Monday, November 15, 2010

မြန်မာနိုင်ငံ၏ အနှစ်သာရ (၂)

0 comments
ကျွန်မတို့ မြန်မာနိုင်ငံရဲ့ သမိုင်းစာမျက်နှာတွေကို ပြန်လှန်ရင်း ဒုတိယအပိုင်းကို ဆက်လက်ရေးသားလိုပါတယ်။ ပထမ အပိုင်းမှာ ဖော်ပြခဲ့တာတွေရဲ့ အနှစ်ချုပ်ကတော့ ထေရဝါဒသာသနာတော်ဟာ မြတ်စွာဘုရားရှင် လက်ထက်တော်မှာတည်းက မြန်မာနိုင်ငံကို ရောက်ရှိခဲ့တာ ဖြစ်ကြောင်းကိုပါ။ အခု ဒုတိယအပိုင်းကို ဆက်ကြ ရအောင်ပါ။

ထေရဝါဒ ဗုဒ္ဓသာသနာတော်ကို အခြေခံပြီး မြန်မာတွေရဲ့ ယဉ်ကျေးမှုရယ်လို့ ဖြစ်လာခဲ့တာပါ။ ကျွန်မတို့ နှုတ်မှာ အမြဲတမ်း ပြောလေ့ရှိတဲ့ မင်္ဂလာတရားတော်နဲ့ အညီတို့၊ မင်းကျင့်တရားဆယ်ပါးနဲ့ အညီတို့ ၊ ဗြဟ္မစိုရ် တရားနဲ့ အညီတို့ ဆိုတာ ဗုဒ္ဓဟောကြားတော်မူခဲ့တဲ့ တရားတော်တွေကို မြန်မာဘာသာကို ပြောင်းလဲယူပြီး ခေတ်အဆက်ဆက် ကျင့်ကြံခဲ့ကြတာတွေပါ။ ဒီတရားတော်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်ထဲက ဟောကြားထားခဲ့တာတွေဖြစ်ပါတယ်။ ပြန်လည် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း မရှိဘဲ ဘုရားရှင် ဟောကြားထား ခဲ့တဲ့အတိုင်း ထေရ်အစဉ်အဆက် ထိန်းသိမ်းခဲ့ကြတဲ့ ထေရဝါဒ ဗုဒ္ဓသာသနာတော်ပါ။

ကျွန်မတို့တွေ ငယ်စဉ်ထဲက သင်ယူခဲ့ကြတဲ့ တပည့်ကျင့်ဝတ်၊ ဆရာ့ကျင့်ဝတ်၊ သားသမီးကျင့်ဝတ်၊ မိဘကျင့်ဝတ်က အစပြုလို့ လင့်ကျင့်ဝတ်၊ မယားကျင့်ဝတ်အထိ .. ကျင့်ဝတ်များဟာလဲ ဗုဒ္ဓတရားတော်များကို အခြေခံထားတာပဲ ဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားရှင်ဟာ လောကီရေးအတွက်ရော လောကုတ္တရာရေးအတွက်ပါ အကျိုးအာနိသင်အများကြီး ပေးစွမ်းနိုင်တဲ့ တရားတော်ကို ဟောကြားပေးခဲ့တာပါ။ ကျွန်မတို့ ထေရဝါဒဗုဒ္ဓ သာသနာတော်မှာ ဝိပဿနာတရားအားထုတ်ခြင်းမှ လွဲရင် အကောင်းဆုံးသော တရားဖြစ်တဲ့ မေတ္တာတရား ကိုသာ ဗုဒ္ဓသာသနာဝင်တိုင်း လက်တွေ့ ကျင့်သုံးနိုင်မယ်ဆိုရင် ကျွန်မတို့ မြန်မာနိုင်ငံဟာ အပြစ်ပြောစရာ မရှိအောင် အေးချမ်းတည်ငြိမ်နေမယ့် နိုင်ငံတနိုင်ငံပါပဲ။

ဒီနေရာမှာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အေးချမ်းမှု ကွာပါတယ်။ ဖွံ့ဖြိုးတယ်ဆိုတာ များသောအားဖြင့် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကိုပဲ ဦးတည်နေကြတာ များပါတယ်။ ဒီမှာ ရုပ်ပိုင်းဆိုင်ရာကို ဦးစားပေးလွန်းတဲ့အခါမှာ စိတ်ပိုင်း ဆိုင်ရာ မွန်းကြပ်မှုတွေများလာပါရော.. ဒါကြောင့်လဲ ကိုယ့်ကိုကိုယ်သတ်သေမှု အများဆုံးနိုင်ငံတွေဟာ အလွန် ဖွံ့ဖြိုးတိုးတက်နေပါတယ်ဆိုတဲ့ နိုင်ငံတွေ ဖြစ်နေတာပါ။ အေးချမ်းတယ်ဆိုရာမှာတော့ ရှိတာလေးနဲ့ အဆင်ပြေ ပြေ အေးအေးချမ်းချမ်းနေချင်တာမျိုးလေးပါ။ ရှိတာလေးနဲ့ နေတယ်ဆိုတဲ့ နေရာမှာ ရောင့်ရဲလို့ နေတာမျိုးလဲ ရှိသလို ပျင်းရိလို့ အလုပ်မလုပ်ချင်လို့ နေတာမျိုးလဲ ရှိပါတယ်။ အဲဒီ့ နှစ်မျိုးကို ခွဲခြားသိပြီး ရောင့်ရဲမှုမျိုးသာ ဖြစ်အောင် ကြိုးစားသင့်တာပါ။

မြတ်စွာဘုရားရှင်ဟာ အိန္ဒိယနိုင်ငံတွင်းမှာ ပွင့်တော်မူခဲ့ပေမယ့်လည်း ဒေသစာရီခရီးကြွတော်မူပြီး ကျွတ်ထိုက် သော ဝေနေယျများကို ချေချွတ်တော်မူခဲ့ပါတယ်။ ဒါကြောင့်လဲ မြန်မာနိုင်ငံမှာ သာသနာတော်ရဲ့ အထင်ကရ ရွှေတိဂုံစေတီတော်ကြီး တည်ရှိနေတာ မဟုတ်ပါလား။ ဒါပေမဲ့ အပိုင်း(၁) မှာ ဆိုခဲ့တဲ့အတိုင်း မဟာယာန၊ ဟိန္ဒူဘာသာတို့ ရောယှက်ထားတဲ့ အရည်းကြီး အယူဝါဒဟာ မြန်မာနိုင်ငံအထက်ပိုင်းကို အချိန်အတိုင်းအတာ တခုအားဖြင့် လွှမ်းမိုးထားခဲ့ပါတယ်။ ခြွင်းချက်အားဖြင့် အဲဒီ့အချိန်မှာ ဗုဒ္ဓသာသနာ လုံးဝမရှိဘူးဟု မဆိုလိုပါ။ အဲဒီ့ကာလဟာ ဗြဟ္မာ၊ ဗိဿနိုး၊ နတ်နဂါးနဲ့ အရည်ကြီးတွေကို ကိုးကွယ်နေကြတဲ့အချိန်လို့ မှတ်သားဖူးပါတယ်။ ဒါကြောင့်လဲ အမျိုးမျိုးသော ယဉ်ကျေးမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါကို သတိထားသိရှိတဲ့ အနော်ရထာမင်းမြတ်ဟာ စစ်မှန်သော အယူဝါဒတခုကို လိုလားတောင့်တခဲ့ပါတယ်။ ဒီအချိန်မှာ တောပစ်သွားတဲ့ မုဆိုးတဦး ထူးဆန်းတဲ့ အဝတ်အစားကို ဝတ်ဆင်ထားတဲ့ ပုဂ္ဂိုလ်တဦးကို တောတွင်းမှာ တွေ့ပြီး ရဟန်းဆိုတာ သိခဲ့ရာကနေ ပုဂံခေတ် မြန်မာနိုင်ငံတော်မှာ ထေရဝါဒဗုဒ္ဓသာသနာ ပြန်လည် တောက်ပထွန်းလင်းလာခဲ့တာပဲ ဖြစ်ပါတယ်။

ဆက်မည်........

(တပိုင်းတပိုင်း အရှည်ကြီး ရေးသားလျှင် ဖတ်ရှုသူ ငြီးငွေ့မည်ကို ကိုယ်ချင်းစာလျက် ဤမျှလောက်ပင် ရေးသား ပါမည်။ အပိုင်း (၁)မှာ highlight ပြခဲ့သော နိုင်ငံခြားဆက်ဆံရေးအကြောင်းကို နောက်ပိုင်းလာမည့် အပိုင်းများ တွင် ထည့်သွင်းရေးသားပါမည်။ တူသော အပိုင်းများကိုသာ ပေါင်းစည်းစေလိုသော ဆန္ဒဖြင့် ဖြစ်ပါသည်။ ရှေ့အပတ်တွင် အနော်ရထာ မင်းကြီး၏ သမိုင်းကြောင်းအကျဉ်းချုပ်နှင့် သာသနာပြုခြင်းတို့ကို ဆက်လက် ဖော်ပြပါမည်။)

စောနန်းမွန်


0 comments: