပြည်အေးချမ်းသာယာ
    ဖွံဖြိုးတိုးတက်လာတာမြင်ချင်တယ်။
    ကျွန်တော်တို့ပြည်တွင်းမှာနေခဲ့သလောက်။အခုဘလော့
    တွေမှာရေးသားထားတွေကအခုပဲတိုင်းပြည်ပျက်တော့
    မလို၊အခုပဲတပြည်လုံးအုံကြွမှုကြီးဖြစ်တော့မလို။နဲ့တော်
    တော်တော်စိတ်ပျက်ဖို့ကောင်းတယ်။ကျွန်တော်ကတော့
    ပြည်တွင်းမှာဘာမှမဖြစ်ပါဘူးပုံမှန်ပါပဲ။စီးပွားရေးနဲနဲကြပ်
    တည်းတာကလွဲရင်ပေါ့။ဘာပဲပြောပြောရွေးကောက်ပွဲကို
    အမှန်ကန်ဆုံးရွေချယ်မှုပြုပြီမဲထည့်မယ်။ချက်ချင်းရေတွင်း
    တူးချက်ချင်းရေကြည်တော့သောက်လို့ဘယ်ရမလဲ။
    အခုဆိုပြည်တွင်းမှာနှစ်နှစ်ဆယ်လောက်နောက်ကျနေတဲ့
    ဆက်သွယ်ရေးဆိုင်ရာတွေချက်ချင်းမှီလာတယ်။
    အခုပြုပြင်ပြောင်းလဲလိုက်တဲ့အပေါ်မှာ
    မြန်မာပြည်သူသားတွေကအားလုံးနောက်ကျနေတာတွေ
    ချက်ချင်းဆိုသလိုမှီနိုင်မယ်လို့ယူဆတယ်။
    မှန်ကန်သောရွေးချယ်မှုကိုရွေးချယ်နိုင်ကျပါစေ။
    မှန်ကန်သောရွေးချယ်မှုဆိုတာမိမိထည့်မယ့်ပါတီက
    ပြည်သူကိုဒုတ်ခပေးမယ့်အဖွဲ့စည်းမဖြစ်ဖို့ဆိုတာပါပဲ။
    ခင်မင်စွာဖြင်
    ဒေါင်းမင်း

  • October 13, 2010 at 11:37 AM

    စစ်တပ် ကွဲလားမကွဲလားတော့မသိဘူး
    မျိုးဆက်သစ်တပ်မတော်ခေါင်းဆောင်လို့ပြောခဲ့တဲ့ န၀တ စစ်ဗိုလ် ၅၀ ကျော်ပြုတ်သွားပါပြီ။
    စစ်တပ် အကြီးအမှုး ဦးစီးချုပ်လုပ်တဲ့သူ တပည့်တွေက ရူးတယ်စွပ်စွဲ ဖြုတ်ပြစ်ခံရပါတယ်။
    နအဖ အတွင်းရေးမှုး(၁)၊ တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှုးက သူ့တဖွဲ့လုံး လူ ၂၀၀၀ကျော်နဲ့ ထောင်ထဲမှာ မသေမချင်း နောက်ထပ် နှစ် ၅၀ လောက်နေရပါဦးမယ်။
    စည်းလုံးညီညွတ်တဲ့ မြန်မာတပ်မတော် (စစ်တပ်)ရဲ့ အတွင်းသရုပ် မြင်လို့ ကြားလို့တောင်မကောင်းပါ။

  • October 13, 2010 at 4:22 PM
    Anonymous :

    အဲဒီ့ထက်ပိုဆိုးတာက နှစ် ၂၀ကျော် တော်လှန်နေတယ်ဆိုပြီး အဲဒီ့တော်လှန်ရေးသမားတွေ ရှုံးနိမ့်နေတာပဲ။ မြန်မာနိုင်ငံကို ဒီနေ့ဒီအခြေအနေရောက်အောင် ဖန်တီးသူတွေထဲမှာ တော်လှန်ရေးသမားဆိုတာတွေရဲ့ တာဝန်မယူနိုင်ဘဲ လုပ်ခဲ့တဲ့ လုပ်ရပ်တွေ အများကြီးပါတယ်။ စစ်တပ်က ကွဲနေတာတောင် ဒီနေ့အထိ အာဏာရထားတုန်းပါ။ အခု ပြောပုံအရဆိုရင် စည်းလုံးမှုပြိုကွဲတာတောင် အနိုင်ရနေတဲ့ စစ်တပ်ကို သိပ်ပြီး ချီးကျူးစရာတောင် ဖြစ်နေပါလား..။ ကိုယ့် အားနည်းချက်ကို အားနည်ချက်မှန်း မသိသေးတာကလဲ ဘယ်တော့မှ အနိုင်မရတဲ့ အမှားတခုပဲ။

  • October 13, 2010 at 7:11 PM
    မင်းဒင် :

    လာရောက်ဖတ်ရှုလေ့လာသွားကြောင်းပါ ခင်ဗျာ။

    လေးစားလျက်

ိမင်းဒင်

  • October 14, 2010 at 12:26 AM

    မနက်တုန်းက မိတ်ဆွေပါတီများ ပြန်လည်ပြေလည် သွားပြီတဲ့၊ ညနေကျတော့တစ်ခါ မိတ်ဆွေပါတီများ အဖွဲ့ကနေ ဒီငြိမ်းက နုတ်ထွက်လိုက်ပါပြီတဲ့။ အမျိုးမျိုးပါလား၊ တတ်လည်း တတ်နိုင်ကြပါပေရဲ့။

    ဒီငြိမ်း အဆိုအရ ပြဿနာက စီပွားရေးလုပ်ငန်းရှင် ဦးလှမောင်ရွှေနဲ့ NDF က ငွေကြေးပတ်သက်မှုရှိလို့တဲ့၊ တစ်ခါ ဦးလှမောင်ရွှေက စစ်အစိုးရနဲ့ နီးစပ်တဲ့လူ မို့လို့တဲ့၊ ဒါဆို NDF က စစ်အစိုးရနဲ့ သွယ်ဝိုက်ပြီး ပတ်သက်တယ်လို့ ယူဆရပြီး NDF နဲ့ မိတ်ဆွေဖွဲ့ရင် ဖွဲ့တဲ့ပါတီကို စစ်အစိုးရနဲ့ သွယ်ဝိုက် သွယ်ဝိုက်ပြီး ပတ်သက်နေတယ်လို့ ပြည်သူတွေက ထင်မြင်ယူဆ သွားမှာ စိုးလို့ပါတဲ့။ ဒါကြောင့် မပူးပေါင်းနိုင်ပါဘူးတဲ့။

    တယ်လည်းခက်ပါလား အမတ်မင်းလောင်းတို့ရယ်၊ ပြည်သူတွေ အဲဒီလောက် သဘောထား မသေးကြပါဘူး၊ ဘယ့်နှယ့် ခလေးတွေကျနေတာပဲ နင်မကြိုက်တဲ့လူကို ငါမခေါ်ဘူး အဲဒါကြောင့် နင်ငါ့ကို မုန့်ကျွေးရမယ် ဆိုသလို ပါပဲလား။

    ခင်ဗျားတို့ပဲ ပြည်သူတွေကို ပြောနေတာလေ ပေးတာယူ ကျွေးတာစား ခေါ်ရင်သွား မဲထည့်ရင်တော့ စဉ်းစား ဆိုတာလေ၊ အဲဒီလိုပဲပေါ့ဗျာ ခင်ဗျားတို့လည်း ပေးရင်ယူ လှုရင်လက်ခံ ရွေးကောက်ပွဲ ဥပဒေအတိုင်း သွား အဲ လွှတ်တော်ထဲ ရောက်ရင်တော့ ပြည်သူကို သစ္စာမဖောက်နဲ့ပေါ့ဗျာ။

    ကျွန်တော်တို့ လိုချင်တာက ပြည်သူအတွက် အကျိုး ရှိမယ်ဆိုရင် လွှတ်တော်အတွင်းမှာ ၂၅%သော တပ်မတော်သား ကိုယ်စားလှယ်နဲ့ပဲဖြစ်ဖြစ် ဘယ်ပါတီက ကိုယ်စားလှယ်နဲ့ပဲဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်ပြီး၊ ပြည်သူအတွက် အကျိုးမဲ့ စေမယ် ဆိုရင်တော့ ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ဆန့်ကျင်နိုင်မယ့် အတိုက်အခံ ကိုယ်စားလှယ်မျိုးကိုပါ။

    ပင်းယဦး